သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ အရေးပေါ်ရံပုံငွေ စတင်ထူထောင်


ကမ္ဘာ့ငွေကြေးအကျပ်အတည်း ဂယက်ကြီး ရိုက်ခတ်လာမှာကို ကာကွယ်တဲ့အနေနဲ့ အရှေ့အာရှနိုင်ငံတွေက အမေရိကန် ဒေါ်လာ သန်း ၈,၀၀၀ ကို ဘုံရံပုံငွေအဖြစ် ထားရှိကြဖို့ သဘောတူလိုက်ကြပါတယ်။ ဒီငွေတွေဟာ ဒေသတွင်း ဈေးကွက် ပြန်လည်ဦးမော့လာအောင် ယုံကြည်မှုတွေ ရှိလာစေမယ့်အကြောင်း ဘေဂျင်းမြို့ကနေ ဒန်နီယယ် ရှပ်ဖ် (Daniel Schearf) သတင်းပေးထားတာနဲ့အတူ အာရှစတော့ အစုရှယ်ယာဈေးတွေ ၃ ရက်ဆက်တိုက် ထိုးကျနေတဲ့ အကြောင်း Sydney မြို့ကနေ ဖေးလ် မာဆာ (Phil Mercer) ရဲ့ သတင်းပေးပို့ချက် တို့ကို ပူးတွဲပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီ ဘုံ ရံပုံငွေကို လာမယ့်နှစ် နှစ်လည်လောက်မှာ စတင် တည်ထောင်ကြဖို့ အရှေ့အာရှနိုင်ငံတွေက သောကြာနေ့မှာ သဘောတူလိုက်ကြတာပါ။ တိုင်းပြည်အတွင်း အရေးပေါ် ငွေကြေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အာဆီယံ အရှေ့တောင် အာရှနိုင်ငံများ အဖွဲ့၊ ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ အနေနဲ့ ဒီ ဘုံရံပုံငွေကို ထုတ်ယူ သုံးစွဲခွင့် ရှိကြမှာ ဖြစ်ပါတယ်။ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့က ဒီ ဘုံရံပုံငွေရဲ့ ၈၀ % ကို ထည့်သွင်းကြမှာ ဖြစ်ပြီး ကျန်တဲ့ ၂၀ % ကိုတော့ အရှေ့တောင် အာရှနိုင်ငံတွေက ထည့်သွင်းကြမှာပါ။

တင်းမ် ကွန်ဒွန် (Tim Condon) ဟာ ING ရင်းနှီးမြုပ်နံှမှုဘဏ်ရဲ့ အာရှတိုက်ဆိုင်ရာ စင်ကာပူရုံးတွေရဲ့ သုတေသနမှူးပါ။ သူက တကယ်လို့ အဲဒီ စီမံကိန်းသာ အကောင်အထည် ဖော်လိုက်နိုင်ရင် အာရှငွေကြေးဈေးကွက်ကို သိသိသာသာ အထောက်အကူ ပြုလိမ့်မယ်လို့ ဆိုပါတယ်။

“လတ်တလော သူတို့ရင်ဆိုင်ရတဲ့ ဖိအားက ရုတ်တရက် ကြောက်စိတ်မွန်နေတာနဲ့ ပိုသက်ဆိုင်နေတယ်၊ ဒါက ဘဏ္ဍာရေး ဈေးကွက်မှာ အခုဖြစ်နေတဲ့ ကြောက်စိတ်ပေါ့ဗျာ။ သူတို့ကြုံတွေ့ရတဲ့အခါ တိုင်းပြည်ခေါင်းဆောင်တွေက ဒီ ဒေါ်လာ သန်း ၈,၀၀၀ ကို ထုတ်သုံးပြီး သူတို့ကိုယ် သူတို့ ကာကွယ်ဖို့ဖြစ်တယ်လို့ ကျနော်တော့ ထင်တယ်။”

ဘဏ်အချင်းချင်းကြား ငွေချေးမှု အရေအတွက်များတဲ့ တောင်ကိုရီးယားလို နိုင်ငံမျိုးအတွက် ဒီ ဘုံရံပုံငွေက ပိုပြီး အထောက်အကူ ဖြစ်စေမယ်လို့ သူက ပြောပါတယ်။ ကမ္ဘာ့ငွေကြေးဂယက်က ဒေသအတွင်း ပြည်ပပို့ကုန်လုပ်ငန်းကို ထိခိုက်လာနေတာကြောင့် ဒီ ဘုံ ရံပုံငွေကို ဖွဲ့စည်း တည်ထောင်ဖို့ကို ထောက်ခံ အားပေးလာကြတာပါ။

ဒီအတောအတွင်း ကမ္ဘာ့ ငွေကြေးအကျပ်အတည်းက ကုမ္ပဏီတွေရဲ့ ဝင်ငွေကို ထိခိုက်လာနိုင်တယ်လို့ စိုးရိမ်ပူပန်မှုတွေ ထွက်လာတာကြောင် အာရှတိုက်ရဲ့ အစုရှယ်ယာဈေးတွေ ၃ ရက်ဆက်တိုက်အဖြစ် ထိုးကျခဲ့ပါတယ်။ ဂျပန်ရဲ့ Nikkei အစုရှယ်ယာဈေးတွေ ၅ နှစ်ခွဲအတွင်း အနိမ့်ဆုံးကို ကျခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ အစုရှယ်ယာဈေးတွေလည်း ၂၀၀၅ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးကို ကျခဲ့ပါတယ်။ သြစတေးလျရဲ့ ASX အစုရှယ်ယာဈေးကွက်ကတော့ သိပ်သိသိသာသာကြီး ကျခဲ့ခြင်းမရှိပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG