သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီတွင် ပြန်ပေးဆွဲခံရသည့် မြန်မာသင်္ဘောသားများ လွတ်မြောက်


ဆိုမာလီ ကမ်းလွန်ပင်လယ်ပြင်မှာ တလကျော် ပြန်ပေးဆွဲခံခဲ့တဲ့ တောင်ကိုရီးယား သဘောၤပေါ်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာသဘောၤသား ၁၄ ယောက် မနေ့က ပြန်လည် လွတ်မြောက်လာခဲ့ပါပြီ၊ မြန်မာ နိုင်ငံသား သဘောၤသား ၁၄ ယောက်အပြင် တောင်ကိုရီးယား သင်္ဘောသားတွေပါ လွတ်မြောက်လာတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး စုံစမ်း မေးမြန်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုကျော်ထင်က နောက်ဆုံး အခြေအနေတွေကို တင်ပြထားပါတယ်။

မြန်မာသင်္ဘောသား ၁၄ ဦးနဲ့ ကိုရီးယားသင်္ဘောသား ၈ ဦး တာဝန်ထမ်းဆောင်နေတဲ့ ကိုရီးယားနိုင်ငံ J&J ကုမဏီပိုင် Bright Ruby ကုန်တင်သင်္ဘောဟာ ပြီးခဲ့တဲ့ စက်တင်တင်ဘာလ ၁၀ ရက်နေ့က ဆိုမာလီ ကမ်းလွန် ပင်လယ်ပြင် မှာ အမည်မသိ လက်နက်ကိုင်တွေရဲ့ ပြန်ပေးဆွဲထားခံရတာကနေ မနေ့က ညနေပိုင်းမှာ ပြန်လည်လွတ်မြောက် လာတာဖြစ်ပါတယ်။

မြန်မာသင်္ဘောသားတွေရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ Leader Marine ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးဌေးအောင်က သင်္ဘောသားတွေ ကျန်းမာစွာနဲ့ ပြန်လည် လွတ်မြောက်လာတဲ့ အကြောင်း အခုလို ပြောပါတယ်။

“ကျနော့်ဆီကိုတော့ မနေ့က ညနေ ၅ နာရီလောက်ကို Second Officer ကနေ သူ့မိဘထံကို ဖုန်းဆက်တယ်ခင်ဗျ၊ ကျနော်တို့ သင်္ဘောကို လွှတ်ပေးလိုက်ပါပြီ၊ ဆိုမာလီးယား ပြန်ပေးကနေပြီးတော့၊ ကျနော်တို့ သင်္ဘောသားတွေ အခြေအနေနဲ့ ကျန်းမာရေးအခြေအနေတွေက အားလုံး ကောင်းပါတယ်တဲ့။”

ဒီကနေ့မှာတော့ တောင်ကိုရီးယားမီဒီယာတွေက သင်္ဘောကို အမေရိကန်ရေတပ် အစောင့်အရှောက်နဲ့ မူလ ဦးတည်ရာခရီး ဖြစ်တဲ့ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ကို ဦးတည် ခုတ်မောင်းနေတဲ့အကြောင်း ဖော်ပြကြပါတယ်၊ သီရိလင်္ကာနိုင်ငံမှာ ကုန်ချပြီးတော့လာမယ် ၂၆ ရက်နေ့လောက်မှာ တောင်ကိုရီးယားနိုင်ငံကို ပြန်လည် ထွက်ခွာလာမယ်လို့လည်း မီဒီယာတွေက ဖော်ပြပါတယ်။

သင်္ဘောကို မည်သို့မည်ပုံ ပြန်ပေးသမားတွေနဲ့ ညှိနှိုင်းပြီး လွတ်မြောက်အောင် လုပ်ရတယ် ဆိုတာကိုတော့ တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြမထားပါဘူး။ တောင်ကိုးရီးယားမီဒီယာတွေရဲ့ ဖော်ပြမှုကို ကိုယ်တိုင်ကြည့်ရှုရတဲ့ ဆိုးလ် မြို့က ကိုရန်နိုင်ထွန်း က အခုလို ပြောပါတယ်။

“ဒီတောင်ကိုးရီးယား အနေနဲ့ကတော့ ဆိုမားလီးယား ဘက်က ဒီပြန်ပေးဆွဲတဲ့ သူတွေနဲ့ ဘယ်လို တွေ့ဆုံပြီးတော့ သူတို့ အကောင်းဆုံး ဖြစ်အောင် ညှိနှိုင်းခဲ့တယ်၊ အဆင်ပြေအောင် သူတို့လုပ်ပြီးတော့ သူတို့ရဲ့ သင်္ဘောသားတွေကို ပြန်လည် လွတ်မြောက်အောင် လုပ်ခဲ့တဲ့အကြာင်း ကိုတော့ မီဒီယာတွေမှာ ဖော်ပြပါတယ်၊ နောက်ပြီးတော့ ပြန်လည် လွတ်မြောက် လာတဲ့ ကိုရီးယား သင်္ဘောသားတွေကို စောင့်မျှော်နေတဲ့ ကိုရီးယားမိသားစုတွေရဲ့ ပျော်ရွင်နေတဲ့ပုံတွေ၊ ဝမ်းသာအားရ ဖြစ်နေတဲ့ပုံတွေတော့ တွေ့ရပါတယ်ခင်ဗျ။”

သင်္ဘောပေါ်မှာ ဒုတိယအရာရှိ ဦးတင်ဦးမောင် အပါအဝင် မြန်မာသင်္ဘောသား ၁၄ ဦး တာဝန်ထမ်းဆောင်နေတာ ဖြစ်ပြီး သူတို့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ သင်္ဘောကိုယ်စားလှယ် ဦးဌေးအောင်က အခုလို ပြောပါသေးတယ်။

“အဲဒါကတော့ ဗမာသင်္ဘောသားတွေရဲ့ တချို့ သင်္ဘောသားတွေ ကတော့ စိတ်ပိုင်းဆိုင်ရာ နဲ့ ကျန်းမာရေး ဆိုင်ရာ စစ်ဆေးမှု ပြုလုပ်ပါလိမ့်မယ်၊ စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ပြီးတော့ သူတို့ဆန္ဒ အလျောက်ပဲ ဆောင်ရွက်ပေးပါ လိမ့်မယ်ခင်ဗျာ။”

ခုပြန်ပေးဆွဲခံရတဲ့ ဆိုမားလီးယားကမ်းလွန်ပင်လယ်ပြင်ဟာ ကမပေါ်မှာ လက်နက်ကိုင် ပြန်ပေးသမားတွေရဲ့ အန္တရာယ် ကို အဆိုရွားဆုံး ကြုံရတဲ့ဒေသတခု ဖြစ်ပြီး အဲဒီနေရာမှာ မကြာသေးခင် နှစ်တွေထဲမှာ သင်္ဘောအစီး ၃၀ ကျော် ပြန်ပေးဆွဲခံခဲ့ရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG