ကမ္ဘာ့ ငွေကြေး အကျပ်အတည်း ကို ဖြေရှင်းဖို့ လက်ရှိ ဆောင်ရွက်နေကြတာတွေ က မလုံလောက်တဲ့ အတွက် ဒါ့ထက်ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ တရုတ်နိုင်ငံ ဘေကျင်းမြို့ မှာ ကျင်းပနေတဲ့ အာရှ ဥရောပ ခေါင်ဆောင်များ အစည်းအဝေး က ဆိုပါတယ်။ ဘေကျင်းမြို့ မှ သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။
ငွေကြေး အကျပ်အတည်း ကို ကိုင်တွယ်နိုင်အောင် ညှိနှိုင်းဆောင်ရွက်ကြဖို့ အာရှ နဲ့ ဥရောပ ခေါင်းဆောင် ၄၀ ကျော်တို့ က စနေနေ့ က ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်ထဲ မှာ ပြောထားပါတယ်။ နိုင်ငံတကာ ငွေကြေးစံနစ် နဲ့ ဘဏ္ဍရေး စံနစ်များ ပြုပြင် ပြောင်းလဲဖို့ ဆောင်ရွက်ချက်တွေကို ထောက်ခံကြမယ်လို့ ခေါင်းဆောင်တွေ က ကတိပြုလိုက်ကြပါတယ်။ စီးပွားရေး ပြန်နလန်ထလာအောင် နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ကြီး (အိုင်အမ်အက်ဖ်) က ဦးဆောင်တဲ့ အခန်းကဏ္ဍ က ပါဝင်ဖို့လည်း ကြေညာချက် က တောင်းဆိုထားပါတယ်။
အကျပ်အတည်း ကို ကျော်လွှားနိုင်ဖို့ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှု နဲ့ တာဝန်ယူမှုတွေ ကို တိုင်းပြည်အားလုံး က ပြသဖို့ လိုအာပ်တယ်လို့ တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင် က ပြောလိုက်ပါတယ်။ အခက်အခဲတွေ ကို ကျော်လွှားရာမှာ ပူးပေါင်း ဆောင်ရွက်ခြင်းနဲ့သာ ကမ္ဘာ့နိုင်ငံတွေ က အင်အားရှိလာနိုင်တယ် လို့ သူ ဆိုပါတယ်။
“ယုံကြည်မှု လို့ ပြောရာမှာ ငွေကြေးဈေးကွက်တွေ တည်ငြိမ်လာအောင် ပြတ်သားတဲ့ ဆောင်ရွက်ချက်တွေ ကို တိုင်းပြည်အားလုံး အထူးသဖြင့် ဖွံ့ဖြိုးပြီး တိုင်းပြည်တွေ က မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာ လူတွေ မှာ ပိုပြီး ယုံကြည်မှု ရှိလာမှာ ဖြစ်ပါတယ်။” - လို့ သူ က ပြောခဲ့တာပါ။
အာဆီယံ ဥရောပ အစည်းအဝေး အပြီး မှာ ကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။ ဒီ အစည်းအဝေး က တိုက်ကြီး ၂ တိုက်ကြား နားလည်မှု နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးများလာရအောင် နှစ်ရက်ကြာ ကျင်းပတဲ့ အစည်းအဝေး ဖြစ်ပါတယ်။
နှစ် နှစ်တစ်ခါ ကျင်းပတဲ့ ဒီ အစည်းအဝေး က ပုံမှန်အားဖြင့် ဆွေးနွေးတွေ့ဆုံပွဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ ကြွေးပေးကြွေးယူ လုပ်ငန်း အကျပ်အတည်း ဖြစ်ရာက ဖြစ်ပေါ်လာတဲ့ စီးပွားရေး ဆုတ်ယုတ်မှုကြောင့် အဖြေရှာဖို့ အာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။ ဈေးကွက် ကို ထိန်းညှိတာ နဲ့ ငွေရေးကြေးရေး လုပ်ငန်းတွေ မှာ တီထွင်ကြံစမှု ရှိတာအကြား ဟန်ချက်မျှတဖို့ လိုအပ်တယ်လို့ တရုတ်ဝန်ကြီးချုပ် မစ္စတာ ၀မ် က ဆိုပါတယ်။
“ငွေကြေးလုပ်ငန်း ဆိုင်ရာ တီထွင်မှု လိုအပ်ပါတယ်။ ဒါပေမယ့် ငွေကြေးဆိုင်ရာ ကြီးကြပ်မှု က ပိုတောင် လိုအပ်ပါတယ်။ အကျပ်အတည်းကြောင့် တရုတ် စီးပွားရေး က ဆိုးဆိုးရွားရွားကြီး ပျက်စီး မသွားခဲ့ပေမယ့် တကမ္ဘာလုံး ၀ယ်လိုအား ထိုင်းလာနိုင်တာကြောင့် ထိခိုက်ဖွယ်တော့ ရှိနေပါတယ်။” - လို့ သူ က ပြောသွားတာပါ။
စွမ်းအင် လုံခြုံရေး၊ ဆင်းရဲမှု နဲ့ ရာသီဥတု အပြောင်းအလဲ ကိစ္စတွေကိုလည်း အခြား ပြဿနာတွေ နဲ့ အတူ အစည်းအဝေး မှာ ဆွေးနွေးခဲ့ကြပါတယ်။ ငွေကြေးဆိုင်ရာ အကျပ်အတည်း ကြောင့်တော့ ရာသီဥတု အပြောင်းအလဲအတွက် ဆောင်ရွက်စရာရှိတာတွေ ဆောင်ရွက်နေတာ ကို မရွှေ့ဆိုင်းသင့်ဘူး လို့ ဥရောပ ကော်မရှင် ဥက္ကဌ ဟိုဆေး မန်နျူရယ် ဘာရိုဆို (Jose Manuel Barroso) က ပြောကြားပါတယ်။
“မတူကွဲပြားတဲ့ တာဝန်ယူမှု နဲ့ မျှဝေ လုပ်ဆောင်ရေး ဆိုတဲ့ မူ နဲ့ အညီ၊ တကမ္ဘာလုံးဆိုင်ရာ ကျယ်ပြန့်ပြည့်စုံတဲ့ သဘောတူညီချက် တစ်ရပ် ကို ရရှိဖို့ ကျနော်တို့ လိုအပ်ပါတယ်။ ဒီကနေ့ တော်တော် ကောင်းကောင်း အမြင်ဖလှယ်ခဲ့ကြပြီးတဲ့နောက် အဲဒီလို သဘောတူညီချက် ကျနော်တို့ ရနိုင်တယ်လို့ ကျနော် ယုံကြည်ပါတယ်။”
ဥရောပ နဲ့ အာရှ တိုက် ၂ တိုက် က ကမ္ဘာ့ ထုတ်ကုန် ရဲ့ တစ်ဝက်ကျော် ကို ထုတ်ပေးနေပါတယ်။ အမေရိကန် နိုင်ငံ မှာ အိမ်ချေးငွေတွေ အများကြီး ကို ချေးခဲ့ရာ က အဓိက ကျတဲ့ ဘဏ်ကြီးတွေ ပိတ်တန်ပိတ်ရ၊ ပေါင်းတန်ပေါင်ရ ဖြစ်ခဲ့တဲ့အတွက် ငွေကြေးအကျပ်အတည်း က အမေရိကန် မှာ စဖြစ်ခဲ့တာပါ။
ကြွေးပေးကြွေးယူ လုပ်ငန်း အကျပ်ရိုက်သွားတဲ့အခါ၊ ၀ယ်လိုအား၊ ရင်းနှီးမြှုပ်နှံမှု နဲ့ ကမ္ဘာ့ ကုန်သွယ်ရေးတွေ ထိုင်းသွားခဲ့ပါတယ်။ ငွေကြေး အကျပ်အတည်း ထိပ်သီး အစည်းအဝေး တစ်ရပ် ကို နောက်လ မှာ အမေရိကန် အစိုးရ က ကျင်းပမှာပါ။ အဲဒီ ထိပ်သီး အစည်းအဝေး ကို ထောက်ခံကြမယ်လို့ ဘေကျင်းမှာ တွေ့ဆုံခဲ့ကြတဲ့ အာရှ နဲ့ ဥရောပ ခေါင်းဆောင်တွေ ရဲ့ အစည်းအဝေး က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီး နိုင်ငံရေးပါတီ တွေကို လွတ်လပ်စွာ လှုပ်ရှားခွင့် ကန့်သတ် ချုပ်ချယ်ထားတာတွေကို စစ်အစိုးရအနေနဲ့ ရုတ်သိမ်းပေးဖို့ တရုတ်နိုင်ငံမှာ တွေ့ဆုံခဲ့ကြတဲ့ အာရှနဲ့ ဥရောပက ခေါင်းဆောင်တွေက တောင်းဆိုကြောင်း လွန်ခဲ့တဲ့ နာရီပိုင်းလေးကတက်လာတဲ့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ စီးပွားရေးနဲ့ လူမှုဆိုင်ရာ ဖွံဖြိုးတိုးတက်ရာ တိုးတက်ကြောင်းတွေ လုပ်ဆောင် နိုင်ရေးတို့အတွက် သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေနဲ့ အဖွဲ့အစည်းအားလုံး ပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကို ချမှတ်လုပ်ဆောင်ဖို့ အာရှနဲ့ ဥရောပခေါင်းဆောင်တွေရဲ့ စည်းဝေးပွဲအပြီး ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အဲဒီ လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားခွင့်တွေ ကန့်သတ်ထားတာကို ရုပ်သိမ်းပေးဖို့နဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ဆင်းရဲ မွဲတေနေတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် ဒီစည်းဝေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ မြန်မာစစ်အစိုးရရဲ့ မိတ်ဆွေ တရုတ်နိုင်ငံအနေနဲ့ ဖိအားပေးလုပ်ဆောင်ဖို့ ဥရောပခေါင်းဆောင်တွေက တောင်းဆိုအပြီးမှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။