သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်သား အစိုးရအတွက် စစ်အစိုးရဘက်က ပြင်ဆင်မှုမရှိဟု ကင်တာနား ဝေဖန်


မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ အချိန်ကြာနိုင်ပြီး စစ်အစိုးရက အရပ်သား အစိုးရတရပ် အုပ်ချုပ်နိုင်အောင် ပြင်ဆင်တာမျိုး မရှိတဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ တိုမာ့တ်စ် အိုဟေး ကင်တာနား (Thomas Ojea Quintana) က ဝေဖန် ပြောဆိုပါတယ်။ တချိန်တည်းမှာ စစ်အစိုးရ ကျင်းပခဲ့တဲ့ အမျိုးသား ညီလာခံဟာ အတုအယောင် ဖြစ်တယ်လို့ ဝေဖန်လိုက်ပြီး စစ်အစိုးရအနေနဲ့ သူ အဆိုပြုထားတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အချက်လေးချက်ကို လုပ်ဆောင်ဖို့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

မနေ့က ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ တိုမာ့တ်စ် ဟိုဟေး ကင်တာနား က မြန်မာနိုင်ငံအတွင်းမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ ထုတ်ဖေါ်ခွင့်၊ စည်းရုံးခွင့် စတဲ့ နိုင်ငံရေး အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ အကြောင်း၊ စစ်အစိုးရဘက်က နိုင်ငံတကာက လက်ခံတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ လုပ်မယ်ဆိုရင် အခြေခံ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုတဲ့အကြောင်း အဓိက ပြောသွားတာ တွေ့ရပါတယ်။

အရပ်သားအစိုးရတရပ် ပေါ်ပေါက်ရေးနဲ့ပတ်သက်လို့ -

“မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ အရပ်သားအစိုးရတရပ် ပေါ်လာရေးနဲ့ ပတ်သက်လို့ အချိန်ယူရအုံးမှာ ဖြစ်ပါတယ်။ သေချာတဲ့အချက် သိသိသာသာ မြင်ရတဲ့အချက် ကတော့ စစ်အစိုးရက အရပ်သားအစိုးရ အတွက် ပြင်ဆင်တာမျိုး မရှိပါဘူး။ စစ်အတွက်ပဲ ပြင်ဆင်တာ တွေ့ရပါတယ်။ ဒါကြောင့် အချိန်ကြာမယ်လို့ ကျနော်ပြောတာ ဖြစ်ပါတယ်။”

လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်ဖို့ ဆိုရင် နိုင်ငံတကာက သတ်မှတ်ထားတဲ့ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ကိုက်ညီအောင် ပြည်တွင်း ဥပဒေတွေကို ပြင်ဆင်ဖို့၊ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရတဲ့ သူတွေကို ပြန်လွှတ်ပေးဖို့ စစ်တပ်ကို လူ့အခွင့်အရေး သတင်တန်းတွေ ပေးပြီး ပြုပြင်ပြောင်းလဲဖို့ နဲ့ လွတ်လပ်တဲ့ တရားစီရင်မှု နဲ့ တရားဥပဒေ စိုးမိုးအောင် လုပ်ဆောင်ဖို့ အကြံပေးထားပါတယ်။ ဒီအကြံပေးချက်တွေကို မလိုက်နာရင် စစ်အစိုးရအပေါ် နိုင်ငံတကာက အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့လည်း ပြောဆိုသွားပါတယ်။

“ကျနော့် အစီရင်ခံစာမှာ ကျနော် ပြောထားပါတယ်။ စစ်အစိုးရ ကျင်းပတဲ့ အမျိုးသားညီလာခံ ဟာ အတုအယောင် အမျိုးသားညီလာခံ ဖြစ်တယ် ဆိုပြီး၊ ဒီကိစ္စက ရှင်းပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာ ရောက်ခဲ့တဲ့ အတွက်လည်း ဒီကိစ္စကို ကျနော် စုံစမ်းနိုင်ပါတယ်။ ကျနော် အဆိုပြုထားတဲ့ အချက်လေးချက်က မြန်မာစစ်အစိုးရအနေနဲ့ ဒီမိုကရေစီ တည်ဆောက်ရေး ဘာပဲလုပ်လုပ်၊ ဖွဲ့စည်းပုံရေးဆွဲရေးပဲ လုပ်လုပ် ဒီအချက်တွေကို အကောင်အထည် မဖော်ဘူးဆိုရင် နိုင်ငံတကာက အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတာနဲ့ ပတ်သက်လို့လည်း မစ္စတာ ကင်တားနားက -

“ကျနော့် ရှုမြင်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ တဖက်သတ် စစ်အစိုးရဘက်က သူ့သဘောနဲ့သူ ချုပ်နှောင် ထားတာကို ခံထားရတာပါ။ မျှမျှတတ တရားစီရင်တာကို မခံရဘူးလို့ ကျနော် မြင်ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေက အယူခံ ဝင်ထားတယ်လို့ ကျနော် သိပါတယ်။ စစ်အစိုးရအနေနဲ့ ဒီကိစ္စကို အရေးတယူ ပြန်လည်ပြုပြင်ပြီး မျှမျှတတ စဉ်းစားမယ်၊ ချက်ခြင်း လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံအတွင်း မုန်တိုင်းဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ဆက်ပြီး လိုအပ်နေဆဲ ဖြစ်တဲ့အကြောင်းနဲ့ တချိန်တည်းမှာ လူ့အခွင့်အရေး အခြေအနေကိုလည်း ပစ်ပယ်ထားလို့ မရတဲ့အကြောင်း မစ္စတာ ကင်တားနားက ပြောသွားပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အကျဉ်းထောင်တွေကို လွတ်လွတ်လပ်လပ် သွားခွင့်ရဖို့ စစ်အစိုးရ အာဏာပိုင်တွေနဲ့ အကြိတ်အနယ် ဆွေးနွေးခဲ့ရတာတွေ ရှိတဲ့အကြောင်း ကိုလည်း ထည့်သွင်းပြောဆိုသွားပါတယ်၊ ကုလသမဂ္ဂဟာ မြန်မာစစ်အစိုးရကို အထီးကျန် ဝိုင်းပယ်ခံ ထားရတာကနေ ကယ်ထုတ်ဖို့ ကြိုးစားတာ ဖြစ်တယ်ဆိုတာ စစ်အစိုးရ နားလည်ဖို့ လိုတဲ့အကြောင်းတွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရဘက်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ မစ္စတာ ကင်တားနားရဲ့ တိုက်တွန်းချက်တွေနဲ့ ပတ်သက်လို့ အဲန်လ်အယ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အခုလို ပြောဆိုပါတယ်။

“မစ္စတာ ကင်တားနား ပြောသွားတဲ့အချက်တွေ အားလုံးဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အရေးကြီးတဲ့ အချက်တွေ ဖြစ်တယ်။ ဒါ့ကြောင့် မစ္စတာ ကင်တားနား ပြောကြားချက်ကို အဖွဲ့ချုပ်အနေနဲ့ ကြိုဆိုတယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။”

စစ်တပ်အုပ်ချုပ်တဲ့ အစိုးရကနေ အရပ်သားအစိုးရတရပ်ကို ပြောင်းလဲရေးလုပ်ဖို့ဆိုရင် အချိန်ကြာနိုင်တယ်လို့ ပြောတာနဲ့ပတ်သက်လို့ အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အခုလို တုံ့ပြန်ပါတယ်။

“အဲဒါက မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူလူထုနဲ့ အာဏာပိုင် အဖွဲ့အစည်းများ ညီညွတ်မှု မညီညွတ်မှုအပေါ်မှာ မူတည်ပါ လိမ့်မယ်။ ကြံ့ကြာတယ် ဆိုတာ မညီညွတ်ရင်ကြာမယ်။ ဝိုင်းပြီးထမ်းလိုက်ရင် မကြာဘူးပေါ့။ ဝိုင်းမထမ်းနိုင်ဘဲနဲ့ ဒီမိုကရေစီ ဆန့်ကျင်ရေး တပ် ယန္တယားကြီး လည်ပတ်ရေးပဲ စဉ်းစားမယ် ဆိုရင်တော့ ကြံ့ကြာမယ့် သဘောရှိပါတယ်။”

အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြသွားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG