သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်မြို့တိုက်ခိုက်မှုအတွက် ဆီးရီးယားအစိုးရက အမေရိကန်သံအမတ်ကိုဆင့်ခေါ်


အီရတ် နယ်စပ်အနီး ဆီးရီးယားနိုင်ငံထဲက အဆာက်အဦ တခုကို အမေရိကန် တပ်ဖွဲ့တွေ စီးနင်း ဝင်ရောက်ခဲ့ရာမှာ လူ ၈ဦး သေဆုံးခဲ့ရတယ်လို့ ဆီးရီးယားနိုင်ငံက ပြောဆိုလိုက်ပါတယ်။

ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ ဒီအခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် အမေရိကန်နဲ့ အီရတ် သံအမတ်ကြီးတွေကို ဆင့်ခေါ်ထားပါတယ်။ ဒါဟာ အင်အားသုံးတဲ့ လုပ်ရပ် ဖြစ်ပြီး ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေ အတွက် အမေရိကန်စစ်တပ်က တာဝန်ယူရပါလိမ့်မယ်လို့ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထား ပါတယ်။ အမေရိကန် စစ်တပ်ကတော့ တစုံတရာ မှတ်ချက် မပေးသေးပါဘူး။

အီရတ်နယ်စပ်အနီးက Abu Kamal မြို့ကို မနေ့က ဝင်ရောက် စီးနင်းရာမှာ အမေရိကန်စစ်တပ်က ရဟတ်ယာဉ် ၄ စီးပါ ပါဝင်ခဲ့တယ်လို့ ဆီးရီးယား အစိုးရက ပြောပါတယ်။ အမေရိကန် စစ်တပ် ရဟတ်ယာဉ်ပေါ်ကနေ ဆောက်လက်စ အရပ်ဘက်အဆောက်အဦတခုကို ပစ်ခတ်ခဲ့ရာမှာ အလုပ်သမား ၈ယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အမေရိကန် စစ်တပ် ရဟတ်ယာဉ်တွေဟာ တိုက်ခိုက်ပြီး အီရတ်နိုင်ငံဘက်ကို ပြန်မောင်းနှင် သွားကြတယ်လို့ ဆီးရီးယား ရုပ်မြင် သံကြားက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်း စစ်ဆေးနေပြီးလို့ အမေရိကန်စစ်တပ် ပြောခွင့်ရသူက AFP သတင်းဌာနကို ပြောပါတယ်။

ဆီးရီးယားက Abul Kamal မြို့ဟာ အီရတ်က Qaim မြို့နားမှာတည်ရှိပြီး တိုက်ခိုက်ရေးသမားတွေ၊ လက်နက်တွေ အီရတ်နိုင်ငံထဲပို့ဆောင်ရာမှာ အချက်အခြာကျတဲ့ လမ်းဆုံမြို့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG