သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရှေ့နေကိုယ်တိုင် ထောင်ဒဏ်ချမှတ်ခံရ


ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရုံးတင်စစ်ဆေးတာတွေ လုပ်နေတဲ့
တရားခွင်တွေမှာ အနှောင့်အယှက်၊ အဟန့်အတားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေး
ယူ အပြစ်ပေးတာတွေကို အာဏာပိုင်တွေဘက်က အခုရက်ပိုင်းအတွင်း ဆက်တိုက်
ဆိုသလို လုပ်လာတဲ့နေရာမှာ အခုနောက်ဆုံး အမှုမှာ လိုက်ပါကူညီပေးနေတဲ့ ရှေ့နေ
ကိုပါ ထောင်ချလိုက်တဲ့အထိ ဖြစ်ပါတယ်။ ဒီလိုစွပ်စွဲချက်တွေနဲ့ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်တွေကို မနေ့က ထောင်ဒဏ်စီရင်ခဲ့သလို ဒီနေ့လည်း
နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမှုတွေမှာ ဥပဒေအကျိုးဆောင်ပေးနေတဲ့ ရှေ့နေတဦးနဲ့
တက်ကြွလှုပ်ရှားသူတချို့ကို အလားတူ စီရင်ခဲ့ပါတယ်။ အကြောင်းစုံကို ဆက်သွယ်
မေးမြန်းပြီး ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို မကြာသေးခင်လတွေက
စလို့ ရုံးတင်စစ်ဆေးတာတွေ လုပ်တဲ့နေရာမှာ တရားခွင်ကို မထီမဲ့မြင်လုပ်တာဆိုပြီး
အာဏာပိုင်တွေဘက်က အရေးယူ အပြစ်ပေးမှုတွေ လုပ်လာတဲ့နေရာမှာ ဖမ်းဆီးခံ
နေရသူတွေအတွက် ဥပဒေကြောင်းအရ လိုက်ပါကူညီပေးနေသူ ရှေ့နေတွေပါ ပါဝင်
လာခဲ့တာပါ။ အခုနောက်ဆုံးဆိုရင်လည်း ဒီလိုစွပ်စွဲခံခဲ့ရတဲ့ လူငယ်ရှေ့နေတွေဖြစ်ကြ
တဲ့ ကိုစောကျော်ကျော်မင်းနဲ့ ကိုညီညီညီထွေးတို့ ၂ ဦးအနက်၊ ကိုညီညီထွေးနဲ့ သူတို့
လိုက်ပါဆောင်ရွက်ပေးနေရတဲ့ အမှုသည်တွေဟာ တရားခွင်ကို မထီမဲ့မြင်လုပ်တယ်
ဆိုပြီး ထောင်ဒဏ် ၆ လ အသီးသီး အပြစ်ပေးခံခဲ့ရတာလို့ နီးစပ်သူ နိုင်ငံရေးအကျဉ်း
သား မိသားစုဝင်တွေက ပြောပြကြပါတယ်။

"ရှေ့နေ ညီညီထွေးတို့ကျတော့ ပုဒ်မ ၂၂၈၊ တရားရုံးက ခေါ်တာတော့ မထီမဲ့မြင်မှုပေါ့။
အဲဒါကို ရှေ့နေ ညီညီထွေးရယ်၊ ရန်နိုင်ထွန်းရယ်၊ မျိုးကျော်ဇင်ရယ်၊ အောင်မင်းနိုင်ခေါ်
မီးသွေးဆိုတဲ့ လေးယောက်ကို ၆ လဆိုပြီး မြောက်ပိုင်းခရိုင်တရားရုံးက ဒီနေ့ ချလိုက်
တယ်။ ရှေ့နေက အဲဒီမှာတင်ထားတာ ညီညီထွေးရယ်၊ စောကျော်ကျော်မင်းရယ်။
စောကျော်ကျော်မင်းကတော့ ဒီနေ့ တရားရုံးကို ရောက်မလာဘူး။

"ဒီဘက်ကတော့ အာမခံရမယ်ထင်ပြီးတော့ ညီညီထွေးအတွက် အာမခံပြင်ထားတာ
ပေါ့။ ဒါပေမယ့် သူတို့က ဘေးပေါက်ကနေ ထုတ်လာပြီး တခါတည်းတင်လိုက်တယ်။
အာမခံလိုက်မယ့်လူတွေတောင် မသိလိုက်ဘူး။ အမိန့်တခါတည်းချလိုက်ပြီးတော့
ကားပေါ်တင်ပြီး ထောင်ထဲပြန်သွင်းလိုက်တယ်။"

အခုပြစ်ဒဏ်စီရင်ခဲ့တဲ့ စွပ်စွဲချက်အရဆိုရင် အာမခံပေးနိုင်တဲ့အမှု ဖြစ်ပေမယ့်လို့
အာမခံတင်နိုင်တဲ့ အခွင့်အလမ်းတွေလည်း မရ၊ သက်ဆိုင်ရာ မိသားစုဝင်တွေကိုလည်း
အသိပေးတာတွေမရှိဘဲ ဒီလို အစစ်ဆေး အမေးမြန်းမရှိ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ
လို့လည်း နောက်ထပ် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တဦးက ပြောပြပါတယ်။

"ကျနော်တို့က တရားခံတွေထုတ်လာတဲ့ ရှေ့တည့်တည့်က လက်ဖက်ရည်ဆိုင်မှာ
ထိုင်နေတာ။ တရားခံတွေထုတ်နေကျ အဲဒီကပဲထုတ်တယ်။ အခုက နောက်ပေါက်က
နေ မသိမသာ ကျနော်တို့မသိအောင် ထုတ်သွားတယ်။ ထုတ်ပြီးတော့ ရုံးတင်ပြီး အမိန့်
တန်းချလိုက်တယ်။ ကိုညီညီထွေးကတော့ တရားသူကြီးကိုပြောတယ်၊ ကျနော်တို့ကို
ခုခံချေပခွင့်ပြုဖို့၊ ရှေ့နေငှားခွင့်ပေးဖို့။ အဲလိုတင်ပြတာကို ဘာမှစကားမရှည်နဲ့တဲ့၊
ထပ်ပြီး ပုဒ်မကပ်ခံရမယ်ဆိုပြီး ခြိမ်းခြောက်တယ်တဲ့၊ တရားသူကြီးက။ အဲဒါ
ကိုညီညီထွေး ပြောပြတာ။

"ကျနော်တို့ ရှေ့နေ ရှေ့ရပ်တွေနဲ့ အာမခံလုပ်ဖို့ဆိုပြီး အာမခံတွေလည်းခေါ်၊ အကုန်လုံး
ရောက်နေတယ်။ အာမခံတယောက်ကို နှစ်ယောက်၊ အားလုံး အာမခံ လေးယောက်
တောင်ကျော်တယ်၊ ထိုင်ပြီး အသင့်စောင့်နေကြတာ။ အဲလိုစောင့်နေကြတာကို အသိ
လည်းမပေးဘူး၊ မိသားစုဝင်တွေကိုလည်း အသိမပေးဘူး။ ဒီလိုရုံးထုတ်လာမယ်၊ ဒီနေ့
တရားစီရင်မယ်၊ တရားစီရင်တဲ့အခါလည်း ရှေ့နေတွေဘာတွေနဲ့ ခုခံချေပခွင့်တွေ
လည်း ကြိုတင်အကြောင်းကြားခြင်း လုံး၀ မရှိခဲ့ဘူး။ တရားရုံးက အဲဒါတွေကို လုံးဝ
ပျက်ကွက်ခဲ့ပါတယ်။ မိသားစုတွေကလည်း ကျေနပ်မှု လုံးဝမရှိဘူး။ ဒီလိုမျိုး
တဖက်သတ်လုပ်သွားတဲ့ကိစ္စကို။"

ပြီးခဲ့တဲ့နှစ်ထဲတုန်းက ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုခဲ့သူတွေ၊ သံဃာတော်တွေ
ရဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေကို ရုံးတင်စစ်ဆေးတာ
တွေ လုပ်တဲ့နေရာမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေဘက်က သူတို့ရသင့်တယ်လို့
ယုံကြည်တဲ့ အခွင့်အရေးတွေကို တောင်းဆိုတာတွေ၊ အပြန်အလှန် ချေပတာတွေ
ရှိလာတဲ့နောက် အခုလို အာဏာပိုင်တွေဘက်က စွပ်စွဲချက်တွေ ထွက်ပေါ်လာတာ
လည်း ဖြစ်ပါတယ်။ အခုနောက်ဆုံး ဥပဒေအကျိုးဆောင်တွေ အပါအဝင် တက်ကြွ
လှုပ်ရှားသူတွေ အရေးယူခံရတဲ့ အခြေအနေအထိ ဖြစ်လာခဲ့ရတဲ့ အကြောင်းရင်းတချို့
ကိုလည်း ဒီ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်က ပြောပြပါသေးတယ်။

"ပြီးခဲ့တဲ့ ၂၃ ရက်နေ့မှာ ရုံးချိန်း ချိန်းတယ်။ ချိန်းတဲ့အခါ ဦးတင်ဦးတို့ သန့်ဇင်မျိုးတို့
အားလုံး ၁၁ ယောက်ကို ရုံးထုတ်လာတယ်။ အဲဒီမှာ ရန်နိုင်ထွန်းက ထပြီး ကျနော်တို့
ဒီအမှုက ဖမ်းပြီးတော့ ပြန်လွှတ်တာ တနှစ်ကြာပြီ။ တရားဝင် နိုင်ငံတော်အစိုးရက
သတင်းစာက ကြေညာပြီး လွှတ်တာ။ မိဘသဖွယ် သဘောထားကြီးစွာနဲ့ ဆိုဆုံးမ၍
ပြန်လွှတ်တယ်ဆိုပြီးတော့ ရန်နိုင်ထွန်းက ထပြီးလျှောက်တာ။

"ကျနော်တို့ကို ပြန်လွှတ်တယ်ဆိုတာ ရဲချုပ်ခင်ရီလည်း သိတယ်၊ ဗိုလ်မှူးချုပ်ကျော်ဆန်း
လည်း သိတယ်။ အဲဒါကို ရုံးပေါ်သက်သေအဖြစ် ခေါ်ပေးပါလို့ ပြောတဲ့အခါ တရားသူကြီး
က တားတယ်။ တရားသူကြီးက ခင်ဗျားတို့အမှုသည်ကို ထိန်းပေးပါဦးဆိုပြီး ပြောတယ်။

"အဲဒီမှာ ကိုညီညီထွေးက ထပြောတယ်။ ကျနော်တို့ ရှေ့နေဆိုတာ အမှုသည်တွေရဲ့
ညွှန်ကြားချက်အရပဲ လုပ်လို့ရတယ်၊ လုပ်ခွင့်ရှိတယ်တဲ့။ အမှုသည်တွေက လွတ်လပ်စွာ
ပြောတာ၊ တရားဝင်ပြောတာကို ကျနော်တို့ တားမြစ်ခွင့် မရှိဘူးတဲ့။ အဲဒါလေး
ပြောလိုက်တာ။ ဒါဆိုရင် တာဝန်မယူဘူးပေါ့လို့ တရားသူကြီးက ပြောတယ်။ အဲလို
ပြောပြီးနောက်ပိုင်း အဲလိုတွေ ဖြစ်လာတာပဲဗျာ။"

မနေ့တုန်းကလည်းပဲ ၈၈ မျိုးဆက်ကျောင်းသား ၉ ဦးကို အလားတူ စွပ်စွဲချက်တွေနဲ့ပဲ
ထောင်ဒဏ် ၆ လစီ အသီးသီးချမှတ်ခဲ့တာပါ။ အစောပိုင်းမှာတုန်းက ၈၈ မျိုးဆက်
ကျောင်းသားတွေ အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဘက်က သူတို့ကို တရား
ရုံးတင် စစ်ဆေးရာမှာ လက်ထိပ်ခတ်တာ၊ ခွင့်ပြုချက်မတောင်းဘဲ မှတ်တမ်းဓာတ်ပုံရိုက်
တာ စတာတွေကို ကန့်ကွက်တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် ဒါတွေမရတဲ့အပြင် မိသားစု
ဝင်တွေ တရားခွင်လာရောက်ခွင့်ကိုပါ ပိတ်ပင်လိုက်တဲ့အတွက်လည်း ထိန်းသိမ်းခံနေရ
သူတွေဘက်က တရားခွင်မှာ ကန့်ကွက်တာတွေ၊ အချေအတင်ဖြစ်တာတွေ ကြီးထွား
လာခဲ့တာပါ။

မနေ့တုန်းက ဒီလို ၈၈ မျိုးဆက်ကျောင်းသားတွေကို စီရင်ချက်တွေ ချမှတ်လိုက်တဲ့
အတွက်လည်း တရားစီရင်ရေးစနစ်ဟာ မျှတမှုမရှိဘူးလို့ ယုံကြည်တဲ့အတွက် တရားခွင်
ရဲ့ ဆောင်ရွက်ချက်တွေကို ရှေ့လျှောက် လက်ခံတော့မှာ မဟုတ်ဘူးဆိုပြီးတော့လည်း
ဒီကနေ့ အင်းစိန်ထောင်တွင်း သီးသန့်တရားစီရင်ရာမှာ ပြောဆိုခဲ့တယ်လို့ နိုင်ငံရေး
အကျဉ်းသား အသိုင်းအဝိုင်းက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG