သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို အကြမ်းဖက်ဝါဒ နာမည်ပျက်စာရင်းက ဖယ်ရှား


မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားလက်နက်အစီအစဉ် အဆုံးသတ်ရေး ခြောက်နိုင်ငံဆွေးနွေးပွဲတွေ ပြန်စဖို့ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ သဘောတူလိုက်ကြပါပြီ။ မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယားဆိုင်ရာ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ အတည်ပြုနိုင်ရေးအတွက် အာမခံချက်အသစ်တွေ ပေးလာတဲ့အပေါ် အပြန်အလှန် အားဖြင့် အကြမ်းဖက်မှုကို အားပေးအားမြှောက်လုပ်တဲ့ နိုင်ငံတွေ စာရင်းထဲကနေ မြောက်ကိုရီးယားကို ဖယ်ရှားလိုက်ပြီလို့ သမ္မတဘုရှ်အစိုးရက စနေနေ့ မှာပြောပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

အခုသဘောတူညီချက်ဟာ သီတင်းပတ်အတော်ကြာ အဆင့်မြင့် သံတမန်ရေး ဆွေးနွေးပွဲတွေရဲ့ ရလဒ်ဖြစ်တယ်လို့ ဗွီအိုအေသတင်းထောက် David Gollust ပေးပို့တဲ့သတင်းထဲမှာ ဖော်ပြထားပါတယ်။ အကူအညီနဲ့ သံတမန်ရေးရာ အကျိုးအမြတ်တွေအတွက် မြောက်ကိုရီးယားက နျူကလီးယားအစီအစဉ်ကို ဖျက်သိမ်းဖို့ရာမှာ အတည်ပြုဖို့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး သဘောတူညီမှု ပျက်လုနီးပါး အငြင်းပွားနေတာတွေ အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ နျူကလီးယား စေ့စပ်ညှိနှိုင်းရေးမှူးချုပ် ခရစ္စတိုဖာ ဟေးလ် လွန်ခဲ့တဲ့ သီတင်းတပတ်မှာ ပြုံယမ်း မြို့တော် သွားပြီး ဆွေးနွေးခဲ့တာအပါအဝင် စေ့စပ်ညှိနှိုင်းမှုတွေရဲ့ အကျိုးရလဒ်အဖြစ် သဘောတူညီချက်ရခဲ့တာ ဖြစ်တယ်လို့ ဘုရှ် အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဇွန်လမှာ မြောက်ကိုရီးယားက ကြေညာခဲ့တဲ့ နျူကလီးယား အစီအစဉ်အပေါ် အတည်ပြုနိုင်ရေး အဓိကကျတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေပါဝင်တဲ့ လုပ်ဆောင်မှု တသီတတန်းကို မြောက်ကိုရီးယားက သဘောတူလိုက်ပါတယ်။

သဘောတူညီချက်အရ အမေရိကန်က မြောက်ကိုရီးယားကို အကြမ်းဖက်မှုဆိုင်ရာ နာမည်ပျက် စာရင်းကနေ ဖယ်ရှားပေးမယ်၊ အပြန်အလှန်အနေနဲ့ မြောက်ကိုရီးယားက ယုန်ဗြောင်း ဓာတ်ပေါင်းဖိုကို ပြန်လည်ပတ်မယ်ဆိုပြီး မကြာသေးခင်က ကြေညာထားတာကို မလုပ်တော့ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ရှောင်န် မက်ကောမက် (Sean McCormack) က ပြောပါတယ်။

“အကြမ်းဖက်ဝါဒကို အားပေးအားမြှောက်လုပ်တဲ့ နိုင်ငံတခုအဖြစ် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံအပေါ် သတ်မှတ်ထားတာကို နိုင်ငံခြားရေးဝန်ကြီးက လက်မှတ်ထိုး ဖယ်ရှားပေးလိုက်ပြီ ဖြစ်ပါတယ်။ မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယား စက်ရုံတွေ ဖျက်သိမ်းတာကို ပြန်စမယ်လို့ ပြောပါတယ်။ ဒါဟာ အလုပ်ကို အလုပ်နဲ့ သက်သေပြရမယ် ဆိုတဲ့ ခြောက်နိုင်ငံရဲ့ မူဝါဒ အလုပ်ဖြစ်တယ် ဆိုတာ ပြသတာပါပဲ။”

အကြမ်းဖက်ဝါဒဆိုင်ရာ နာမည်ပျက်စာရင်းကနေ ဖယ်ရှားပေးမယ်ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ပေးခဲ့တဲ့ကတိကို အမေရိကန်က ဖောက်ဖျက်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲပြောဆိုပါတယ်။ အမေရိကန်ဘက်က ကျတော့လည်း ဒီလို ဖယ်ရှားပေးဖို့ ကိစ္စဟာ နျူကလီးယား အစီအစဉ်ကို အတည်ပြု သက်သေထူနိုင်ရေး မြောက်ကိုရီးက ပေးမယ့် လုပ်ငန်းအစီအစဉ်ပေါ်မှာ အမြဲတမ်း မူတည်နေတယ်လို့ ပြောခဲ့ပါတယ်။

သဘောတူညီလိုက်တဲ့ အတည်ပြု သက်သေထူနိုင်ရေး လုပ်ငန်းစဉ်ထဲမှာ ဟိုးအစောပိုင်းမှာ ကတည်းက အမေရိကန်က တောင်းဆိုလာခဲ့တဲ့ မြောက်ကိုရီးယားက မကြေညာသေးတဲ့ နျူကလီးယား စက်ရုံနေရာတွေကို သွားရောက်ခွင့် အပါအဝင် အချက်အလက် အားလုံး ပါဝင်တယ်လို့ သတင်းထောက်တွေကို ရှင်းလင်းပြောကြားတဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဂျွန် ဘိုလ်တန် အပါအဝင် သမ္မတဘုရှ် အစိုးရကို ဝေဖန်သူတွေကတော့ နိုင်ငံခြားရေးဌာနဟာ နျူကလီးယားအရေး ဆွေးနွေးပွဲ ဆက်သွားနေနိုင်အောင် လုပ်တဲ့အနေနဲ့ အတည်ပြု သက်သေ ထူနိုင်ရေး လုပ်ငန်းစဉ်ကို လျှော့ပေါ့ပေးပြီး နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အောင်မြင်မှုတခုအဖြစ် ကြွေးကျော်နေတယ်လို့ ပြောပါတယ်။ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း ဂျွန် မက်ကိန်းက လည်း အလားတူမှတ်ချက်မျိုး သောကြာနေ့မှာ ပြောပါတယ်။

သဘောတူညီချက်မှာ အမေရိကန်အစိုးရက လိုချင်တဲ့ အချက်အလက် အားလုံးပါဝင်ပြီး ပြည်တွင်းနိုင်ငံရေးပေါ် အခြေခံ စဉ်းစားတာ မဟုတ်ဘဲ အမေရိကန် အမျိုးသားအကျိုးစီးပွားပေါ် အခြေခံစဉ်းစားခဲ့တာ ဖြစ်တယ်လို့ မက်ကောမက် က ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းရှင်းရေး ရည်မှန်းချက်ကို အဆုံး တနေ့မှာရရှိဖို့ အခု ဆုံးဖြတ်ချက်တွေက အထောက်အကူဖြစ်စေမှာ မဟုတ်ဘူးဆိုရင် သမ္မတ နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ ဒီလိုဆုံးဖြတ်ချက်မျိုးတွေ ချမှတ်မှာ မဟုတ်ပါဘူး။ ထပ်ပြောပါရစေ၊ ဒီသဘောတူညီချက်ဟာ မူဝါဒကို အပေးအယူမလုပ်ဘဲ ရယူခဲ့တာပါ။”

အကြမ်းဖက်ဝါဒဆိုင်ရာ နာမည်ပျက် စာရင်းထဲကနေ မြောက်ကိုရီးယားကို ဖယ်ရှားလိုက်တာဟာ ဂျပန်နိုင်ငံရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်သလို ဖြစ်တဲ့အကြောင်း သမ္မတလောင်း မက်ကိန်း အပါအဝင် တချို့က ပြောကြပါတယ်။ ၁၉၇၀ နဲ့ ၈၀ ပြည့်နှစ်တွေမှာ မြောက်ကိုရီးယားက ပြန်ပေးဆွဲ ဖမ်းဆီးသွားခဲ့တဲ့ ဂျပန်နိုင်ငံသားတွေနဲ့ပတ်သက်ပြီး ရှင်းလင်းချက်ပေးဖို့ ဂျပန်နိုင်ငံက ဖိအားပေး တောင်းဆိုနေတာပါ။

ပြန်ပေးဆွဲကိစ္စအပေါ် ဂျပန်ရဲ့ ရပ်တည်ချက်ကို အမေရိကန်က အကြွင်းမဲ့ထောက်ခံပြီး ပြန်ပေးဆွဲခံရသူ ဂျပန် နိုင်ငံသားတွေနဲ့ မိသားစုတွေ ခံစားရတာတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူးလို့ မက်ကောမက် က ပြောပါတယ်။

အကြမ်းဖက်ဝါဒဆိုင်ရာ ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုကနေ မြောက်ကိုရီးယားကို ဖယ်ရှားလိုက်ပေမယ့် ၂၀၀၆ ခုနှစ် နျူကလီးယား လက်နက် စမ်းသပ်မှုနဲ့ပတ်သက်တဲ့၊ နျူကလီးယား ပြန့်ပွားစေတာတွေနဲ့ ပတ်သက်တဲ့၊ လူ့အခွင့်အရေး မှတ်တမ်းတွေနဲ့ ပတ်သက်တဲ့ ဒဏ်ခတ် အရေးယူမှု အများအပြားကတော့ ဒီတိုင်း ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့လည်း မက်ကောမက် က ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် တရို့ အဆို့ ဆီ စနေနေ့မနက်က တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောဆိုရာမှာလည်း သမ္မတ ဘုရှ်က အလားတူ အချက်တွေကို ပြောခဲ့တဲ့အကြောင်း သမ္မတ အိမ်ဖြူတော် က ဆိုပါတယ်။

ဒီမိုကရက်တစ်သမ္မတလောင်း ဘရက် အိုဘားမားရဲ့ ထုတ်ပြန်ချက်မှာ ဒီသဘောတူညီချက်ကို ရှေ့တဆင့်တက် ခြေလှမ်း တရပ် အဖြစ် ခေါ်ဆိုထားပါတယ်။ မြောက်ကိုရီးယားက သူလုပ်ဆောင်ရမှာတွေကို ပျက်ကွက်တယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေ ချက်ခြင်း ဖြစ်လာမယ်ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်မှုရှိထားသရွေ့ အကြမ်းဖက်ဝါဒဆိုင်ရာ နာမည်ပျက် စာရင်းထဲကနေ မြောက်ကိုရီးယားကို ဖယ်ရှားလိုက်တာဟာ သင့်လျော်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ဘရက် အိုဘားမားက ပြောကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG