အမေရိကန် သမ္မတ ရွေးကောက်ပွဲ နီးလာတဲ့နဲ့ အမျှ မဲဆွယ် ဟောပြောမှုတွေဟာလည်း ပိုပြီး စူးရှ ထက်မြက်လာနေ ပါတယ်။ ဒီမိုကရက် သမ္မတလောင်း ဘားရက် အိုဘားမားနဲ့ ရီပတ်ဗလစ်ကန် သမ္မတလောင်း ဂျွန်မက်ကိန်းတို့ဟာ စီးပွားရေး ကိစ္စတွေကို အလေးထား ပြောဆိုနေပြီး အပြန်အလှန် ထိုးနှက် ဝေဖန်မှုတွေကလည်း ပြင်းထန်လာပါတယ်။ ဗွီအိုအေ သတင်းထောက် ဂျင်မက်လုံးက ဝါရှင်တန်မြို့ကနေ သတင်းပေးပို့ထားတာကို ဦးကျော်ဇံသာက တင်ပြထားပါတယ်။
Senator ဂျွန်မက်ကိန်းဟာ များသောအားဖြင့် သူ့လို ရီပတ်ဗလစ်ကန် သမ္မတလောင်းတွေကို ထောက်ခံအားပေးလေ့ရှိတဲ့ ပြည်နယ် အများအပြားမှာ အဓိကထား ဟောကြားနေပါတယ်။
“ကျွန်တော်တို့ ဖလော်ရီဒါမှာ အနိုင်ရမယ်။ နိုဝင်ဘာလ ၄ရက်နေ့မှာ ဖလော်ရီဒါ ပြည်နယ်မှာ ကျွန်တော်တို့ နိုင်ဖို့ လိုအပ်ပါတယ် မိတ်ဆွေများ ခင်ဗျား”လို့ ဂျွန်မက်ကိန်းက ပြောပါတယ်။
လက်ရှိသမ္မတ ဂျော့ဘုရှ်ဟာ သူ့ရဲ့ အောင်ပွဲ ၂ကြိမ်စလုံးဟာ ဖလော်ရီဒါ ပြည်နယ်မှာ နိုင်ခဲ့တာ ချည်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ် ဆန္ဒသဘောထား ကောက်ယူတဲ့ စစ်တမ်းတွေရဲ့ နောက်ဆုံး ရလာဒ်က Senator အိုဘားမား ဟာ ဂျွန်မက်ကိန်းထက် မသိမသာ လူကြိုက်များနေပါတယ်။
မက်ကိန်းကတော့ အခုအခါ အချိန်တော်တော်များများ အိုဘားမားရဲ့ အခွန်အကောက်ဆိုင်ရာ အစီအစဉ်ကို ထိုးနှက် တိုက်ခိုက်နေပါရဲ့။ အိုးဘားမားရဲ့ အခွန်အကောက်အစီအစဉ်အရဆိုရင် အခု လက်ရှိသမ္မတ ဂျော့ဘုရှ်ဟာ ဝင်ငွေများတဲ့ အမေရိကန်တွေဆီက အခွန် လျော့ကောက်နေတာကို တဖြေးဖြေး ဖယ်ရှားသွားဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ အိုဘားမား အနေနဲ့ ကျိကျိတက် လူတန်းစားတွေရဲ့ ချမ်းသာ ကြွယ်ဝမှုကို ဆင်းရဲသားတွေဆီ ဝေငှ ပေးရေး မျှော်မှန်နေတာ ဖြစ်တယ်လို့ ဂျွန်မက်ကိန်းက ဆိုပါတယ်။
“ဒါဟာ Senator အိုဘားမားနဲ့ ကျွန်တော်အကြား အခြေခံ ကွဲလွဲချက်ပါပဲ။ သူဟာ အခွန်ကောက်တာ သိပ်နည်းလွန်းတယ် လို့ ထင်တယ်။ ကျွန်တော်ကတော့ အသုံးစာရိတ်တွေ သိပ်များလွန်းတယ်လို့ ထင်ပါတယ်။”
ဘားရက် အိုးဗားမားကတော့ ဗုဒ္ဓဟူးနေ့က မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာ မဲဆွယ်ခဲ့ပါတယ်။ ဒီပြည်နယ်ဟာ ၁၉၇၆ ခုနှစ်တုန်းက နောက်ဆုံး အကြိမ်အဖြစ် ဒီမိုကရက် သမ္မတလောင်းတယောက်ကို ထောက်ခံအားပေးခဲ့တဲ့ ပြည်နယ်ပါ။
“၆ရက်ပဲ လိုပါတော့တယ်။ ဝါရှင်တန်မြို့တော်မှာ ဆယ်စုနှစ်နဲ့ ချီပြီး နိုင်ငံရေး ချွတ်ခြုံကျနေခဲ့ပြီးတဲ့နောက် ဂျော့ဘုရှ်ရဲ့ မူဝါဒတွေ ၈နှစ်ကြာ လုံးလုံး ကျဆုံးနေပြီးတဲ့နောက် အမေရိကားကို အပြောင်းအလဲ လုပ်နိုင်ဖို့ရာ ၆ရက်ပဲ လိုပါတော့ တယ်။”လို့ အိုဘားမားက ပြောပါတယ်။
နိုင်ငံရေး ကျွမ်းကျင်သူ တချို့က အိုဘားမားရဲ့ အခွန်အကောက်အစီအစဉ်ကို မက်ကိန်းရဲ့ ထိုးနှက်မှုကြောင့် အိုးဘားမား အပေါ်ထောက်ခံမှု နဲနဲ လျော့သွားနိုင်တယ်လို့ ပြောကြားပါတယ်။ အိုဘားမားကတော့ သူ့ကို ထောက်ခံသူတွေကို မိမိတို့ ကိုယ့်ကို မိမိတို့ သိပ်ယုံကြည်စိတ်ချမှု မလွန်ကဲဖို့ တိုက်တွန်းနေပြီး မက်ကိန်းရဲ့ ထိုးနှက်ချက်တွေကိုလည်း စူးစူးရှရှ တုန့်ပြန်ပါတယ်။
“သူဟာ ကျွန်တော့်ကို နောက်ဆုံး ပြောခဲ့တာကတော့ ဆိုရှယ်လစ်ဖြစ်တယ်လို့ ခေါ်ထားပါတယ်။ ဆက်လက်ပြီး ဘယ်လို့ ကင်ပွန်းတက်လာလိမ့်ဦးမယ်ဆိုတာ ကျွန်တော် မသိပါဘူး။ ဒီရက် သတ္တပတ် ကုန်ဆုံးချိန်မှာတော့ သူဟာ ကျွန်တော့်ကို လူမသိနေတဲ့ ကွန်မြူနစ် တယောက်ရယ်လို့ စွပ်စွဲလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်ဟာ မူကြိုမှာတုန်းက ကျွန်တော့်ရဲ့ ကစားစရာ အရုပ်တွေကို အားလုံးနဲ့ ဝေမျှပြီး ကစားခဲ့ဘူးလို့ပါပဲ။”လို့ အိုးဘားမားက ပြောခဲ့ပါတယ်။
နိုင်ငံတခုလုံး လူထု စစ်တမ်းရဲ့ နောက်ဆုံးအဖြေမှာတော့ အိုးဘားမားဟာ မက်ကိန်းထက် ၆မှတ်သာနေပါတယ်။ ဒီအပတ် အစောပိုင်းထက်တော့ နဲနဲကျသွားတဲ့ သဘောပါ။ အဓိကကျတဲ့ ပင်ဆယ်ဗေးနီးယား၊ အိုဟိုင်းယိုးနဲ့ ကော်လိုရားဒိုး လို အချက်အချာကျတဲ့ ပြည်နယ်တွေမှာ အိုးဘားမား အပြတ်သာနေတယ်လို့ စစ်တမ်းအသစ်တွေက ပြသနေပါတယ်။ သာမန်အားဖြင့် ရီပတ်ဗလစ်ကန်တို့ အားသာလေ့ရှိတဲ့ ဖလော်ရီဒါလို၊ မြောက်ကယ်ရိုလိုင်းနားလို ပြည်နယ်မျိုးမှာတောင် အိုဘားမားက နဲနဲ ရှေ့ပြေးနေပါတယ်။ ဒီသမ္မတရွေးကောက်ပွဲကို တကယ်တမ်း အဆုံးအဖြတ်ပေးမှာကတော့ ပြည်နယ်တခုချင်းအလိုက်ရရှိတဲ့ ရွေးချယ်ရေးအဖွဲ့ရဲ့ မဲအရေအတွက်သာ ဖြစ်ပါတယ်။ ရွေးချယ်ရေး အဖွဲ့ရဲ့ မဲစုစုပေါင်း ၅၃၈မဲအနက် အနည်းဆုံး ၂၇၀မဲ ရရှိတဲ့သူဟာ အနိုင်ရရှိမှာ ဖြစ်ပါတယ် ခင်ဗျား။