သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားရေး အတူတကွ လုပ်ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းခဲ့ဖူး


မြန်မာနိုင်ငံပေါ်မှာ အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုကို ရုပ်သိမ်းနိုင်အောင် အတူတကွ လက်တွဲလုပ်ဆောင်ဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရကို ကမ်းလှမ်းခဲ့ဖူးတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က အခုလို ကမ်းလှမ်းဖူးတယ် ဆိုတာကို NLD က ပထမဆုံး အကြိမ် ထုတ်ဖော်ပြောဆိုတာလည်း ဖြစ်ပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

မြန်မာနိုင်ငံပေါ်မှာ စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်အောင် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုတာ ဖြစ်တယ်လို့ မြန်မာအစိုးရဘက်က မကြာခဏဆိုသလို စွပ်စွဲပြောဆိုလေ့ရှိပါတယ်။ ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး ဗွီအိုအေ မြန်မာ ပိုင်းရဲ့ စနေနေ့ညဘက် တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက တုန့်ပြန်ပြောဆိုခဲ့တာပါ။

“အခု တွေ့ဆုံဆွေးနွေးရေးအတွက် sanction တို့ဘာတို့ ရုပ်သိမ်းပေးပါလို့ ပြောတယ်။ အဲဒီကိစ္စတွေဟာ ကိုယ်မလုပ်ဘဲနဲ့ ကိုယ်လည်း တာဝန်မရှိဘဲနဲ့ ရုပ်သိမ်းပေးလို့ မရဘူး။ ဒါ ကျနော်တို့ တကယ်တမ်း အဲဒါနဲ့ပတ်သက်ပြီး ဘာအကြောင်းပြန်လဲ ဆိုတာကိုပဲ ကျနော် ဒီနေရာမှာ ပြောမယ်။ ဒီဘက်က ကျနော်တို့ ခေါင်းဆောင်က အကြောင်း ပြန်တာက အဲဒီကိစ္စတွေ တိုင်းပြည်အတွက် နစ်နာတယ် ဆိုရင် အဲဒီ sanction တို့ဘာတို့ အကုန်လုံး ရုပ်သိမ်းသွားဖို့ကို အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ အကြောင်း ပြန်တယ်။ ဒီ့ထက်ကောင်းတဲ့ အကြောင်းပြန်ချက် ကျနော်တို့ မရှိဘူး ထင်ပါတယ်။”

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းပါ။

မကြာသေးခင်က ကျင်းပပြီးစီးသွားတဲ့ (၆၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက မြန်မာနိုင်ငံပေါ် စီးပွားရေးအရ ဒဏ်ခတ်အရေးယူထားတာဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်ကြောင်း၊ တန်ပြန်သက်ရောက်မှုတွေ ဖြစ်စေကြောင်း၊ နိုင်ငံတကာဥပဒေတွေနဲ့ ဆန့်ကျင်သလို ကိုယ်ကျင့်သိက္ခာ နဲ့လည်း ကိုက်ညီခြင်း မရှိကြောင်း၊ စီးပွားရေးအရ အရေးယူမှုကို မြန်မြန်ရုပ်သိမ်းလေ၊ မြန်မာနိုင်ငံဟာ ဒေသတွင်း စပါးကျီတခု အမြန်ဆုံး ပြန်ဖြစ်လာဖို့ အလားအလာနဲ့ နီးစပ်လေဖြစ်ကြောင်း စသည်ဖြင့် ပြောဆိုသွားပါတယ်။

ဒါပေမယ့် ဝေဖန်သူတွေကတော့ မြန်မာနိုင်ငံ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျရတာဟာ ဒဏ်ခတ် အရေးုယူမှု သက်သက်ကြောင့်မဟုတ်ဘဲ မြန်မာစစ်အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့်လည်း ပါဝင်တယ်လို့ ထောက်ပြကြပါတယ်။ မြန်မာ့အရေး စောင့်ကြည့်လေ့လာသူတဦးဖြစ်တဲ့ ကိုစောကပိ က ဒဏ်ခတ် အရေးယူထားတာတွေကို ရုပ်သိမ်းလိုက်ရုံနဲ့ မြန်မာ့ စီးပွားရေး တိုးတက်လာဖို့ဆိုတာကတော့ ဖြစ်နိုင်ခြေမရှိဘူးလို့ သုံးသပ်ပါတယ်။

“စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တခုတည်းကို လုပ်တယ်ဆိုတာ ဒီတိုင်းပြည်ထဲမှာ ရှိတဲ့ တကယ့် institutions လို့ခေါ်တဲ့ ဥပဒေအရပဲ ဖြစ်ဖြစ်၊ စီးပွားရေး လုပ်ကိုင်နိုင်တဲ့ လုပ်ထုံးလုပ်နည်း၊ တိုင်းပြည်ရဲ့ အခြေအနေ၊ တိုင်းပြည်ရဲ့ နိုင်ငံရေး အခြေအနေရယ်၊ တိုင်းပြည်ရဲ့ ဥပဒေရေးရာ ဥပဒေစိုးမိုးမှု အခြေအနေရယ် ဒီတိုင်းပြည်တွင်းမှာ ရှိတဲ့ လူသားရင်းမြစ် ပေါ့လေ။ ဒါတွေကို ဖွံ့ဖြိုးတိုးတက်မှု အခြေခိုင်လာအောင် တဆင့်ပြီးတဆင့် လုပ်ဆောင်ရတာလေးတွေ ရှိပါတယ်။ ဒီတော့ ဒီ စီးပွားရေး ပိတ်ဆို့မှုကို ဖယ်ရှားလိုက်ရုံနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးက ချက်ချင်း သိသိသာသာကြီး တိုးတက် ပြောင်းလဲ လာမယ်လို့ သုံးသပ်တာကတော့ အထူးသဖြင့် စီးပွားရေးနဲ့ပတ်သက်တဲ့ နားလည်မှုမျိုး အခြေခံမှာ အားနည်းတာလေးတွေ ရှိပါတယ်။”

မြန်မာ့အရေး စောင့်ကြည့်လေ့လာသူ ကိုစောကပိ ပါ။ စီးပွားရေးအရ ဒဏ်ခတ် အရေးယူဖို့ တောင်းဆိုသူတွေအနေနဲ့လည်း ဟိုးအရင်တုန်းကလို အကုန်လုံး ရောပြွမ်းပြီး အရေးယူ တာမျိုးကို ခုချိန်မှာ မတောင်းဆိုကြတော့ဘဲ စစ်အစိုးရ ခေါင်းဆောင်တွေ၊ သူတို့နဲ့နီးစပ်တဲ့ စီးပွားရေးသမားတွေကို တိုက်ရိုက် သက်ရောက်မှုရှိစေမယ့် အရေးယူမှုမျိုး ချမှတ်ဖို့ နောက်ပိုင်းမှာ ပြောင်းလဲ တောင်းဆိုလာကြပါတယ်။

စစ်အစိုးရနဲ့နီးစပ်တဲ့ စီးပွားရေးသမား ဦးတေဇ၊ လော်စစ်ဟန် တို့အပါအဝင် သူတို့တည်ထောင်ထားတဲ့ စီးပွားရေး လုပ်ငန်းတွေကို မကြာသေးခင်ကပဲ အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ အရေးယူလိုက်တာမျိုးဟာ သက်ဆိုင်သူတွေကိုပဲ တိုက်ရိုက် သက်ရောက်ပြီး ပြည်သူလူထု ထိခိုက် နစ်နာမှုမရှိတဲ့ အရေးယူမှုမျိုးဖြစ်တယ်လို့ နမူနာပေး ပြောဆိုကြ ကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG