နာဂစ်မုန်တိုင်းဒဏ် ခံရပြီး ခြောက်လအကြာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ သောက်ရေသန့် ရှားပါးတဲ့ အခက်အခဲတွေ ကြုံနေရတဲ့အကြောင်း ကူညီ စောင့်ရှောက်ရေးလုပ်ကိုင်နေတဲ့ Safe the Children အဖွဲ့ကြီးက သတိပေး လိုက်ပါတယ်။ ရေအခက်အခဲကြောင့် လေဘေးဒဏ်ခံရတဲ့ မိသားစုတွေနဲ့ ခလေးငယ်တွေအတွက် စိုးရိမ်ရတဲ့အကြောင်းလည်း ပြောပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။
မုန်တိုင်းဒဏ်သင့်ခဲ့လို့ ခြောက်လသာ ကြာသွားခဲ့ပေမယ့် မုန်တိုင်းဘေးသင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ပြန်လည် တည်ထောင်ရေးလုပ်ငန်းတွေ မပြီးသေးဘူး ဆိုပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ သတိပေး တောင်းဆိုချက်တွေ ထွက်နေတဲ့ အချိန်မှာ ရေပြသနာကို Safe the Children အဖွဲ့ကြီးက ထပ်ပြီး သတိပေးချက် ထွက်လာတာပါ။
ရေတွင်းရေကန် သန့်ရှင်းရေးလုပ်ငန်းတွေကို အချိန်အတော်ကြာကတည်းက ကူညီကယ်ဆယ်ရေး အဖွဲ့တွေ ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခု ရေရှားပါးမှုဟာ လေဘေးသင့် မိသားစုတွေအတွက် ဒုက္ခရောက်နိုင်တဲ့ အနေအထားအထိ အန္တရာယ် ရှိလာနေပြီ ဆိုပြီး Safe the Children အဖွဲ့ကြီးရဲ့ လန်ဒန်ရုံး ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ရှာဇီယာ ခန် (Shazia Khan) ကပြောပါတယ်။
“အခု ခြောက်သွေ့ရာသီကို ရောက်လာတဲ့ အချိန်မှာ သောက်ရေသန့် ရှားပါးတဲ့ အန္တရာယ်ကို လေဘေးဒဏ်ခံခဲ့ရတဲ့ သူတွေအတွက် ကျမတို့ အထူးပဲ စိုးရိမ်ပါတယ်။ နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ရတဲ့အချိန်က သောက်ရေ အတွက် ရေတွင်း ရေကန်တွေ တော်တော်များများ ဆားငံရေတွေ ဝင်ပြီး ရေတွေ မသန့်မရှင်း ဖြစ်ခဲ့တာပါ။ အခု မိုးရာသီသာ ကုန်တော့မယ်။ အခုအချိန်အထိ ရေတွင်းတွေထဲမှာ ဘေးဥပါဒ် ဖြစ်တဲ့ အနေအထားအထိ မသန့်ရှင်းတဲ့ အခြေအနေ ရှိနေပါသေးတယ်။ နောက်တခုက လေဘေးဒဏ် ခံရတဲ့သူတွေအနေနဲ့ အချိန်အကြာကြီး ပြင်ပက အကူအညီတွေကိုပဲ မှီခိုနေရတဲ့ အနေအထား မျိုးမဖြစ်အောင် ကျမတို့ Safe the Children အဖွဲ့ကြီးက အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။”
မုန်တိုင်း ဒဏ်ခံရတဲ့နေရာတွေက မိသားစုတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်နိုင်အောင် ထောက်ပံ့ပေးတဲ့ အကူအညီကသာ ရေရှည်ကူညီရာ ရောက်မယ်လို့ Safe the Children အဖွဲ့ကြီးရဲ့ လန်ဒန်ရုံး ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ရှာဇီယာ ခန် က ပြောပါတယ်။
မနေ့ကပဲ နာဂစ်မုန်တိုင်းဒဏ်ခံရပြီး ၆ လအကြာမှာ ဧရာဝတီတိုင်းအတွင်း မိဘမဲ့ ကလေးတွေနဲ့ မှီခိုမဲ့ အမျိုးသမီးတွေ အများအပြား ရှိနေဆဲဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။
ဒီလေးဘေးသင့် ဒုက္ခသည်တွေကို အကူအညီ အထောက်အပံ့တွေ ဆက်ပြီး ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁,၂၀၀,၀၀၀ အကူအညီ လိုအပ်နေတဲ့ အကြောင်း နိုင်ငံတကာကို အကူအညီပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
မုန်တိုင်းဒဏ် ထိခိုက်ခဲ့ပြီး ၆ လအကြာမှာ ပြည်ပနိုင်ငံတွေကလည်း အကူအညီပေးရေး ကိစ္စတွေကို သိပ်ပြီး အာရုံ မစိုက်ကြတော့ဘူးလို့ UNHCR အရာရှိတွေက ပြောကြပါတယ်။ တချိန်တည်းမှာ ဧရာဝတီတိုင်းအတွင်း လေဘေး ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်နေသူတွေ ကလည်း ပြည်တွင်းကပေးတဲ့ အလှူရှင်တွေ လျော့နည်းသွားတဲ့ အကြောင်းကို မကြာခဏ ပြောဆိုကြပါတယ်။
ဒီရက်ပိုင်းထဲမှာပဲ နာဂစ်ဆိုင်ကလုန်း ဘေးဒဏ် ခံရတဲ့ လယ်သမားတွေ လယ်ယာစိုက်ပျိုးရေးအတွက် FAO ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ကြီး ကနေ ကျွဲနွားတွေ ထပ်ပြီး ဖြန့်ဝေပေးခဲ့တယ်လို့ FAO အရာရှိတွေက ဗွီအိုအေကို ပြောခဲ့ပါတယ်။