ကမ္ဘာ့ငွေကြေး ဈေးကွက်ဖြစ်တဲ့ ဝေါ်လ်စထရိမှာ စတော့ခ်ရှယ်ယာ ဈေးနှုန်းတွေ ကျဆင်းခဲ့တာနဲ့အမျှ အာရှတလွှားက ဈေးကွက်မှာလည်း ဖရိုဖရဲတွေ ဖြစ်ခဲ့ရပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေက စီးပွားရေး လုပ်ငန်းတွေမှာ အရောင်းအဝယ်တွေ ကျဆင်းလာတာ၊ အကျိုးအမြတ်တွေ လျော့နည်းလာတာကြောင့် ကမ္ဘာအဝန်း စီးပွားရေး အကျပ်အတည်း ဆိုက်တဲ့အထိ ဖြစ်လာနိုင်စရာ ရှိတယ်ဆိုတဲ့ အမြင်တွေနဲ့ အခုလို အခြေအနေတွေ ပေါ်ပေါက်လာရတဲ့ အကြောင်းကို ဗွီအိုအေ သတင်းထောက် Katie Hamann အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ကနေ သတင်းပေးပို့ထားတာကို ဦးအောင်လွင်ဦးက တင်ပြထားပါတယ်။
ပြီးခဲ့တဲ့ ရက်တွေအတွင်း စီးပွားရေး နလန်ထူစေဖို့ ကျိုးပမ်းမှုတွေ ရှိနေတဲ့ ကြားကပဲ၊ ဒီကနေ့မှာတော့ ဂျပန်နိုင်ငံက အဓိက စတော့ခ်ရှယ်ယာ အညွှန်းကိန်းတခုဖြစ်တဲ့ Nikkei က ၆ ဒဿမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး အာရှတလွှား ဈေးကွက်မှာ ဖရိုဖရဲတွေ ဖြစ်ခဲ့တာပါ။ အာရှ စီးပွားရေးမှာ ထိပ်တန်းရောက်နေတဲ့ ဂျပန်နိုင်ငံမှာတော့ ယန်းငွေ တန်ဖိုး ခိုင်မာလာတာနဲ့ အမျှ ပြည်ပပို့ကုန်တွေဟာလည်း ဈေးတွေ ပိုတက်လာဖို့ရှိပါတယ်။ ဒါဟာလည်း ဂျပန်နိုင်ငံက လျှပ်စစ်ပစ္စည်းနဲ့ ကားထုတ်လုပ်မှု လုပ်ငန်းအတွက် သတင်းကောင်းတော့ မဟုတ်ပါဘူး။ အကျိုးအမြတ်တွေ နည်းပါးလာလို့ စိုးရိမ်ပူပမ်မှုတွေ ရှိလာတာကြောင့် ဂျပန်နိုင်ငံက ဘဏ်လုပ်ငန်းတွေလည်း အထိနာခဲ့တာပါ။ အိန္ဒိယနိုင်ငံမှာတော့ တတိယအကြီးမားဆုံး ဆော့ဖ်ဝဲယား လုပ်ငန်းတခုဖြစ်တဲ့ Wipro ဟာလည်း ၃ လပတ် ရလာဒ်တွေဟာ မျှော်လင့်ထားတာထက် နည်းပါးလာတဲ့ အတွက် စိတ်မသက်သာစရာလည်း ဖြစ်နေကြပါတယ်။ ဒီကနေ့ မွန်ဘိုင်း စီးပွားရေးဈေးကွက်က စတော့ခ် အညွှန်းကိန်း တွေမှာ ဆိုရင် ၅ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီး မနေ့တုန်းက ဈေးတက်ထားသမျှ တက်တက်ပြောင်ခဲ့တာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှက အင်ဒိုနီးရှားနိုင်ငံက စတော့ဈေးကွက်မှာ ဆိုရင်လည်း ၄ ဒဿမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ Standard Chartered ဘဏ်ရဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ ရုံးခွဲက အကြီးတန်း စီးပွားရေးပညာရှင် ဖာဇီ အီဆန် Fauzi Ichsan ကတော့ အခုနောက်ဆုံး ဈေးနှုန်းတွေ လျှော့ကျခဲ့တာဟာ စီးပွားရေး ကုမ္ပဏီတွေ အနေနဲ့ အမြတ်အစွန်းတွေ လျှော့နည်းလာတာ၊ ကမ္ဘာ့စီးပွားရေး အကျပ်ဆိုက်မယ့် အခြေအနေကို ဦးတည်သွားနေပြီဆိုပြီး စိုးရိမ်ပူပမ်မှုတွေ ရှိလာနေတာတွေကနေ ရောင်ပြန် ဟပ်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အစောပိုင်းမှာတုန်းကတော့ ရင်းနှီးမြုပ်နှံသူတွေ၊ ငွေကြေးရောင်းဝယ် ကစားသူတွေက တကမ္ဘာလုံး အတိုင်းအတာနဲ့ ဘဏ်လုပ်ငန်းစနစ် အခြေမလှ ဖြစ်နေတဲ့အပေါ် ပိုပြီး စိုးရိမ်ခဲ့ကြတာပါ။ ဒါပေမယ့် ကမ္ဘာပေါ်က အဓိကဘဏ်ကြီးတွေမှာ အားဖြည့်ပေးတာ၊ အတိုးနှုန်း လျှော့ချတာတွေ လုပ်ခဲ့တဲ့အချိန်၊ ဘဏ်လုပ်ငန်းစနစ်တွေ ပုံမှန်အခြေအနေ ပြန်ရောက်အောင် ထိန်းနိုင်တော့မယ့် လက္ခဏာတွေ တွေ့ရတဲ့အချိန်မှာ၊ အခုတကယ်တမ်းကျတော့ လူတွေ စိုးရိမ်နေတာက စီးပွားရေး အကျပ်ဆိုက်မယ့် အခြေအနေကို ပူပမ်နေကြတာ ဖြစ်နေပါတယ်။”
တောင်ကိုရီးယားနိုင်ငံက Kospi အညွှန်းကိန်းမှာတော့ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သလို တောင်ကိုရီးယား ဝမ် ငွေ တန်ဖိုးဟာလည်း ဒေါ်လာနဲ့ ယှဉ်ရင် ၃ ရာခိုင်နှုန်း ကျသွားခဲ့ပါတယ်။ ဟောင်ကောင် က Hang Seng အညွှန်းကိန်းဟာ လည်း ပြည်ပငွေကြေးလဲလှယ်မှုမှာ အကြီးအကျယ် အရှုံးပြနေတယ်ဆိုပြီး သတိပေးမှုတွေ ထွက်ပေါ်နေတဲ့ကြားက ၆ ဒဿမ ၂ ရာခိုင်နှုန်း ကျသွားခဲ့ပါတယ်။ ရှန်ဟိုင်း အညွှန်းကိန်းဟာ ဆိုရင်လည်း ၃ ဒဿမ ၂ ရာခိုင်နှုန်းနဲ့ ဈေးပိတ်ခဲ့တာ ဖြစ်ပြီးတော့၊ အထည်လုပ်ငန်းနဲ့ အိမ်သုံးပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းမှာ ရှယ်ယာတန်ဖိုးတွေ ခိုင်မာနေလို့သာ ဒီထက်ပိုပြီး ထိုးကျမသွားတာလည်း ဖြစ်ပါတယ်။ အဲဒီ လုပ်ငန်းတွေကထွက်တဲ့ ပြည်ပပို့ကုန်တွေအပေါ် အခွန်စည်းကျပ်တာတွေကို သက်သာခွင့်ပေးဖို့ ဆုံးဖြတ်ပြီး အစိုးရက အခြေအနေတွေကို ထိန်းပေးထားတာလည်း ဖြစ်ပါတယ်။