သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ရှေ့နေ ဦးအေးမြင့်အတွက် လူဒိုဗစ်တာရီယေး ဆုအခမ်းအနား ရောမမြို့တွင် ကျင်းပ


မြန်မာနိုင်ငံက လူ့အခွင့်အရေး ရှေ့နေဦးအေးမြင့် ကို ဥရောပ ရှေ့နေများ လူ့အခွင့်အရေး ကောင်စီက လူဒိုဗစ် တာရီယေးဆု ချီးမြှင့်တဲ့ အခမ်းအနားကို အောက်တိုဘာလ ၂၈ရက်နေ့က အီတလီနိုင်ငံ ရောမ မြို့တော်မှာ ပြုလုပ်ခဲ့ပါတယ်။ ဥရောပ တလွှားက ထင်ရှားကျော်ကြားတဲ့ ရှေ့နေကြီးတွေ တက်ရောက်ခဲ့ကြတဲ့ ဒီအခမ်းအနားမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ တရားမျှတမှုမဲ့နေတဲ့ အခြေအနေတွေကိုလည်း ဟောပြောခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ဦးအေးမြင့်ကိုယ်စား ဆုတက်ရောက်ယူမယ့်သူ ဥရောပ မြန်မာနိုင်ငံရုံးက ဦးဘာဒီ ဇော်မင်းက ဒီဆုကို ဥရောပ ရှေ့နေများ လူ့အခွင့်အရေး ကောင်စီ ဥက္ကဌကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ပြီး ဦးအေးမြင့်ဆီ ကိုယ်တိုင် ကိုယ်ကျ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း အခုလို ပြောပါတယ်။

“ဒီဆုကို ပေးတဲ့ အဖွဲ့အစည်းရဲ့ ဥက္ကဌကိုယ်တိုင် မြန်မာနိုင်ငံကို သွားပြီးတော့ ဦးအေးမြင့်ကို တွေ့ပြီး ပေးခဲ့ပြီးပါပြီ။ ဒီဆုက တနှစ်တခါ၊ တနိုင်ငံ တနေရာဆီလုပ်တယ်။ ဒီနှစ်က ရောမမြို့မှာ လုပ်တယ်။ အခမ်းအနားနဲ့ သူ့ကို ချီးမြင့်တယ်။ ဥရောပမှာရှိတဲ့ ဥရောပ ရှေ့နေအားလုံးကို ဖိတ်တယ်။ အခမ်းအနားမှာ ဗမာပြည်အကြောင်း ပြောကြတယ်။ ဆုကို ကျွန်တော်က ဦးအေးမြင့် ကိုယ်စား ယူခဲ့ပါတယ်။”

ဒီဆုကို ဘယ်လို ရွေးချယ်ပြီး ပေးသလဲဆိုတာကို ပြောပြပေးပါ။

“တရားဥပဒေကိစ္စတွေ၊ လူ့အခွင့်အရေးကိစ္စတွေ လုပ်တယ်။ လယ်သမားတွေ အခွင့်အရေးကိစ္စတွေလုပ်ခဲ့တယ်။ အလုပ်သမား အခွင့်အရေးတွေလုပ်ခဲ့တယ်။ အတင်းအဓမ္မ လုပ်အားစေခိုင်းမှုကိစ္စတွေမှာလည်း ILOကို သူက ဦးဆောင်ပြီး တိုင်တန်းပေးတယ်။ ဦးအေးမြင့်ပဲ မဟုတ်ဘဲ မြန်မာပြည်မှာ တခြား ရှေ့နေတွေ၊ လှုပ်ရှားသူတွေ လုပ်တဲ့အလုပ်ကို အသိအမှတ်ပြုတဲ့ သဘောပေ့ါ။”

အခမ်းအနားမှာ မှတ်မှတ်ရရ ထူးခြားတဲ့ အကြောင်းအရာတွေ ကြားခဲ့ရသေးလား။

“မြန်မာပြည်မှာ မတရားမှုတွေ ဆက်ပြီး ဖြစ်နေသေးတဲ့အတွက် ရှေ့ဆက်ပြီး ကူညီသွားဖို့ သူတို့ ဆုံးဖြတ်လိုက်ကြပါတယ်။ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို ဓာတ်ပုံပွဲတို့၊ ဆွေးနွေးပွဲ အခမ်းအနားတို့ လုပ်ပြီး ပြောပြမယ်။ ဥရောပမှာ သုံးလတကြိမ်ထုတ် ဥပဒေ မဂ္ဂဇင်းမှာ မြန်မာပြည်အကြောင်း အမြဲပါအောင် လုပ်တယ်။”

လူဒိုဗစ် တာရီယေးဆု ကို လူ့အခွင့်အရေး ဦးအေးမြင့် ကိုယ်စား လက်ခံပေးခဲ့တာကို ရောမမြို့ကနေ ပြောပြပေးနေတာပါ။ ဒီဆုဟာ လူ့အခွင့်အရေး တိုက်ပွဲဝင် ရှေ့နေတွေကို ချီးမြှင့်တဲ့ ရှေးအကျဆုံး၊ အထူးခြားဆုံး ဆုဖြစ်ပါတယ်။ ၁၉၈၅ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး၊ ပထမဆုံး ချီးမြှင့်ခံခဲ့ရတာကတော့ တောင်အာဖရိက ခေါင်းဆောင်ဟောင်း နယ်ဆင် မန်ဒဲလား ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG