အမေရိကန် Wall Streetနဲ့ ဥရောပတို့၊ အာရှိတို့မှာ အစုရှယ်ယာဈေးတွေ ဗုဒ္ဓဟူးနေ့မှာ ပြန် ကျဆင်းသွားပါတယ်။ ဒါကြောင့် ဘဏ္ဍာရေး အဖွဲ့အစည်းတွေ၊ ဘဏ်တိုက်ကြီးတွေကို ကူညီ ဖြေရှင်းဖို့ လိုအပ်နေတဲ့ အစီအစဉ်တွေက စီးပွားရေး ဆုတ်ယုတ်ကျဆင်းတဲ့ အလားအလာကို ဟန့်တားနိုင်ပါ့မလားဆိုပြီး ရင်းနှီးမြုပ်နှံတဲ့ သူတွေကလည်း သံသယတွေ ဖြစ်နေကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် ကင်ကလေ ဝါရှင်တန်မြို့တော်ကနေ သတင်းပေးပို့ထားပါတယ်။ ဦးကျော်ဇံသာ က တင်ပြထားပါတယ်။
အခုတလောမှာတော့ စီးပွားရေး သတင်းတွေဟာ ကျန်သတင်းတွေထက် ထိပ်ကို ရောက်နေပါတယ်။ ကမ္ဘာ့ငွေကြေး ဈေးကွက်ကို ကြည့်မယ်ဆိုရင် ဥရောပနဲ့ အာရှ ဈေးတွေမှာ အရှုံးပေါ်ခဲ့သလို နယူးယောက်မြို့ Wall Street မှာလည်းပဲ အရှုံးပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ Dow Jones အစုရှယ်ယာ ညွှန်းကိန်း အမှတ် ၃၀၀ ဒါမှမဟုတ် ၃ ရာခိုင်နှုန်း ကျဆင်းသွားတာဟာ ဒီလ အစောပိုင်းက ဖြစ်ပါတယ်။ လန်ဒန်မှာလည်း FTSEတို့ DAXတို့၊ ပဲရစ်က CACတို့ဟာလည်း ၄ရာခိုင်နှုန်းကျော်စီ ကျဆင်းသွားကြပါတယ်။ တိုကျိုမှာတော့ Nikkei ညွန်းကိန်းဟာ အမှတ် ၁၀၀ ဒါမှမဟုတ် ၁ရာခိုင်နှုန်းကျော် တက်လာပါတယ်။ ဒါပေမယ့် ဟောင်ကောင် Heng Seng ကတော့ ၅ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ လက်လီ ရောင်းချမှုဟာ စက်တင်ဘာလတုန်းက ကျဆင်းခဲ့တယ်ဆိုတဲ့ အစီရင်ခံစာ တခုကြောင့် အမေရိကန် စီးပွားရေးဟာ ဆုတ်ကပ်ကို ရောက်တော့မလား၊ ဒါမှမဟုတ် ရောက်ပဲ ရောက်နေပြီလားဆိုတဲ့ စိုးရိမ်မှုတွေဟာ ကမ္ဘာ့တလွှားမှာ ပိုပြီး ရှိလာနေပါတယ်။ အမေရိကန် ရဲ့ လက်လီ ရောင်းချမှုဟာ ပြီးခဲ့တဲ့လက ၁.၂ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ ကူးသန်းရောင်းဝယ်ရေး ဌာနက ဗုဒ္ဓဟူးနေ့တုန်းက ကြေညာခဲ့တာပါ။ ဒါဟာ သုံးနှစ်တာအတွင်း အကြီးမားဆုံး ကျဆင်းမှုလည်း ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေ တွက်ချက်ထားတာရဲ့ ၂ဆလောက် ကျဆင်းသွားတာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးကို ကြည့်ရင် စားသုံးသူတွေရဲ့ သုံးစွဲမှုဟာ ပမာဏအားဖြင့် သုံးပုံတပုံ လောက်တောင် ရှိနေတာပါ။ နောက်အစီရင်ခံစာ တခုကလည်း အမေရိကန် လက္ကားဈေးကလည်း နှစ်လ ဆက်တိုက် ကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ စွှမ်းအင်ဈေး ပြန်ဆုတ်သွားလို့ ဖြစ်တယ်လို့ ဆိုထားပြန်ပါတယ်။ ဒါပေမယ့် စွမ်းအင်နဲ့ အစားအစာက လွဲပြီး၊ ကျန် ပစ္စည်းတွေရဲ့ လက္ကားဈေးကတော့ ၁၇နှစ် နှစ် အတွင်း နှစ်စဉ် မြင့်မားမှုမှာ အထွက်အထိပ် ရောက်ခဲ့တာပါ။ အမေရိကန် သမ္မတ George Bush ကတော့ တိုင်းပြည်စီးပွားရေး ပြန်ကောင်းလာမယ်လို့ ယုံကြည်ပါတယ်။ ဗုဒ္ဒဟူးနေ့တုန်းက သူ့ရဲ့ အစိုးရ အဖွဲ့ဝင်တွေနဲ့ ဘဏ္ဍာရေး အကျပ်အတည်း ကိစ္စ ဆွေးနွေးပြီး ဘဏ္ဍရေး အဆောက်အဦတွေ၊ အဖွဲ့အစည်းတွေ ပြန်လည် အင်အားကောင်းလာစေဖို့အတွက် သူတို့ အစိုးရအဖွဲ့ အနေနဲ့ ရဲရဲရင့်ရင့် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
“ဒီလုပ်ရပ်တွေဟာ အင်မတန် ထူးခြားတဲ့ လုပ်ရပ်တွေဆိုတာ သံသယရှိစရာ မလိုပါဘူး။ ကောင်းကောင်း ချင့်ချိန် စဉ်းစားပြီးမှ လုပ်ထားတာပါ။ ဒါဟာ လိုအပ်တဲ့ လုပ်ရပ်ပါ။ စီးပွားရေးဟာ ရေရှည်မှာ ပြန်ကောင်းလာမယ်လို့ ကျွန်တော် စိတ်ချ ယုံကြည်နေပါတယ်။”
အင်္ဂါနေ့တုန်းကတော့ သမ္မတ ဘုရှ်က ပုဂ္ဂလိက ဘဏ်တွေက အစုရှယ်ယာတွေကို ဒေါ်လာ သန်းပေါင်း နှစ်သိန်း ငါးသောင်းဖိုး ဝယ်ယူဖို့ အစီအစဉ်ကို ကြေညာခဲ့တာပါ။ ချေးငှားမှုတွေ အဆင်မပြတ် ပြန်လည် ရှင်သန်လာစေဖို့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဥရောပ ထိပ်သီးတွေကလည်း Brussels မြို့မှာ စည်းဝေးနေကြပါတယ်။ ဒီဘဏ္ဍာရေး အကျပ်အတည်းကိုပဲ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ သူတို့ လုပ်ချင်တဲ့ ကိစ္စတွေထဲမှာ မဆုံးစေရဘူးလို့ အာမခံ ပေးနိုင်တဲ့ ငွေကြေး ပမာဏကို တိုးမြင့်ချင်တာလည်း ပါဝင်ပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် ဂေါဒင်ဘရောင်းကတော့ ကမ္ဘာ့ငွေကြေး အဆောက်အဦတွေကို အဓိက အပြောင်းအလဲ လုပ်ဖို့ လိုအပ်နေပြီဆိုပါတယ်။
“စီးပွားရေး လုပ်ငန်းတွေအတွက် မရှိမဖြစ်တဲ့ အနာဂတ်အတွက် ယုံကြည်မှု တည်ဆောက်ဖို့ ဆိုရင် ပထမဆုံးအနေနဲ့ ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက ပြဿနာတွေရဲ့ ဇစ်မြစ်ကို ကျွန်တော်တု့ိ ကိုင်တွယ် ဖြေရှင်းကြရပါလိမ့်မယ်။”
Merrill Lynchငွေကြေး အကျိုးဆောင်လုပ်ငန်းကို Bank of America ဒေါ်လာ သန်းပေါင်း သုံးသောင်း ငါးထောင်နဲ့ ဝယ်ယူမယ့် ကိစ္စကို အမေရိကန် ပြည်ထောင်စုရဲ့ လက်ဝါးကြီးအုပ် ချယ်လှယ်မှု စိစစ် ထိန်းချုပ်သူတွေက အသိအမှတ်ပြုလိုက်ကြပါပြီ။ ဒီဝယ်ယူမှုဟာ အမေရိကန်မှာ အပ်နှံမှုအများဆုံး ဖြစ်တဲ့ ဘဏ်နဲ့ ကမ္ဘာ့အကြီးဆုံး ငွေကြေး အကျိုးဆောင် လုပ်ငန်းတို့ ပေါင်းစီးမှုပါပဲ။ ဒါပေမယ့် ဒီဝယ်ယူမှုကို Federal Reserve လို့ခေါ်တဲ့ အသိအမှတ် ပြုရဦးမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ JP Morgan Chaseရဲ့ အမြတ် အစွန်းဟာလည်း ပြန်မရတဲ့ အိမ်ကြွေးတွေကြောင့် တတိယ လေးလပတ်မှာ ၈၄ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ သို့ပေမယ့် နယူးယောက် အခြေစိုက် ဘဏ်တချို့ကတော့ မျှော်လင့်ထားတာထက် အမြတ်အစွန်းရှိခဲ့ကြပါတယ်။ ပြီးတော့ အမေရိကန် အခြေစိုက် ကုမ္ပဏီကြီး ကိုကာကိုလာ ဟာ တတိယ လေးလပတ်မှာ အမြတ်အစွန်း ၁၄ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ အမေရိကား မှာ ရောင်းအား ကျဆင်းချိန်ခဲ့ပေမယ့် အသစ် ဖြစ်ထွန်းလာတဲ့ ကမ္ဘာ့ ဈေးကွက်သစ်တွေကြောင့် ဒီလို အမြတ်အစွန်း ထွက်ခဲ့တာ ဖြစ်ပါတယ်။