သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့မှာ ပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်သေကြေမှုမရှိ


မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ မနေ့ညပိုင်းက ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ ရန်ကုန်မြို့နယ် ဘောက်ထော် အားကစားကွင်း အနီးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့နောက် အာဏာပိုင်တွေက လုံခြုံရေးတွေ တိုးမြှင့်ချထားခဲ့ပေမယ့် ဒီကနေ့တော့ အခြေအနေတွေဟာ တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်နေပြီလို့ မြို့ခံတွေက ပြောကြပါတယ်။ ပေါက်ကွဲမှု ဖြစ်ပွားအပြီး အခုသိရတဲ့ နောက်ဆုံးအခြေအနေတွေကို ဦးအောင်လွင်ဦး က တင်ပြထားပါတယ်။

ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ထဲက ဘောက်ထော် အားကစားကွင်းအနီး တပ်မတော်မှတ်တမ်းရုံးရှေ့မှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပေမယ့် အထိအခိုက်တော့ မရှိဘူးလို့ မြို့ခံတွေကပြောကြတာပါ။ ဒီလိုပေါက်ကွဲမှု ဖြစ်ပြီးပြီးချင်းမှာတော့ အာဏာပိုင်တွေက လုံခြုံရေးအစီအမံတွေချခဲ့ပြီး ဒီကနေ့မှာတော့ အခြေအနေတွေဟာ အေးအေးဆေးဆေး ပြန်ဖြစ်နေပြီလို့လည်း ရန်ကင်းမြို့ခံတယောက်က ပြောပြပါတယ်။

"အသေအပျောက်တော့ မရှိဘူး။ ၇ခွဲလောက်က ဖြစ်သွားတာ။ မှတ်တမ်းရုံးရှေ့နားက ဘောလုံးကွင်းနားမှာ။ ဖြစ်ဖြစ်ချင်းတော့ ဘောက်ထော်က မြောင်းရှေ့မှာ လမ်းပိတ်ထားပြီးတော့ မှတ်တမ်းရုံးဘက်ကိုတော့ သွားလို့မရဘူးပေါ့။ အခုတော့ အေးဆေးပါပဲ။"

အခုဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုဟာ မတော်တဆမှုလား တိုက်ခိုက်မှုလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ဒါဟာ ဗုံးတလုံးပေါက်ကွဲခဲ့တာ ဖြစ်ပြီးတော့ နောက်ထပ် အနီးအနားမှာ မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကိုလည်း ရှာဖွေတွေ့ရှိလို့ လုံခြုံရေး အာဏာပိုင်တွေက ရှင်းလင်းခဲ့ရတယ်ဆိုပြီး ရန်ကုန်မြို့ကလာတဲ့ အေပီ သတင်းတပုဒ်က အမည်မဖော်လိုသူ အာဏာပိုင်တယောက်ကို ကိုးကားပြီးဖော်ပြပါတယ်။ ဒါကြောင့်မို့လို့လည်း ဒီသတင်းနဲ့ ပတ်သက်လို့ ပိုပြီးသိရဖို့ သက်ဆိုင်ရာ ရန်ကင်း ရဲစခန်းကို ဆက်သွယ်မေးမြန်းကြည့်ပါတယ်။

"ကျွန်တော်တို့လည်း အတိအကျ မသိဘူးခင်ဗျ။ ရရကတို့ကို မေးရင် သိမယ်။"

တာဝန်ကျရဲတပ်ဖွဲ့ဝင် တယောက်က တိတိကျကျ အဖြေမပေးပဲ ဖုန်းချသွားခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ နောက်ထပ် ရန်ကုန်တိုင်း သတင်းတပ်ဖွဲ့ရုံးကို ဆက်သွယ်မေးမြန်းပေမယ့်လည်း မရခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ လစဉ်လတိုင်း ဆိုသလို ပေါက်ကွဲမှုတွေ ဖြစ်ပွားနေရာမှာ တချို့ကတော့ မတော်တဆ ဖြစ်ရပ်တွေဖြစ်ပြီးတော့၊ တချို့က မသမာသူတွေရဲ့ တိုက်ခိုက်မှု ဖြစ်တယ်ဆိုပြီး မြန်မာစစ်အစိုးရက ပြောဆိုတာတွေ ရှိပါတယ်။ မနှစ်တုန်းက သံဃာတော်တွေရဲ့ ငြိမ်းချမ်းစွာ မေတ္တာပို့ ကြွချီ ဆုတောင်းပွဲတွေကို လုံခြုံရေးအာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းခဲ့တာ တနှစ်ပြည့်တော့မယ့်အချိန် ပြီးခဲ့တဲ့လ စက်တင်ဘာထဲမှာတုန်းကလည်း ရန်ကုန်မြို့လည်က မြို့တော်ခမ်းမ အနီးမှာ ဗုံးတလုံးပေါက်ကွဲခဲ့လို့ လူတချို့ ထိခိုက်ဒဏ်ရာရခဲ့တာတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ထဲတုန်းကလည်း ရန်ကုန်-တိုက်ကြီး ပြေးဆွဲတဲ့ ခရီးသည်တင် ယာဉ်မှာ ဓာတ်ငွေ့အိုးပေါက်ကွဲခဲ့လို့ လူ (၇) ယောက်သေဆုံးခဲ့တဲ့အထိ ဖြစ်ခဲ့ပြီးတော့ ဒါဟာ မတော်တဆမှုသာ ဖြစ်တဲ့ အကြောင်း စုံစမ်းတွေ့ရှိချက်တွေအရ သိရတယ်လို့ မနေ့တုန်းက အစိုးရပိုင်သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လို့ အခုနောက်ဆုံး ဖြစ်ခဲ့တဲ့ ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့တော့ အာဏာပိုင်တွေ ဖက်ကလည်း သတင်းထုတ်ပြန်တာမျိုး မရှိသေးသလို တစုံတယောက်က တိုက်ခိုက်တာ ဖြစ်တယ်ဆိုပြီး ထုတ်ဖော်ပြောဆိုတာမျိုးလည်း မရှိသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG