သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှဥရောပ ထိပ်သီးတွေ ဈေးကွက်ယုံကြည်မှု ပြန်လည်ရရှိရေး ဆွေးနွေး


မနေ့က တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်းမြို့မှာ အာရှနဲ့ ဥရောပနိုင်ငံ ခေါင်းဆောင်တွေ ကမ္ဘာ့ဈေးကွက်အပေါ် ယုံကြည်စိတ်ချမှု တိုးမြင့်လာရေးအတွက် ဘယ်လိုများ ဝိုင်းဝန်း လုပ်ဆောင်ကြမလဲ ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ တရုတ် သမ္မတ ဟူကျင်းတောင် က ကမ္ဘာ့ ငွေကြေးဈေးကွက် ပြဿနာရဲ့ အရှိန်ကြောင့် တရုတ်နိုင်ငံမှာလည်း မရေရာမသေချာမှုနဲ့မတည်ငြိမ်မှု တိုးပွားနေတယ်လို့ ပြောခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘေဂျင်းကို ရောက်နေတဲ့ VOA သတင်းထောက် Daniel Schearf သတင်းပေးပို့ ထားပါတယ်။

မနေ့က ဥရောပနဲ့ အာရှနိုင်ငံပေါင်း ၄၀ က နိုင်ငံ့ခေါင်းဆောင်တွေဟာ ဘေဂျင်းမြို့တော်မှာ (၇) ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီး အစည်းအဝေးပွဲ အတွက် တွေ့ဆုံခဲ့ကြရာမှာ ကမ္ဘာ့ငွေကြေး အကျပ်ရိုက်မှု ပြဿနာကို ဟန်ချက်ညီညီ ဖြေရှင်းကြဖို့ အားထုတ်ကြိုးပမ်းခဲ့ကြပါတယ်။

ASEM အေဆမ် လို့ ခေါ်တဲ့ အာရှ-ဥရောပ ထိပ်သီး အစည်းအဝေးပွဲဟာ ၁၉၉၆ ခုနှစ်ကတည်းက နှစ်နှစ်တခါ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ နှစ်ရက်ကြာကျင်းပမယ့် ဒီ အာရှ-ဥရောပအစည်းအဝးရဲ့ပထမနေ့မှာေတော့ ကမ္ဘာငွေကြေး အကျပ်ရိုက်မှု ပြဿနာကို ထိပ်ဆုံးက ဦးစားပေးဆွေးနွေးခဲ့ကြပါတယ်။

ASEM အစည်းအဝးအဖွင့်မှာ တရုတ်သမ္မတ ဟူကျင်းတောင် အမှာစကား ပြောကြားခဲ့တာကို အစိုးရ ရုပ်မြင်သံကြားမှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ သမ္မတ ဟူကျင်းတောင် က ကမ္ဘာ့ငွေကြေး အကျပ်ရိုက်မှု ဂရက်ကြောင့်

တရုတ်စီးပွားရေးမှာ မတည်ငြိမ်မှုတွေ တိုးပွားစေခဲ့တယ်။ ဒီပြဿနာကြီးကို ကမ္ဘာနိုင်ငံတွေအကြား ဟန်ချက်ညီညီနဲ့ ဝိုင်းဝန်း ဖြေရှင်းကြဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

“တရုတ်စီးပွားရေး တိုးတက်မှုမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေ အမျိုးမျိုး ကြုံတွေ့နေရတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေး တည်ငြိမ်မှုကိုက ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်တည်ငြိမ်မှုနဲ့ စီးပွားရေး တိုးတက်မှုအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်။” - လို့ သမ္မတ ဟူကျင်းတောင် က တရုတ်ဘာသာစကားနဲ့ ပြောသွားခဲ့တာပါ။

အစည်းအဝေး အစပိုင်းမှာ အရှေ့တောင်အာရှ နိုင်ငံများ အပါအဝင် တရုတ်၊ ဂျပန်နဲ့ တောင်ကိုးရီးယားတို့က ကမ္ဘာ့ ငွေကြေးဈေးကွက်ရဲ့ ရိုက်ခတ်မှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ ရည်ရွယ်ပြီးထားရှိတဲ့ ဒေသတွင်း အရေးပေါ် ရံပုံငွေ အတွက် ဒေါ်လာ ဘီလီယံပေါင်း ၈၀ ထည့်ဝင်ခဲ့ကြပါတယ်။ ဒါတောင် မနေ့က အာရှတခွင် အစုရှယ်ရာဈေးတွေ ထိုးကျသွားခဲ့ပါတယ်။ ဟောင်ကောင်ရဲ့ ဟန်စန် ညွန်းကိန်းဟာ လေးနှစ်အတွင်း အနှိမ့်ဆုံးအဆင့် ကျသွားပြီး တရုတ်အစုရှယ်ရာ ညွှန်းကိန်း ကတော့ နှစ်နှစ်အတွင်း အနှိမ့်ဆုံးအဆင့် ကျသွားခဲ့ပါတယ်။

ဂျပန်နဲ့ တောင်ကိုးရီးယား နိုင်ငံက အစုရှယ်ရာ ဈေးတွေဟာလည်း အလားတူ စံချိန်ချိုးလောက်အောင် ကျဆင်း သွားခဲ့ပါတယ်။ ဥရောပကော်မရှင် ဥက္ကဌဖြစ်သူ Jose Manuel Barroso က အာရှနဲ့ ဥရောပနိုင်ငံတွေ လက်တွဲပြီး စီးပွားရေး တိုးတက်မှု တည်ငြိမ်မှုနဲ့ ဈေးကွက်အပေါ် ယုံကြည်စိတ်ချမှုတွေကို ပြန်လည် ဆောက်တည်နိုင်ဖို့ အတွက် ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့တွေသာ ကိုယ့်တိုင်းပြည်တံခါးကို ကိုယ်ပိတ်ပြီး ကိုယ့်ပြဿနာကို ကိုယ်ပဲကြိတ်ပြီး ဖြေရှင်းမယ် ဆိုရင်တော့ လက်ရှိ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုကြီးတွေကို ကျော်လွှားနိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့အားလုံးဟာ တနိုင်ငံနဲ့ တနိုင်ငံ ရောင်းဝယ် ကုန်သွယ်မှုနဲ့ စီးပွားရေးတံခါးဖွင့်ထားမှုတွေရဲ့ အသီးအပွင့်တွေကို ခံစားနေကြရတာပါ။ ဒါကြောင့် ကျနော်တို့ အားလုံး မိမိကိုယ်ကိုယ် ကာကွယ်ပြီး လွတ်လပ်စွာ ကုန်သွယ်မှုကို ဟန့်တားမှု၊ နိုင်ငံတကာနဲ့ မဆက်ဆံဘဲ တကိုယ်တည်း အထီးကျန် ရပ်တည်မှုနဲ့ မိမိတကိုယ်ရည် အကျိုးစီးပွားကိုပဲ အာရုံစိုက်မှု ဆိုတာတွေကို ရှောင်ရှားကြရမှာ ဖြစ်တယ်။

ဘာလို့လဲ ဆိုတော့ ဒါတွေဟာ စီးပွားရေးပြန်လည် ဦးမော့လာဖို့အတွက် အခွင့်အလမ်းတွေ မပေးပဲ အကျိုးဆုတ်ယုတ်မှု ကိုသာ ဖြစ်စေမှာဖြစ်ပါတယ်။”

ဆက်လက်ပြီး မစ္စတာ ဘရိုးဇူ က ဒီအစည်းအဝေးမှာ လက်ရှိကမ္ဘာ့ စီးပွားရေး အကျပ်ရိုက်မှု ပြဿနာကို ဦးစားပေး ဆွေးနွေးနေပေမယ့် တခြားကမ္ဘာမှာ ဖြစ်ပျက်နေတာတွေကိုလည်း အတူတကွ ညှိနှိုင်း ဖြေရှင်းကြရမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဥတုရာသီ ပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်နဲ့ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်မှု၊ လောင်စာဆီ ဖူလုံမှု စတဲ့ ကိစ္စတွေမှာလည်း ပူးပေါင်းဆောင်ရွက်ကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဥရောပဘက်က တရုတ်နဲ့ အိန္ဒိယလို တိုးတက် ခေတ်မီလာပြီ ဖြစ်တဲ့ နိုင်ငံတွေ ဆီကနေ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လက်ရှိထက် ပိုပြီး ဖိဖိစီးစီး လျှော့ချဖို့ တိုက်တွန်းခဲ့ပါတယ်။ အာရှ-ဥရောပ ထိပ်သီးညီလာခံမှာ တက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင်တွေအကြား ဒေသတွင်းနဲ့ နိုင်ငံတကာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာတွေကို တွေ့ဆုံဆွေးနွေးတာသာဖြစ်ပြီး လိုက်နာရမယ့် အချက်တွေကို သဘောတူညီမှု ရယူတာမျိုးကို ပြုလုပ်လေ့မရှိပါဘူး။

အဲဒီထိပ်သီးညီလာခံမှာ တရုတ်အစိုးရအနေနဲ့ Eco-city Network ခေါ် သဘာဝ
ပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ မြို့တော်များ ကွန်ယက်အတွက် ဦးဆောင်အဆိုပြုဖို့ မျှော်လင့်နေကြတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ဆိုပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အကျယ်တဝင့်တော့ ဖော်ပြမထားပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG