သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ္ဍာရေး အကျပ်အတည်း ပြေလည်ရေး ကမ္ဘာ့ ခေါင်းဆောင်တွေ ဆက်လက် ကြိုးပမ်းနေ


ကမ္ဘာ တလွှား လတ်တလော ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေး အကျယ်အတည်းကို ပူးပေါင်း ဖြေရှင်းရေး နည်းလမ်းရှာဖို့ ဥရောပ က ခေါင်းဆောင်တွေ မနေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ အကြွေး ဝယ်ယူတဲ့ စံနစ် ပြိုကျရာက ကမ္ဘာ့ စီးပွားရေး ဈေးကွက်ကြီး တခုလုံးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်တော့မယ့်အရေး ဖြစ်လာတာကို ဟန့်တား ဖို့ နိုင်ငံပေါင်းစုံက ဝိုင်းဝန်း ဖြေရှင်းကြဖို့ နောက်ဆုံး ကြိုးစားကြခြင်း ဖြစ်တဲ့အကြောင်း ဝါရှင်တန်ကနေ ဗွီအိုအေ သတင်း ထောက် Michael Bowman က သတင်းပေးပို့ထားပါတယ်။

ဥရောပ ခေါင်းဆောင်တွေ ပြင်သစ်နိုင်ငံမှာ အခုလိုတွေ့ဆုံနေကြတဲ့ တချိန်တည်းမှာပဲ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းက G – 7 စက်မှုဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံ ၇ နိုင်ငံက ဘဏ္ဍာရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့ကြတဲ့ နောက်ဆက်တွဲအဖြစ်နဲ့ ကမ္ဘာ့ဘဏ် နဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ကလည်း ဝါရှင်တန်မြို့မှာ ဆက်လက် ဆွေးနွေးနေကြပါတယ်။ အဲဒီ စက်မှု ဖွံ့ဖြိုး တိုး တက်တဲ့ နိုင်ငံတွေရဲ့ ဆွေးနွေးပွဲက တိကျခိုင်မာတဲ့ ဆုံးဖြတ်ချက် တစုံတရာ မရခဲ့ပေမယ့် အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ဘဏ်တွေကို ကူညီရေး၊ ဒေဝါလီခံမယ့် အရေးက ဟန့်တားရေးနဲ့ ငွေချည်းငှားနိုင်မှု ပြန်လည် လည်ပတ်နိုင်ရေး စတဲ့ကိစ္စ တွေမှာ နီးနီးကပ်ကပ် ပူးပေါင်း လုပ်ဆောင်ကြဖို့ သဘောတူခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို ကူညီတာတွေ၊ တင်းကျပ်ထားတဲ့ ငွေချည်းငှားတဲ့ စနစ်ကို လျှော့ချပေးတာတွေနဲ့ စိုးရိမ်ပူပန်နေတဲ့ ရင်းနှီးမြုပ်နှံသူတွေ စိတ်ချ လက်ချရှိလာအောင် တိုင်းပြည်တော်တော်များ များက ဖိဖိစီးစီး လုပ်ဆောင်လာနေကြပါတယ်။

အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန်ဘဏ်တွေမှာ ဗဟိုအစိုးရက တိုက်ရိုက် ရင်နှီးမြုပ်နှံဖို့ သမ္မတဘုရှ်အစိုးရ ကလည်း အခု အဆိုပြုလာပါတယ်။ ဒီလိုလုပ်တာဟာ ပြဿနာတက်နေတဲ့ ဘဏ်တွေကို တနည်းအားဖြင့် အစိုးရက တစိတ်တပိုင်း နိုင်ငံပိုင် လုပ်ပစ်တာလည်း ဖြစ်ပါတယ်။ အလားတူ လုပ်ဆောင်ချက်တွေ ဥရောပနိုင်ငံ တော်တော် များများမှာလည်း လုပ် ဆောင်ပြီးနေပါပြီ။

ဘဏ်တွေရဲ့ လည်ပတ်မှုစနစ် တောင့်တင်းခိုင်မာလာအောင် လုပ်ဆောင်ဖို့က အရေးကြီးတယ်လို့ ဘဏ္ဍာရေး ဝန်ကြီး ဟောင်း Lawrence Summers က ပြောပါတယ်။

Lawrence Summers’ Act: “ အခုပြဿနာမှာ စတော့ဈေးကွက်က အဓိကမဟုတ်ပါဘူး။ ဘဏ်တွေရဲ့ လည်ပတ်မှု စနစ် ပုံမှန်ပြန်ဖြစ်လာအောင်လုပ်မှရမယ်၊ ပုံမှန်ပြန်ဖြစ်လာအောင်လည်း မြန်မြန်လုပ်မှရလိမ့်မယ်။ ”

မစ္စတာ ဆမ်းမားက တနင်္ဂနွေနေ့ အေဘီစီ ရုပ်မြင်သံကြားအစီအစဉ်မှာ ပြောသွားခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စတော့ဈေးကွက်အများစု ၂၀ ရာခိုင်နှုန်းအထိကျပြီး စံချိန် တင်ခဲ့ပါတယ်။ကမ္ဘာတလွားက အစိုးရတွေ စုပေါင်းပြီး ညီညွတ် ခိုင်မာစွာ လုပ်ဆောင်ကြမှသာ စတော့ဈေးတွေ ကျနေတာကို ဟန့်တားနိုင်မယ်လို့ ဝါရှင် တန်အခြေစိုက် နိုင်ငံတကာ စီးပွားရေးအဖွဲ့က အကြီးအကဲ Fred Bergsten က CBS ရုပ်မြင်သံကြားအစီအစဉ်နဲ့ပြုလုပ်တဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။

Fred Bergsten’s Act: “ ကျနော်တို့က ယုံကြည်မှုနဲတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတာဗျ။ ငွေးကြေးဈေးကွက်က ထိန်းမနိုင်၊ သိမ်းမရတဲ့အခြေအနေလောက်ကို ရောက်နေတယ်။ အစိုးရနဲ့ ဗဟိုဘဏ်က သူတို့တွေ စိတ်အေးရအောင် လုပ်ဆောင်ပေးဖို့လိုတယ်။ ငွေချည်းငှားတဲ့ဈေးကွက် ပုံမှန် ပြန်လည်ပတ်နိုင်အောင်၊ ဘဏ်တွေ ငွေပြန်ချည်းနိုင်အောင်၊ စီးပွားစံနစ်ကြီးတခုလုံး ရှေ့ကို ဆက်တက်လှမ်းနိုင်အောင် အစိုးရနဲ့ ဗဟိုဘဏ်အနေနဲ့ တိကျ သေချာတဲ့ လုပ်ငန်းစဉ်တွေ အဆင့်လုပ်ဆောင်ပေးဖို့လိုတယ်ဗျ။ ယုံကြည်မှုတွေ ပြန်ရလာအောင် နောက် တရက်၊ နှစ်ရက်အတွင်း ဆုံးဖြတ်ချက် အမြန်ချမှတ် လုပ်ဆောင်ဖို့ လိုနေပြီ။ ”

သန်းနဲ့ချီတဲ့ အမေရိကန်ပြည်သူတွေ ကိုယ်မတတ်နိုင်တဲ့အကြွေးငွေတွေနဲ့ အိမ်တွေဝယ်ယူနိုင်အောင် ငွေချည်းငှားတဲ့ ကုမ္ပဏီတွေက အကျင့်သိက္ခာပျက်စွာ စံညွန်းတွေ လျှော့ချပြီး ချည်းငှားခဲ့ကြရာက အမေရိကန် အိမ်ယာမြေဈေးကွက် ပျက်ပြားပြီး တဖြည်းဖြည်းနဲ့ ကမ္ဘာ့ ဘဏ္ဍာရေးဈေးကွက်ကြီးတခုလုံးကို ထိပါးလာခဲ့တာပါ။

လွန်ခဲ့တဲ့သီတင်းပတ်အနည်းငယ်အတွင်းမှာတင် ဥရောပ၊ အာရှနဲ့ တခြား ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများအထိ ဒီဘဏ္ဍာ ရေးဈေးကွက်ဂယက်က ရိုက်ခတ်လာခဲ့ပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အခက်အခဲနဲ့ရင်ဆိုင်နေရတဲ့ ငွေကြေးအဖွဲ့အစည်းတွေ သိမ်းပိုက်တာ၊ ထောက်ပံ့ကူညီတာ၊ ကြီးမားတဲ့ ကယ်ဆယ်ရေးအစီအစဉ်တွေ ချမှတ်လုပ်ဆောင်တာနဲ့ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်အောင် ရေတို မှာ လိုအပ်တဲ့ ငွေချည်းငှားရေးစံနစ်ကို လွယ်ကူအောင် လုပ်ဆောင်ပေးတာတွေကို သမ္မတဘုရှ်အစိုးရက လုပ်ဆောင်ခဲ့ပါ တယ်။

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် နိုင်ငံတခုချင်းစီအနေနဲ့ စီမံကိန်း ချမှတ်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ စီးပွားရေး ပညာရှင်တွေနဲ့ အစိုးရ အရာရှိတွေအကြား ယုံကြည်နေကြပေမယ့် ဒီအခက်အခဲကြီး တခုလုံးရပ်တန့်ဖို့အတွက်ကတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပူးပေါင်း လုပ်ဆောင်မှရမယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG