သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ် နုတ်ထွက်မှာ မဟုတ်ကြောင်း ပြောကြား


ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ထိုင်းနိုင်ငံမှာ ဆန္ဒပြသူတွေအပေါ် သွေးထွက်သံယို နှိမ်နှင်းခဲ့တာတွေ ပေါ်ပေါက်ခဲ့ပြီး တဲ့နောက် ထိုင်း စစ်တပ်က ဝန်ကြီးချုပ်ကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ထိုင်း ဝန်ကြီးချုပ်က သူ့အနေနဲ့ ရာထူးက နုတ်ထွက်မှာ မဟုတ်ဘူးလို့ ငြင်းပယ်လိုက်ပါတယ်။ ဘန်ကောက်မြို့ ကနေ Ron Corben သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ထိုင်း စစ်တပ် အကြီးအကဲက ဝန်ကြီးချုပ် ဆွန်ချိုင်း ဝမ်ဆာဝတ်ထ် (Somchai Woongsawat) ကို ရာထူးက နုတ်ထွက် ပေးဖို့ တောင်းဆိုထားပါတယ်။ ဒါပေမယ့် ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်း ဝန်ကြီးချုပ်က သူ့အနေနဲ့ ဝန်ကြီးချုပ် ရာထူးကို ဆက်ပြီး ရယူအုံးမယ်လို့ အခိုင်အမာ ပြောဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါလီမန်ရှေ့ ဆန္ဒပြနေတဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို ထိုင်း လုံခြုံရေးတပ်ဖွဲ့ဝင် တွေက မျက်ရည်ယိုဗုံးတွေ မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်နှိမ်နှင်းခဲ့ပါတယ်။ လူ ၂ ယောက် သေဆုံးပြီး ၄၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၂၀ လောက်လည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ထိုင်းအစိုးရအနေနဲ့ စုံစမ်းစစ်ဆေးတာတွေ လုပ်နေတယ်၊ ဒီ စုံစမ်းချက်အပေါ် အခြေခံပြီး နောက် ဘာလုပ်မယ် ဆိုတာ ဆုံးဖြတ်မယ်လို့ ထိုင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ဒီဇင်ဘာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး အစည်းအဝေးနဲ့ ကွယ်လွန်သွားတဲ့ ထိုင်းဘုရင်မင်းမြတ်ရဲ့ အစ်မ ဈာပန ကျင်းပရေး အပါအဝင် လုပ်ဆောင်စရာ တွေ ရှိသေးတယ်လို့ ထိုင်းဝန်ကြီးချုပ် က ပြောပါတယ်။

မနေ့ကပဲ ထိုင်း စစ်တပ်အကြီးအကဲ အနုပေါင် ပေါ်ချင်းဒါး က အစိုးရအနေနဲ့ ပြီးခဲ့တဲ့ ဆန္ဒပြပွဲမှာ ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ယူဖို့ ပြောဆိုခဲ့ပါတယ်။ ပီအေဒီ ပြည်သူ့ ဒီမိုကရေစီ မဟာမိတ်အဖွဲ့ ကလည်း ဒီနေ့ ဆန္ဒပြပွဲမှာ အစိုးရ နုတ်ထွက်ပေးဖို့ တောင်းဆိုထားပါတယ်။

လက်ရှိအခြေအနေမှာ ထိုင်း စစ်တပ်က ၂၀၀၆ ခုနှစ်က မစ္စတာ တက်ခ်ဆင် ကို ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားတဲ့ အာဏာသိမ်းတာမျိုးတွေ လုပ်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ ထိုင်းအစိုးရအနေနဲ့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးအရ ပြေလည်အောင် ဖြေရှင်းဖို့ပဲ တောင်းဆိုနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG