သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေးဈေးကွက် တည်ငြိမ်ရေး စီမံချက် ထိပ်သီး နိုင်ငံများ သဘောတူ


စက်မှုထိပ်သီး ၇ နိုင်ငံက ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးတွေ မနေ့က သောကြာနေ့ ဝါရှင်တန် မြို့တော်မှာ တွေ့ဆုံခဲ့ကြပြီး နောက်ပိုင်း ကမ္ဘာ့ ငွေကြေးဈေးကွက် တည်ငြိမ်ရေးအတွက် အချက် ငါးချက်ပါ စီမံချက်တွေကို သဘောတူခဲ့ကြပါတယ်။ ကမ္ဘာ့ငွေကြေးဈေးကွက် နှစ်သုံးဆယ်အတွင်း အနိမ့်ကျဆုံး အခြေအနေ ရောက်ခဲ့ပြီးတဲ့နောက် အခုလို စက်မှု ထိပ်သီးနိုင်ငံတွေ အရေးပေါ် တွေ့ဆုံခဲ့ကြတာပါ။ VOA သတင်းထောက် Barry Wood သတင်းပေးပို့ ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ဥရောပ၊ မြောက်အမေရိကနဲ့ ဂျပန်နိုင်ငံက ထိပ်တန်းအရာရှိတွေအကြား ငွေကြေး ဈေးကွက် တည်ငြိမ်ရေးနဲ့ ယုံကြည်မှု ပြန်လည် တည်ဆောင်နိုင်ဖို့ ပူးတွဲ လှုပ်ရှားမှု စီမံချက်တွေ သဘောတူညီခဲ့ကြတာပါ။ ဘဏ်တွေ တခုနဲ့တခု ငွေချေးငှား နိုင်ဖို့၊ ချေးငွေကို ထုတ်သွင်းလို့ မရအောင် ဆိုင်းထားတာမျိုးတွေ မလုပ်ဖို့ ပူးပေါင်းဆောင်ရွက်မယ် ဆိုပြီးတော့လည်း ကတိကဝတ်တွေ ပေးခဲ့ကြပါတယ်။

ကမ္ဘာ့ငွေကြေး စနစ်ကို ထိခိုက်စေနိုင်တဲ့ ဘဏ်တွေ ပြိုပျက်ပြီး ငွေကြေးအဖွဲ့အစည်းတွေ ဒေဝါလီ ခံရတာတွေကို ကာကွယ်ဖို့ စိတ်ကြိုက် လုပ်ပိုင်ခွင့် လုပ်နိုင်ခြေ နည်းလမ်းအားလုံးကို သုံးပြီး ကာကွယ်ဖို့လည်း ကတိတွေ ပေးခဲ့ကြပါတယ်။ ငွေကြေး အပ်နှံသူတွေ အနေနဲ့ သူတို့ငွေတွေ ဆုံးရှုံးမှာ မကြောက်ရတဲ့ စိတ်ချ လက်ချ ယုံကြည်မှုတွေ ရဖို့ အပ်နှံငွေ အတွက် အာမခံကို တိုးမြှင့်မယ်လို့ ဆိုပါတယ်။ နောက်ဆုံးတော့ အိမ်ဝယ်မယ့် သူတွေအတွက် ပေးနိုင်မယ့် ငွေကြေး ဆက်ပြီး ရှိနေနိုင်အောင် မဖြစ်မနေ လုပ်ဆောင်မယ် ဆိုပြီး ကတိပေးခဲ့ကြတာဖြစ်ပါတယ်။

မနေ့က ဝါရှင်တန်မှာတွေ့ဆုံကြတဲ့ အင်အားကြီး ထိပ်သီးနိုင်ငံတွေဟာ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်၊ အီတလီနဲ့ ကနေဒါနိုင်ငံတွေ ဖြစ်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ တရက်ကြာ အစည်းအဝေးကို ဘဏ္ဍာရေး ဝန်ကြီးတွေတင် တက်ရောက်တာ မဟုတ်ပါဘူး။ ဗဟိုဘဏ် အကြီးအကဲတွေလည်း တက်ရောက်ပါတယ်။ ဥရောပ ယူရို ငွေကြေးကို သုံးစွဲတဲ့ ဥရောပနိုင်ငံ ၁၅ နိုင်ငံက ဘဏ်အကြီးအကဲတွေလည်း တက်ရောက်ပါတယ်။ ဒီအစည်းအဝေးကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဟင်နရီပေါ်လ်ဆန်င် သဘာပတိအဖြစ် ဆောင်ရွက်ပါတယ်။

“လူတိုင်းက သဘောထားတခုတည်းကိုပဲ ပြောဆိုသွားတာကို ကျနော် တွေ့ရပါတယ်။ ကျနော်တို့ ကိုင်တွယ် ဖြေရှင်းရမယ့် အရေးကိစ္စတွေကတော့ တယောက်ဆီကတယောက် လေ့လာ။ အမြဲတစေ ဆက်သွယ်ဆောင်ရွက်နေဖို့ ဆိုတာပါပဲ၊ ဒီ ကိစ္စတွေကို ရှေ့ကို တိုးတက်အောင် ဆောင်ရွက်ဖို့ အမြန်ဆုံး လုပ်ဆောင်ကြရအောင်ပါ။”

ကမ္ဘာ့ငွေကြေးဈေးကွက် ၁၅ % ကနေ ၁၈ % အထိ အရှုံးပေါ်ခဲ့တဲ့ သီတင်းပတ်အတွင်းမှာ စက်မှုထိပ်သီး ၇ နိုင်ငံ တွေ့ဆုံခဲ့ကြတာပါ။ နှစ်ပေါင်းသုံးဆယ်အတွင်း ဈေးကွက် အခြေအနေ အဆိုးဆုံးအနေအထား ရင်ဆိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။ ငွေချေးလုပ်ငန်းတွေ ပုံမှန် မလည်ပတ်နိုင်တော့မယ့်၊ ချေးငွေတွေ ဆိုင်းထားရတော့မယ့် အခြေအနေကြောင့် လူတွေ ဘဏ္ဍာရေးအရ အထိတ်တလန့် ဖြစ်ခဲ့ကြတာတွေကို ကမ္ဘာ့နေရာတိုင်း လိုလိုမှာ ကြုံတွေ့ခဲ့ရပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဟင်နရီပေါ်လ်ဆန်င် ကတော့ ငွေကြေးဈေးကွက် မတည်ငြိမ်မှုတွေ ဆက်ပြီး ရှိနေအုံးမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့်လည်း တည်ငြိမ်အောင် ထိမ်းသိမ်းနိုင်မယ်လို့ သူ့အနေနဲ့ ယုံကြည်တဲ့အကြောင်း ပြောပါတယ်။

“တယောက်နဲ့တယောက် ဒီထက်ပို ဆက်နွယ်ပေါင်းစပ်ပြီး ဒီထက်မှီခိုရတဲ့ အနေအထားမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။ ဒါဟာ တကယ့်ကို စစ်မှန်တဲ့ ကမ္ဘာ့ဈေးကွက်ပါ။ ဒါဟာစစ်မှန်တဲ့ ကမ္ဘာ့စီးပွားရေးပါ။ ဘယ်နေရာမဆို တိုးတက်မှု ရှိလာရင် ကျနော်တို့အားလုံးကို အထောက်အကူ ဖြစ်တာပါပဲ၊ ဘယ်နေရာမဆို အားနည်းချက်တွေ ရှိလာခဲ့ရင်လည်း ကျနော်တို့ အားလုံးကို ထိခိုက်စေပါတယ်။”

ငွေထုတ်ချေးတဲ့ ချေးငွေဈေးကွက်ဟာ ဟန့်တားပိတ်ဆို့မှုတွေ ကြုံနေရတယ် ဆိုတာကို ဟန်န်ရီပေါ်လ်ဆန်င် က ဝန်ခံ ပြောဆိုပါတယ်။ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ ပိုပြီး လုပ်ဆောင်ရလိမ့်မယ်လို့ ပြောပါတယ်။

“အလွယ်တကူ ငွေသား ထုတ်ယူနိုင်တဲ့ နေရာတွေမှာ ကျနော်တို့ ပိုပြီး အားစိုက် ကူညီရပါလိမ့်မယ်။ ဒါက မဖြစ်မနေလုပ်ဖို့ တွန်းအားပေးတာ ခံနေရပါတယ်။ ရေတိုမှာ ကျနော်တို့ ရင်ဆိုင်နေရတဲ့ ကိစ္စပါ။”

ဒီနေ့ စနေနေ့ မှာတော့ နေရာအနှံ့က ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ ဘဏ္ဍာရေးဌာန အရာရှိတွေ တွေ့ဆုံဖို့ ရှိပါတယ်။ စက်မှု အင်အားကြီးနိုင်ငံ ၇ နိုင်ငံတင် မဟုတ်ဘဲ ရုရှား၊ တရုတ်၊ အိန္ဒိယ နဲ့ အခြား ဖွံ့ဖြိုးဆဲနိုင်ငံ တွေလည်း ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း နဲ့ပတ်သက်လို့ ဆွေးနွေးကြမှာပါ။ သမ္မတ ဘုရှ် နဲ့လည်း တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG