သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှားပါးကျားများမြန်မာပြည်မှာ အရောင်းအဝယ်ဖြစ်


မြန်မာနိုင်ငံက တောရိုင်း တိရစ္ဆာန်တွေကို တရားမဝင် သတ်ဖြတ် ရောင်းဝယ်မှုတွေ လုပ်နေလို့ အခုအခါမှာ ကျားနဲ့ တခြား ကျားအနွယ်ဝင် သတ္တဝါတွေ လျော့နည်းလာတဲ့ အခြေအနေမျိုးနဲ့ ကြုံနေရတယ်လို့ နိုင်ငံတကာ သဘာ၀ ထိန်းသိမ်းရေး အဖွဲ့တခုဖြစ်တဲ့ WWF က ပြောဆိုလိုက်ပါတယ်။ ဒီလို အခြေအနေတွေကို တားဆီးနိုင်ဖို့ အစိုးရနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ဒီထက်ပိုပြီး လုပ်ကိုင်ဆောင်ရွက်ဖို့ လိုတယ်လို့လည်း သတိပေး ပြောဆို လိုက်ပါတယ်။ အကြောင်းစုံကို ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ရန်ပုံငွေ အဖွဲ့ (WWF) ကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ကျားနဲ့ ကျားအနွယ်ဝင် သတ္တဝါပေါင်း တစ်ထောင်ကျော်ရဲ့ သားရေတွေ၊ အရိုးတွေ၊ လက်သည်းတွေ အပါအဝင် အစိတ်အပိုင်းတွေကို မှောင်ခို ဈေးကွက်မှာ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေတာတွေကို လေ့လာတွေ့ရှိရသလို၊ ဒီလို တောရိုင်း တိရစ္ဆာန်တွေကို ထိန်းသိမ်း စောင့်ရှောက်မှု အားနည်းနေတာတွေကို တွေ့ရတဲ့အကြောင်း ကမ္ဘာ့ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး ရန်ပုံငွေ အဖွဲ့ (WWF) က ပြောဆိုလိုက်တာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ နှစ်အတွင်း စစ်တမ်းကောက်ယူ လေ့လာစောင့်ကြည့်မှုတွေ အရဆိုရင်တော့ မြန်မာနိုင်ငံက ကျားနဲ့ကျားအနွယ်ဝင် တိရစ္ဆာန်ကောင်ရေ အနည်းဆုံး (၁၀၇) ကောင်ရဲ့ အစိတ်အပိုင်းတွေကို ဈေးကွက်မှာတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ တကယ်တော့ ဒီလို ကျားအနွယ်ဝင်တွေ သာမက တခြား တောရိုင်း တိရစ္ဆာန်တွေပါ သတ်ဖြတ်ပြီး မှောင်ခို ဈေးကွက်မှာ ရောင်းချနေတဲ့ အခြေအနေတွေ ရှိနေတဲ့ အကြောင်းကိုတော့ (WWF) အဖွဲ့ရဲ့ အရှေ့တောင်အာရှရုံးခွဲက တာဝန်ခံ ခရစ် ရှက်ပတ် (Chris Shepherd) က အခုလို ဆိုပါတယ်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော် ကာလအတွင်း ကျနော်တို့ လေ့လာ ဆန်းစစ်ချက်တွေ လုပ်ခဲ့တဲ့နေရာမှာ၊ ကျားအကောင်ရေ (၁၀၀) ကျော်ကို ဈေးကွက်မျာ ချရောင်းနေတာ တွေ့ခဲ့ရပါတယ်။ တခြား တိရစ္ဆာန် အမျိုးအစားတွေ၊ ကျားသစ်လို ကျား အနွယ်ဝင်တွေကိုလည်း ဒီလို ရောင်းနေတယ်ဆိုတာ တွေ့ရပါတယ်။”

လတ်တလောမှာလည်း မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံ တချို့မှာရှိတဲ့ ကျားတွေ ရှားပါးလာတဲ့ အခြေအနေဟာ စိုးရိမ်စရာ ဖြစ်နေရတယ်လို့လည်း (WWF) က သတိပေးထားတာပါ။ ကျား သတ္တဝါတွေလို တောရိုင်း တိရစ္ဆာန်တွေရဲ့ အစိတ်အပိုင်း အမျိုးမျိုးကိုတော့ ဆေးဝါး၊ လူအသုံးအဆောင် ပစ္စည်း စတာတွေအတွက် မှောင်ခို ရောင်းချနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက သတ်ဖြတ်ခံခဲ့ရတဲ့ ကျားအများစုကိုတော့ အိမ်နီးချင်း တရုတ်နဲ့ ထိုင်း နယ်စပ်တလျှောက်က နိုင်ငံတကာ ဈေးကွက်တွေမှာ ရောင်းချနေတာလို့လည်း (WWFြ) အဖွဲ့ကြီး ကပြောထားတာ ဖြစ်ပါတယ်။ ဒီလို တောရိုင်း တိရစ္ဆာန်တွေ တရားမဝင် မှောင်ခို ရောင်းချမှုတွေဟာ တွင်တွင်ကျယ်ကျယ် ရှိနေဆဲ ဖြစ်တဲ့ အကြောင်းကိုတော့ တရုတ်-မြန်မာ နယ်စပ် ဒေသခံကုန်သည် တယောက်ကလည်း အခုလို ပြောပြပါတယ်။

“ကျွန်တော်တို့ နယ်စပ်မှာတော့ တောထွက် ပစ္စည်းအနေနဲ့ တိရစ္ဆာန်ကို တွေ့ရတာက များသောအားဖြင့် ကျားရိုးတို့၊ ကျားဆီတု့ိ၊ လိပ်တို့၊ မြွေတို့ လာတယ်။ အကောင်အရှင်လဲ တခါတလေ လာပါတယ်။”

ဒီလို အခြေအနေအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်တော့ အခြေအနေတွေဟာ စိုးရိမ်စရာ ဖြစ်လိမ့်မယ်လို့လည်း (WWF) အဖွဲ့ကြီး က ဆိုပါတယ်။

“ကျားတွေကို ရောင်းဝယ် ဖောက်ကားဖို့အတွက် ဒီနှုန်းအတိုင်းသာ တရားမဝင် သတ်ဖြတ်ခံနေရမယ် ဆိုရင်၊ တခြား တရားမဝင် သစ်ခုတ်လှဲမှု ကိစ္စလိုမျိုးတွေနဲ့ ပေါင်းလိုက်မယ်ဆိုရင်တော့ တောရိုင်းတိရစ္ဆာန်တွေ ပြုန်းတီးမယ့် ပြဿနာနဲ့ အကြီးအကျယ် ကြုံရနိုင်ပါတယ်။”

မြန်မာနိုင်ငံမှာတော့ ဒီလို တောရိုင်းကျားသတ္တဝါတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် ကချင်ပြည်နယ် ဟူးကောင်း တောင်ကြား ဒေသမှာ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်ကစလို့ စခန်းဖွင့်လှစ်ခဲ့ပြီး၊ ရာဂဏန်းမပြည့်တဲ့ အရည်အတွက် ရှိတဲ့ ကျားတွေကို ထိန်းသိမ်းစောင့်ရှောက်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ကျားအပါအဝင် တောရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ လုပ်ငန်းတွေမှာ အစိုးရတွေရဲ့ ဆောင်ရွက်ချက်တွေဟာ အားနည်းနေဆဲပဲလို့ (WWF) အဖွဲ့ကြီး က မြင်ပါတယ်။

“အစိုးရတွေ အနေနဲ့ ကျားတွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ လုပ်ငန်းကို ဦးစားပေး လုပ်ငန်းတခုအဖြစ် ဆောင်ရွက်ဖို့ လိုပါတယ်။ ငွေရေးကြေးရေး လူအင်အားကိုလည်း ဒီလို ကျားနဲ့ ကျားအနွယ်ဝင်တွေအပါအဝင် တောရိုင်း တိရစ္ဆာန်တွေကို တရားမဝင် သတ်ဖြတ်နေတာတွေကို ဟန့်တားနိုင်ဖို့အတွက် အာရုံစိုက် အသုံးပြုရမှာပါ။ ဒါတွေအပြင် ကျားတွေနဲ့ ပတ်သက်တဲ့ ဥပဒေစည်းမျဉ်းတွေ ထုတ်ပြန်ရမှာ ဖြစ်သလို၊ ပုံမှန်ကင်းလှည့်ပြီး တောရိုင်း တိရစ္ဆာန်တွေကို ရောင်းချတဲ့ ဈေးကွက်တွေကို စောင့်ကြည့်သွားပြီး၊ ဥပဒေချိုးဖောက်သူတွေကို အရေးယူတာတွေလည်း ရှိရမှာပါ။”

ကမ္ဘာ့ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး ရန်ပုံငွေ အဖွဲ့ (WWF) အဖွဲ့ရဲ့ အရှေ့တောင်အာရှရုံးခွဲက တာဝန်ခံ ခရစ် ရှက်ပတ် ဖြစ်ပါတယ်။ တကယ်တော့ ရှားပါးတောရိုင်းတိရစ္ဆာန်တွေကို ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို မြန်မာစစ်အစိုးရက လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ (၁၀) နှစ်ကျော် (၁၅) နှစ်ကစလို့ (WWF) ရဲ့ စောင့်ကြည့် လေ့လာချက်တွေအရ ဆိုရင်တော့ ရှားပါးလာနေတဲ့ ကျားသတ္တဝါ အပါအဝင် တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင် သတ်ဖြတ်ရောင်းဝယ်မှုတွေကတော့ ရှိနေဆဲလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG