သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးတိုင်း အဲန်အယ်လ်ဒီအဖွဲ့ဝင်များ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ


ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကတည်းက အာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ မန္တလေးတိုင်း စည်း ဒေါ်ဝင်းမြမြ နဲ့ မန္တလေးတိုင်း အဲန်အယ်လ်ဒီ ခေါင်းဆောင်တွေ တိုင်း လူငယ်အဖွဲ့ဝင်တွေကို စစ်အစိုးရက ဒီနေ့ မန္တလေးအကျဉ်းထောင်ထဲက တရားရုံးမှာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု၊ တဖက်နဲ့တဖက် မလိုမုန်းထားမှုတွေ ဖြစ်အောင် ပြောဆိုမှု စတဲ့ ပြစ်မှုမျိုးစုံကို ကျူးလွန်တယ်ဆိုပြီး ပြစ်ဒဏ် နှစ်ရှည် ချမှတ်ခဲ့တာပါ။ အကြောင်းစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က တင်ပြထားပါတယ်။

၂၀၀၇ ခုနှစ်ကတည်းကနေ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ မန္တလေးတိုင်းစည်း တွေနဲ့ ဒီကနေ့မှာပဲ ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်တာ ဖြစ်ပါတယ်။ မန္တလေးတိုင်းစည်း ဒေါ်ဝင်းမြမြရဲ့ အစ်ကို ပြောပြတာကတော့ -

“မန္တလေးတိုင်းက မြို့နယ်လူငယ် ၃ ယောက်ပေါ့လေ။ ဒေါ်ဝင်းမြမြ က ၁၂ နှစ်၊ ဦးကံထူး တိုင်းစည်းအတွင်းရေးမှူးကလည်း ၁၂ နှစ်ပဲ။ ဦးသန်းလွင် တိုင်း ဒု-ဥက္ကဌ ကလည်း ၈ နှစ်၊ ကိုမင်းသူ မိုးကုတ်မြို့နယ် လူငယ်စည်း ကလည်း ၁၃ နှစ်၊ ကိုဝင်းရွှေ ကျောက်ပန်းတောင်း မြို့နယ် လူငယ်စည်း ကလည်း ၁၁ နှစ်၊ ကိုတင်ကိုကို မန္တလေးတိုင်း၊ မိတ္ထီလာ မြို့နယ် လူငယ်စည်း ကလည်း ၂ နှစ်။ အဲဒီလို ကျသွားပါတယ်။”

တကယ်တော့ အာဏာပိုင်တွေ တင်ထားတဲ့ စွဲချက်တွေဆိုတာကလည်း မန္တလေးတိုင်းအတွင်းက မြို့နယ်စည်းအဖွဲ့ဝင် အချင်းချင်း ပြောတဲ့စကားတွေ၊ တွေ့ဆုံနေကျ အမေရိကန်သံတမန်တွေ နဲ့ ထမင်းစားရင်း ပြောတဲ့စကားတွေကို အခြေခံပြီးတော့ စွဲဆိုခဲ့တာလို့လည်း ပြောပြခဲ့ပါတယ်။

“မန္တလေးတိုင်း မြို့နယ် ၃၀ အစည်းအဝေး အတွင်းမှာ အဖွဲ့ချုပ်ဝင် အချင်းချင်း ပြောဆိုတဲ့စကားတွေကို သူတို့ တိပ်ခွေ ဖမ်းထားတယ်။ နောက် ကျနော်တို့ အမေရိကန် သံအမတ်တွေနဲ့ ရွှေဖဲ စားတော်ဆက်မှာ တိုင်းစည်းတွေ လက်ဆုံ ထမင်းစားရင်းနဲ့ အလာပ သလာပ ပြောတဲ့စကားတွေကို တိပ်ခွေနဲ့ ဖမ်းထားတယ်။ သံတမန် ဆိုတာကလည်း ဗဟိုရော မန္တလေးတိုင်းရောမှာ ဟိုးရှေးတုန်းကတည်းက အဝင်အထွက် ရှိတဲ့အနေအထားပါ။ ဒါတွေက ထုံးစံပဲ။ သူတို့ စာနယ်ဇင်းတွေလည်း မကြာခဏ ဆိုသလို ဖော်ပြနေတာပဲ။ စားရင်းသောက်ရင်းနဲ့ ပြောတဲ့စကားတွေကိုပဲ သူတို့က စွဲချက်တင်သွားတာ ဖြစ်တယ်။”

အခုလို နှစ်တွေ များလာတယ် ဆိုတာကလည်း ပုဒ်မ တခုတည်းကို ၄ ကြိမ်ခန့် စွဲဆိုတဲ့အတွက် ထောင်ကျနှစ် ပိုများလာတယ်လို့လည်း မိသားစုက ပြောပြပါတယ်။ ၅၀၅/ခ ဆိုတဲ့ ပုဒ်မက ၂ နှစ်လောက်ပဲ ချလို့ရတဲ့အတွက် အစိုးရကို အကြည်ညိုပျက်အောင် လုပ်မှုတွေကို ၄ ကြိမ်ခန့် ကျူးလွန်ခဲ့တယ် ဆိုပြီးတော့ အကြိမ်ကြိမ် စွဲချက်တင်တဲ့သဘောပါပဲ။ အခုလို ပုဒ်မတွေကို အကြိမ်ကြိမ် စွဲချက်တင်လို့ ရပါသလား ဆိုတာကိုလည်း သူတို့ရဲ့ ရှေ့နေကြီး ဦးမြင့်တင် ကို မေးမြန်းကြည့်ခဲ့ပါတယ်။

“စွဲတဲ့အခါမှာ စွဲလို့ရလားလို့ မေးရင် ဥပဒေအရ စွဲလို့ ရပါတယ်။ ဒါပေမေယ့် ကျနော်တို့ ဥပဒေမှာ ၁၂ လအတွင်းမှာ အဖြစ်အပျက် အကြောင်းအရာကို ပစ်မှုဆိုင်ရာ ဥပဒေပုဒ်မ တခုတည်းနဲ့ စွဲမယ်ဆိုရင် တပေါင်းတည်း စွဲရမယ်လို့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာ (၂၃၄)၊ (၂၃၅) တို့မှာ ပြဌာန်း ထားပါတယ်။ ဒါပေမယ့် တရားရုံးက ဒေါ်ဝင်းမြမြ တို့ အဲဒီလို သက်ညှာခွင့် မပေးဘူးပေါ့ခင်ဗျာ။ ဥပမာ - ၆၀၈/၀၈ ဆိုလို့ရှိရင် ၂၀၀၆ မှာ တကြိမ်တွေ့လို့ ပြောတဲ့စကားပေါ့။ ၆၀၉/၀၈ အမှုကျတော့ သူနဲ့ လတော်တော်ကို ကွာပြီးတော့မှ တွေ့တဲ့ ပြောခဲ့တဲ့စကားတွေပေါ့။ နောက် ၆၁၀ ဆိုတာကလည်း အဲဒီလို တနှစ်နီးပါးလောက် ကွာပြီးတော့မှ ပြောတဲ့စကားတွေပေါ့။ အဲဒီလို ရက်စွဲတွေ မတူဘူး။ အကြောင်းအရာတွေ မတူတဲ့ အတွက် ခွဲပြီးတော့ စွပ်စွဲခံရတာ ဖြစ်ပါတယ်။ အဲဒီ ၄ မှုလုံးမှာလည်း ၅၀၅/ခ က ၄ မှုလုံးမှာ ပါနေတယ်ခင်ဗျ။ တစ်မှုတစ်မှုမှာ ဥပဒေအရ ပြစ်ဒဏ် ချမယ်ဆိုရင် အမှုပေါင်းပြီးတော့လည်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၇၁) အရ ချလို့ ရပါတယ်။ ပြစ်မှုကျင်းထုံးအရ အားလုံး ပေါင်းလို့လည်း ရပါတယ်။ ဒါပေမယ့် ဒေါ်ဝင်းမြမြကို မပေါင်းပေးဘူးခင်ဗျ။ ၄ မှုလုံးမှာ တစ်မှုစီ စွဲပြီးတော့ သီးခြားစီ ချလိုက်တဲ့အတွက် ၁၂ နှစ် ဖြစ်သွားတာပါ။”

နောက်ဆုံး ရုံးထုတ်ချိန်မှာတော့ အမိန့်ချမှတ်ရက် ဖြစ်တဲ့အတွက် တရားရုံးမှာ အပြင်လူမဝင်နိုင်အောင်လည်း စီမံ ဆောင်ရွက်ထားတယ်လို့လည်း ရှေ့နေကြီးက ပြောပြပါတယ်။

“လုံခြုံရေးတွေ သူတို့ အပြည့်ချတယ်။ ထောင်မှာ အရင် စစ်နေကျ ဓမ္မာရုံမှာ စီရင်ချက် မချဘူး။ ထောင်ကနေ ဟိုး အတွင်းထဲကို တော်တော်လေး ဝင်သွားရတဲ့ သင်တန်းကျောင်းထဲက ဓမ္မာရုံထဲမှာ ပြစ်ဒဏ်ချတယ်။ လုံခြုံရေးတွေ အပြည့်ထားတယ်။ ကျနော်တို့ ရှေ့နေ ၃ ယောက်ကိုလည်း အဲဒီ ဓမ္မာရုံကို သီးခြား ပို့ပေးတယ်ပေါ့လေ။ ပို့ပေးပြီးတော့ လုံခြုံရေးတွေကြားမှာပဲ တရားသူကြီးနဲ့ တရားခံနဲ့ ကျနော်တို့ ရှေ့နေတွေပဲ ရှိတယ်။ ဘေးမှာကတော့ သူတို့ လုံခြုံရေး အစောင့်တွေ ထားပြီးတော့ ပြစ်ဒဏ်ချတယ်။ နောက်ဆုံး ကိုဝင်းရွှေ ဆိုတာကို ပြစ်ဒဏ်ချနေတုန်းမှာပဲ ကျန်တဲ့ ၅ ယောက်ကို ထောင်ကို ချက်ချင်း ပို့လိုက်တယ်။ ကျနော်တို့တောင် စကားပြောခွင့်မရလိုက်ဘူး။”

စွဲချက်တင်ပြီးတော့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဒေါ်ဝင်းမြမြ အပါအဝင် ၅ ဦးကို နောက်ဆုံးမှာတော့ ရှေ့နေနဲ့တောင် စကားပြောခွင့် မပေးတော့ဘဲ နောက်ဆုံး ပြစ်ဒဏ်ချမှတ်ခံရတဲ့ ကိုဝင်းရွှေရဲ့ အမှုကို စီရင်ချက် ချနေတုန်းမှာပဲ အိုးဖို ထောင်ထဲကို ကျန်တဲ့ ၅ ဦးစလုံးကို ခေါ်သွားတယ်လို့လည်း ပြောပြပါတယ်။

အမေရိကန် သံအရာရှိနဲ့ ဒေါ်ဝင်းမြမြတို့ ရွှေဖဲစားတော်ဆက်မှာ စားသောက်ရင်း စကားပြောဆိုခဲ့တာတွေထဲမှာ မန္တလေးတိုင်းအတွင်းက အန်လ်ဒီ ဆိုင်းဘုတ် အဖြုတ်ခံရတဲ့ ကိစ္စ။ မန္တလေးတိုင်း အန်လ်ဒီခေါင်းဆောင် တဦးဖြစ်တဲ့ ဦးသန်းလွင် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရတဲ့ ကိစ္စနဲ့ အန်လ်ဒီ အဖွဲ့ဝင်တွေ နုတ်ထွက်ပါတယ်ဆိုပြီး အာဏာပိုင်တွေ ဘက်က ဖိအားပေးမှုတွေ၊ နုတ်ထွက်ပါတယ်ဆိုပြီး ကြေညာတာတွေနဲ့ ပတ်သက်လို့ ပြောဆိုခဲ့တဲ့အကြောင်း ရှေ့နေဦးမြင့်သွင်က ပြောပြပါတယ်။

ဒီလို အမေရိကန် သံအရာရှိနဲ့ စားသောက်ဆိုင်အတွင်း ပြောပြချက်တွေကို အာဏာပိုင်တွေဘက်က တိတ်တဆိတ် အသံသွင်းခဲ့ပြီး တရားရုံးမှာ ပြန်ဖွင့်ပြရင်း အမှု စွဲဆိုခဲ့တာဖြစ်တယ်လို့လည်း အကျိုးဆောင်ရှေ့နေ ဦးမြင့်သွင်က ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG