သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖင်လန် သမ္မတဟောင်း မာတီအက်ရှ်တီ ဆာရီ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရ


ဖင်လန်နိုင်ငံ သမ္မတဟောင်း မာတီ အက်ရှ်တီ ဆာရီ (Martti Ahtisaari) ကို နော်ဝေးနိုင်ငံ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက ဒီနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်အဖြစ် ရွေးချယ်လိုက်ပါတယ်။ အသက် ၇၁ နှစ်အရွယ် နိုင်ငံရေးသမား မာတီ အက်ရှ်တီ ဆာရီ ရဲ့ ထူးခြား လေးစားထိုက်တဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် Lisa Bryant ရဲ့ သတင်းပေးပို့ချက်တွေနဲ့အတူ ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

နိုဘယ်ငြိမ်းချမ်ရေးဆုရှင်အဖြစ် ရွေးချယ်ခံရတဲ့ မာတီ အက်ရှ်တီ ဆာရီ ဟာ ကုလသမဂ္ဂ သံတမန်အဖြစ် ရေရှည် တာဝန် ထမ်းဆောင်ခဲ့တဲ့ အချိန်က ကမ္ဘာတဝှမ်း ပဋိပက္ခတွေနဲ့ အတိဒုက္ခ ရောက်နေကြတဲ့ တိုင်းပြည်တွေမှာ ငြိမ်းချမ်ရေး ရအောင် စွမ်းအောင်ခဲ့သူ တဦး ဖြစ်တဲ့အကြောင်း နော်ဝေးနိုင်ငံ နိုဘယ် ကော်မတီက ကြေညာပါတယ်။ ဖင်လန်နိုင်ငံ သမ္မတအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ငြိမ်းချမ်းရေး လှုပ်ရှားသူတွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ The Crisis Management Initiative အဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အနှစ် ၂၀ အတွင်း နမ်မီးဘီးယား၊ အင်ဒိုနီးရှား၊ ကော်ဆိုဗို နဲ့ အီရတ် က ဒေသတွေက ပြင်းထန်ရှည်ကြာလှတဲ့ ပဋိပက္ခတွေကို ဖြေရှင်းရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍ က ပါဝင်ဆောင်ရွက်ခဲ့တဲ့ အကြောင်း နိုဘယ်ကော်မတီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နော်ဝေး ရုပ်မြင်သံကြားဌာန နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူက ၁၉၈၉ ခုနှစ်တွေနဲ့ ၁၉၉၀ ခုနှစ်တွေ အတွင်း အာဖရိက အနောက်တောင်ပိုင်း နိုင်ငံတခုဖြစ်တဲ့ နမ်မီးဘီးယား နိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွင်း သူ အောင်အောင်မြင်မြင် စွမ်းဆောင် ဆောင်ရွက်ခဲ့တာတွေကို မာတီ အက်ရှ်တီ ဆာရီ က ကိုးကား ပြောဆိုသွားတာပါ။ ဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်မှုတွေ ကနေ တောင်အာဖရိကနေ နမ်မီးဘီးယားနိုင်ငံ လွတ်လပ်ရေးရအောင် လမ်းဖွင့်ပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဖင်လန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ တာဝန်မယူခဲ့ခင်တုန်းက မာတီ အက်ရှ်တီ ဆာရီ ဟာ ကျောင်းဆရာတယောက်ပါ။ ၁၉၉၄ ခုနှစ် ဖင်လန် သမ္မတအဖြစ် ရွေးချယ်မခံရခင် ဖင်လန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ကုလသမဂ္ဂ ဒုတိယ အတွင်း ရေးမှူးချုပ် တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာ ဟယ်လ်ဆင်ကီ အခြေစိုက် The Crisis Management Initiative အဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ ကမ္ဘာတဝှမ်း ပဋိပက္ခတွေ အဆုံးသတ်ရေး အတွက် အဖြေရှာနိုင်ဖို့ ကြိုးပမ်းတဲ့ အဖွဲ့တခုဖြစ်ပါတယ်။

ဒီနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဖင်လန်သမ္မတဟောင်း မာတီ အက်ရှ်တီ ဆာရီ ပတ်သက်ပြီး ဖင်လန်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာ့အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ ကိုသန့်ဇင်ထွန်းက အခုလို ပြောဆိုပါတယ်။

"သူ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန်မှာ မြန်မာနိုင်ငံသားတွေ ဖင်လန်နိုင်ငံကို လာပြီး နေနိုင်ဖို့ ကိစ္စကို ဆောင်ရွက်ခဲ့ပါတယ်။ သက္ကရာဇ် ၂၀၀၀ ခုနှစ်မှာ သူက ကျနော်တို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေထဲက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ တခြား စီးပွားရေး အခက်အခဲ တွေကြောင့် မြန်မာပြည်က ထွက်လာတဲ့ ဒုက္ခသည်တွေကို ဖင်လန်နိုင်ငံမှာ လက်ခံနိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။"

ဖင်လန်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာ့အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ ကိုသန့်ဇင်ထွန်းက နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မာတီ အက်ရှ်တီ ဆာရီနဲ့ ပတ်သက်လို့ ပြောသွားတာပါ။ ပြီးခဲ့တဲ့နှစ်က နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမေရိကန် ဒုသမ္မတဟောင်း အယ်လ်ဂိုး (Al Gore) က ကမ္ဘာတဝှမ်း ခြိမ်းခြောက်နေတဲ့ ရာသီဥတု ပြောင်းလဲမှုတွေကို အာရုံစူးစိုက်ဖို့ လှုပ်ရှားနေတဲ့ ကုလသမဂ္ဂ အဖွဲ့နဲ့အတူ ရရှိခဲ့ပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် တိုက်ပွဲဝင် ကြိုးပမ်းရာမှာ စံနမူနာ ထားရမယ့် သူတွေကို နိုဘယ် ငြိမ်းချမ်းရေး ဆုချီးမြင့်တယ်လို့ နော်ဝေး နိုဘယ်ကော်မတီက ကြေညာခဲ့ဖူးပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ၁၉၉၁ ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆု ချီမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG