သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံသက်တမ်း ၁၃ နှစ် ပြည့်ပြီ


ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ဖမ်းဆီး
ထိန်းသိမ်းခဲ့တာ မနက်ဖြန်ဆို ၁၃ နှစ်ပြည့်ပြီဆိုပြီး
ကမ္ဘာအနှံ့က မြန်မာ့အရေးလှုပ်ရှားနေတဲ့
လူ့အခွင့်အရေး အဖွဲ့အစည်းတွေကနေ
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား
တွေကို လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
အကြောင်းစုံကို ကိုသားညွန့်ဦးက ဆက်သွယ်
မေးမြန်းပြီး တင်ပြပေးထားပါတယ်။

တကယ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခု
နောက်ဆုံးအကြိမ်မှာ ၂၀၀၃ မေလက စတင်ပြီး
ဖမ်းခံရတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ၁၉ နှစ် ၁၉၈၉ ခုနှစ်ကတည်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အကြိမ်ကြိမ် နေအိမ်မှာ အကျယ်ချုပ် ထိန်းသိမ်းခံရတာကြောင့် ဒီရက်တွေကိုပေါင်းပြီး ၁၃ နှစ်ပြည့်လို့ ဒီ လူ့အခွင့်အရေးအဖွဲ့တွေက မနက်ဖြန်ကို သတ်မှတ်ထားကြတာပါ။ အာရှမှာအခြေစိုက်တဲ့ Altsean-Burma လူ့အခွင့်အရေးအဖွဲ့ကတော့ အခု ဒီရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အဓိကထား တောင်းဆိုတာ တွေ့ရပါတယ်။ ဘာကြောင့် အမျိုးသမီးအကျဉ်းသားတွေကို ရွေးပြီး တောင်းဆိုခဲ့တာလဲလို့ Altsean-Burma က ဒက်ဘီ စတော့ဟတ်ကို မေးကြည့်ပါတယ်။

"တကယ်တမ်းတော့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုထားတာ
ပါ။ ဒါပေမယ့် မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရတာ ၁၃ နှစ်မြောက်
အထိမ်းအမှတ်အနေနဲ့ အခု ဒီ သုံးလေးနှစ်အတွင်းမှာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသား
တွေ ပိုများလာတယ်ဆိုတာကို အများက သတိပြုမိစေချင်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ
လ သံဃာလှုပ်ရှားမှုကြောင့် ဖမ်းခံရတဲ့အထဲမှာ အသက် ၈၀ အရွယ် သီလရှင်ကြီး အပါ
အ၀င် အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတွေ အခြေအနေတွေ ဆိုးဆိုးဝါးဝါးဖြစ်နေတာ
ကို သိရတော့ အရမ်းကို တုန်လှုပ်မိတာလည်း ပါပါတယ်။"

အမျိုးသမီးအကျဉ်းသားတွေ အထူးသဖြင့်ဆိုရင် အသက်အရွယ်ကြီးမြင့်တဲ့ အမျိုးသမီး
တွေအတွက် မြန်မာနိုင်ငံက အကျဉ်းထောင်အခြေအနေကြောင့် စိုးရိမ်ပူပန်မိတယ်လို့
လည်း ဒက်ဘီ စတော့ဟတ်က ပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသားတွေ အားလုံးအတွက် စိုးရိမ်ပူပန်ရပါတယ်။ အခုလက်ရှိ အကျဉ်း
ထောင်တွေမှာ အထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂,၁၃၀ ထဲမှာ
အမျိုးသမီး နိုင်ငံရေးအကျဉ်းသားဟာ အနည်းဆုံး ၁၇၉ ဦး ရှိပါတယ်။ ဒီအမျိုးသမီး
အတော်များများဟာ အကျဉ်းထောင်တွေထဲမှာ အခက်အခဲ အကျပ်အတည်းအမျိုးမျိုး
ရင်ဆိုင်နေရပါတယ်။ စဉ်းစားကြည့်စမ်းပါ။ ဒီလို ဆိုးဝါးတဲ့အကျဉ်းထောင်ထဲမှာ
အခုနကပြောတဲ့ အသက် ၈၀ အရွယ် သီလရှင်ကြီးလိုမျိုး၊ အသက် ၆၀-၇၀ ရှိပြီဖြစ်တဲ့
အမျိုးသမီးကြီးတွေ ဘယ်လိုများ နေထိုင်ရမလဲဆိုတာ။ ဒါကြောင့် ဒေါ်အောင်ဆန်း
စုကြည် အပါအ၀င် ဒီ ၁၇၈ ယောက်သော အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတွေရဲ့
အခြေအနေဟာ အတော်လေး ဆိုးဆိုးဝါးဝါးရှိပါတယ်။"

ဒီအမျိုးသမီးတွေဟာ ဘာရာဇ၀တ်ဆိုင်ရာ ပြစ်မှုတစုံတရာ ကျူးလွန်တာမရှိဘဲ
ထောင်တွင်း အကျဉ်းချထားတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်အပေါ်မှာလည်း နားမလည်နိုင်
အောင် ဖြစ်ရတယ်လို့ ဒက်ဘီ စတော့ဟတ်က ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်သဘော နေအိမ်မှာ အကျဉ်းချထားပါတယ်
ဆိုတာတောင်မှ အခြားကမ္ဘာမှာရှိတဲ့ အကျဉ်းထောင်တွေက သာမန်အကျဉ်းသားတွေ
ရနေတဲ့ အခွင့်အရေးမျိုးတောင် မရပါဘူး။ သူဟာ ပုံမှန် ကျန်းမာရေးစောင့်ရှောက်ခွင့်
မရပါဘူး။ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်မရပါဘူး။ သူ့ရဲ့ရှေ့နေ လုပ်ဖော်ကိုင်ဖက်တွေနဲ့
တောင် တွေ့ခွင့်မရပါဘူး။ ဒါဟာ အတော့်ကို ဆိုးတဲ့အခြေအနေပါ။ စစ်သား ၄၀၀,၀၀၀
ရှိတဲ့ ဒီစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလောက်ကြောက်ရွံ့ပြီး အခု သော့ပိတ်
ထိန်းသိမ်းထားသလဲဆိုတာ နားလည်လို့မရပါဘူး။ အသက် ၈၀ အရွယ် သီလရှင်ကြီးကို
လည်း ဘယ်လိုကြောင့် ဒီလောက်ကြောက်ရွံ့ပြီး ထိန်းသိမ်းထားသလဲဆိုတာ နားမလည်
နိုင်ပါဘူး။ ဒီ ၁၇၉ ယောက်သော အမျိုးသမီးတွေဟာ လူ့ဘောင်အတွက် ဘာမှ အမှား
အယွင်းလုပ်တာမဟုတ်ဘဲနဲ့ ဒီစစ်တပ်က ဘယ်လိုကြောင့် ကြောက်လန့်ပြီး ထိန်းသိမ်း
ထားရသလဲ နားမလည်နိုင်ပါဘူး။"

မကြာခင် ပြီးခဲ့တဲ့လက စစ်အစိုးရကနေ အထင်ကရ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့
ဦးဝင်းတင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအချို့ကို လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့်
လည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းလိုက် လွှတ်လိုက် လုပ်နေတဲ့
သဘောကြောင့် ဒီလိုလွှတ်ပေးတာဟာ တိုးတက်လာတယ်လို့ ဒက်ဘီ စတော့ဟတ်က
မယူဆပါဘူး။

တိုက်ဆိုင်စွာပဲ မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရတဲ့ ၁၃ နှစ်ပြည့်ချိန်မှာ
တရုတ်မှာတော့ ဥရောပနဲ့ အာရှ အာဆမ်အစည်းအဝေးကို စတင်ကျင်းပမှာပါ။
ဒါကြောင့်လည်း အင်္ဂလန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားတဲ့ Burma Campaign UK
ရော သြစတေးလျက Burma Campaign Australia တို့ကနေ မြန်မာနိုင်ငံရေးအကျဉ်း
သားတွေ လွတ်မြောက်ရေး သက်ဆိုင်ရာနိုင်ငံတွေက အခု ဒီ အာဆမ်အစည်းအဝေး
ကြီးအတွင်း ဖိအားပေး ပြောဆိုဆောင်ရွက်ကြဖို့ တိုက်တွန်းတောင်းဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG