ကမ္ဘောဒီးယား၊ ထိုင်း နှစ်နိုင်ငံ အငြင်းပွားနေတဲ့ နယ်စပ် ဒေသအတွင်း တဘက် စစ်တပ်များ ပြစ်ခတ်ကြကြောင်း၊ စစ်သားနှစ်ယောက် သေဆုံးသွားကြောင်း၊ တနာရီလောက်ကြာအောင် ပြစ်ခတ်ကြကြောင်း ကမ္ဘောဒီးယား စစ်ဘက်တာဝန်ခံများက ပြောဆိုကြပါတယ်။ ထိုင်းစစ်ဘက်တာဝန်ခံများကလည်း မိမိတို့ဘက်က စစ်သား ငါးယောက် ဒဏ်ရာရသွားကြောင်း ကြေညာပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံတို့ ကြာမြင့်စွာကတည်းက အငြင်းပွားနေတဲ့ ရှေးဟောင်း ဘုရားကျောင်းအနီးမှာ တိုက်ခိုက်ကြတာပါ။ တပ်ဖွဲ့ဘယ်လောက် ပါဝင်တိုက်ခိုက်သလဲဆိုတာ ချက်ချင်း မသိရသေးပါဘူး။ နယ်စပ်မှာ ချထားတဲ့ တပ်ဖွဲ့များ အကူအညီ တောင်းလာရင် အသင့်ဖြစ်စေဖို့ ဂျက်တိုက်လေယာဉ် တပ်လန့်ထားတယ်လို့ ထိုင်းလေတပ်မှ ဗိုလ်ကြီး မွန်တို စကူကွန်းက ပြောဆိုပါတယ်။ ကမ္ဘောဒီးယား နိုင်ငံတွင်းရှိ ထိုင်းနိုင်ငံသားများ ကယ်တင် နိုင်ရေး၊ ထိုင်းသယ်ယူပို့ဆောင်ရေး လေယာဉ်များလည်း အသင့် ပြင်ထား ကြောင်းလဲ သူက ဆက်ပြောပါတယ်။ အဲဒီဒေသက ထိုင်းတပ်ဖွဲ့များ ၂၄နာရီအတွင်း ဆုတ်ခွာပါ၊ မဆုတ်ခွာရင် သူသေ ကိုယ်သေ စစ်မြေပြင် ဖြစ်သွားလိမ့်မယ်လို့ အင်္ဂါနေ့မှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်က သတိပေးလိုက်ပြီးနောက် နှစ်ဘက်ကြား တင်းမာမှု မြင့်မား လာခဲ့တာပါ။ တနင်္လာနေ့ တုန်းက ထိုင်း စစ်သား ၈၄ယောက် ကမ္ဘောဒီးယား နိုင်ငံတွင်း ၁ကီလိုအထိ ဝင်ရောက်ခဲ့ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ဆိုပြီး ထိုင်းဘက်ကတော့ ဒါဟာ ကင်းလှည့်တာလို့ ဖြေရှင်းထားပါတယ်။