သုံးရလွယ်ကူစေသည့် Link များ

ချည်ထည် တင်သွင်းတဲ့ ဗြိတိန်ကုမ္ပဏီ မြန်မာနိုင်ငံက မတင်သွင်းဖို့ ဆုံးဖြတ်


မြန်မာနိုင်ငံကထုတ်တဲ့ ချည်ထည်တွေရောင်းချနေတဲ့ ဗြိတိန်နိုင်ငံက Cotton Traders ကုမ္ပဏီကို ဗြိတိန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK အဖွဲ့က သပိတ်မှောက်ခဲ့တာကြောင့် မြန်မာနိုင်ငံက ချည်ထည်တွေကို တင်သွင်းတော့မှာမဟုတ်ဘူးလို့ အောက်တိုဘာလလ ၁၇ ရက် သောကြာနေ့ ရက်စွဲနဲ့ တရားဝင် ကြေငြာချက် ထုတ်လိုက်ပါတယ်။

Cotton Traders ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံကထုတ်တဲ့ ချည်ထည်၊ အဝတ်အထည်တွေ ဆက်ပြီး တင်သွင်း ရောင်းချနေမယ်ဆိုရင် သပိတ်မှောက်မယ်ဆိုပြီးတော့ Burma Campaign UK အဖွဲ့က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက် ဗုဒ္ဓဟူးနေ့က Campaign စတင်ခဲ့တာပါ။ အဲဒီလို Campaign စပြီး နောက် ၂ ရက်အကြာမှာ မြန်မာနိုင်ငံကနေ အဝတ်အထည်သစ်တွေ နောက်ထပ် တင်သွင်း ရောင်းချတာ လုပ်တော့မှာမဟုတ်တဲ့အကြောင်း အခုလို တရားဝင် ကြေငြာချက် ထုတ်ပြန်လိုက်တာပါ။

Cotton Traders ကုမ္ပဏီ မြန်မာနိုင်ငံကထုတ်တဲ့ အဝတ်အထည်တွေကို မတင်သွင်းတော့ဘူးလို့ ဆုံးဖြတ်ရခြင်းရဲ့ အဓိက အကြောင်းရင်းက ဘာဖြစ်နိုင်မလဲလို့ ဒီ သပိတ်မှောက် Campaign ကို အဓိက ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ Burma Campaign UK အဖွဲ့က Johnny Chatterton ကို မေးကြည့်ပါတယ်။

“Cotton Traders ကုမ္ပဏီ မြန်မာနိုင်ငံကထွက်ဖို့ ဆုံးဖြတ်လိုက်တဲ့ အဓိက အကြောင်းရင်းကတော့ - ကျနော်တို့အဖွဲ့က သပိတ်မှောက်မယ်ဆိုတဲ့ Campaign စတင်လိုက်တာရယ်၊ နောက် မြန်မာနိုင်ငံက မထွက်မချင်း ကုမ္ပဏီကထုတ်တဲ့ အဝတ်အထည်တွေကို ဝယ်ယူသုံးစွဲမှာမဟုတ်ဘူးလို့ ကျနော်တို့ရဲ့ လှုပ်ရှားမှုကို ထောက်ခံသူ အများအပြားက ကုမ္ပဏီကို ဖုန်းနဲ့ဆက်သွယ် အကြောင်းကြားခဲ့တာတွေရယ်ကြောင့် ဖြစ်မယ်လို့ ကျနော်ထင်တယ်ဗျ။ ”

မြန်မာနိုင်ငံက ထုတ်တဲ့ အဝတ်အထည်တွေကို တင်သွင်းခြင်းမလုပ်တော့ပဲ ဘာကြောင့် နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတာကိုတော့ Cotton Traders ကုမ္ပဏီက တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ဗြိတိန်နိုင်ငံမှာ ချည်ထည် အဝတ်အထည် ကုမ္ပဏီပေါင်း ၁၄၀ ကျော်ရှိပေမယ့် မြန်မာနိုင်ငံက ဘယ်ကုမ္ပဏီမှ တင်သွင်းတာမရှိပဲ Cotton Traders ကုမ္ပဏီတခုပဲ ကာလတော်တော်ကြာကြာကတည်းက တင်သွင်းနေခဲ့တာလို့ Johnny Chatterton က ပြောပါတယ်။

တခြားကုမ္ပဏီတွေ မြန်မာနိုင်ငံက ချည်ထည် အဝတ်အထည်တွေကို တင်သွင်းခြင်း ရှိမရှိဆိုတာ အတိအကျ မသိသေးတဲ့အတွက် Burma Campaign UK အဖွဲ့အနေနဲ့ အခုချိန်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို အဝတ်အထည် ကုမ္ပဏီတွေ မြန်မာနိုင်ငံက နှုတ်ထွက်သွားတဲ့အတွက် ဒီစက်ရုံတွေအပေါ် မှီခို ရပ်တည်နေကြရတဲ့ လက်လုပ်လက်စား စက်ရုံအလုပ်သမားတွေရဲ့ ဘဝရပ်တည်ရေးကို ထိခိုက်မှု မရှိနိုင်ဘူးလားလို့ မေးကြည့်ပါတယ်။

“ အဲဒီ စက်ရုံတွေမှာလုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေရဲ့ ဘဝရပ်တည်မှုဟာ အင်မတန် အရေးကြီးတဲ့ကိစ္စပါ။ ဒါပေမယ့် ဒီ စက်ရုံတွေကထုတ်တဲ့ အဝတ်အထည်တွေအပေါ် အခွန်ကောက်ခံလို့ ရတဲ့ဝင်ငွေတွေ၊ စက်ရုံငှားလို့ ရတဲ့ငွေပမာဏတွေက စစ်အစိုးရကို အကြီးအကျယ် အထောက်အကူပြုနေတဲ့အတွက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေက ဒီကိစ္စကို သပိတ်မှောက် ကန့်ကွက်နေကြတာပါ။ ဒါကြောင့်လည်း မြန်မာပြည်က နှုတ်ထွက်တဲ့ကုမ္ပဏီတွေအနေနဲ့ မနှုတ်ထွက်ခင် အလုပ်သမားတွေကို တနှစ်စာ လုပ်အားခနဲ့ ညီမျှတဲ့ နစ်နာကြေး ပေးခဲ့ဖို့ တောင်းဆိုနေတာပါ။”

အခုနောက်ဆုံး နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တဲ့ Cotton Traders ကုမ္ပဏီအပါအဝင် တခြား နှုတ်ထွက်ခဲ့တဲ့ ကုမ္ပဏီတွေအနေနဲ့ အလုပ်သမားတွေကို တနှစ်စာ နစ်နာကြေး ပေးမယ် မပေးဘူးဆိုတာတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိဘူးလို့ Johnny Chatterton က ပြောပါတယ်။


Cotton Traders ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ ချည်ထည် အဝတ်အထည် စုစုပေါင်းရဲ့ ဘယ်နှစ်ရာခိုင်နှုန်းလောက်ကို တင်သွင်းနေတယ်ဆိုတာ အတိအကျ မသိရပေမယ့် နှစ်စဉ် တနှစ်ကို ပေါင်စတာလင် ၁၄ သန်းကနေ ၁၅ သန်း၊ တနည်းအားဖြင့် အမေရိကန်ဒေါ်လာနဲ့ သန်း ၃၀ လောက် တန်ဖိုးနဲ့ညီမျှတဲ့ ချည်ထည် အဝတ်အထည်တွေကို တင်သွင်းနေတယ်လို့ သိရတဲ့အကြောင်း Johnny Chatterton က ပြောသွားပါတယ်။

ပြီးခဲတဲ့ သြဂုတ်လ ၁၉ ရက်နေ့တုန်းကလည်း ဗြိတိန်နိုင်ငံအခြေစိုက် Lloyd’s of London အာမခံကုမ္ပဏီကြီးအောက်မှာ လုပ်ကိုင်နေကြတဲ့ XL နဲ့ Chubb ကုမ္ပဏီ ၂ ခု ဟာ ဒီ Burma Campaign UK အဖွဲ့က သပိတ်မှောက် ကန့်ကွက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြုပ်နှံမှုတွေ၊ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေကို အာမခံပေးတဲ့လုပ်ငန်း မလုပ်တော့ဖို့ ဆုံးဖြတ်လုက်ပြီး မြန်မာနိုင်ငံကနေ နှုတ်ထွက်ခဲ့ပါတယ်ခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG