အမေရိကန် သမ္မတလောင်း နှစ်ဦးစလုံးအဖို့ အာရှနွယ်ဖွား အမေရိကန်တွေရဲ့ ဆန္ဒမဲ အရေးပါပုံကို လော့အိန်ဂျယ်လိစ် ကယ်လီဖိုးနီးယား တက္ကသိုလ်က အာရှအမေရိကန် လေ့လာရေး ဌာန ညွှန်ကြားရေးမှူး ဒွန် နာဂါနိရှိက ရှင်းပြပါတယ်။
“အခုအခါ တနိုင်ငံလုံးမှာ အာရှနွယ်ဖွား အမေရိကန် ၁၅သန်းနီးပါး ရှိပါတယ်။ သူတို့ဟာ ရွေးကောက်ပွဲမှာ အရေးပါတဲ့ ကယ်လီဖိုးနီးယား၊ နယူးယောက်၊ တက်ဆက်၊ ဗာဂျီးနီးယားတို့လို ဒေသတွေမှာ စုပြုံနေထိုင်ကြပါတယ်။”
ကယ်လီဖိုးနီးယားနယ်မှာ အာရှနွယ်ဖွားဟာ ပြည်နယ် လူဦးရေရဲ့ ၁၂ရာခိုင်နှုန်းရှိပြီး၊ Westminsterမြို့မှာ စုပြုံနေထိုင်ကြပါတယ်။ ဒီမြို့မှာ ဆိုရင် နိုင်ငံပြောင်းဝင်လာသူ ၉၀၀၀၀ လောက်ရှိနေပြီး၊ အဲဒီရပ်ကွက်ကို Little Saigonလို့ ခေါ်ပါတယ်။
ပါတီ၂ခုစလုံး ပွဲလမ်းသဘင်တွေ စည်းတန်းလှည့်လည်မှုတွေမှာ ပါဝင်ပြီး မဲဆွယ်ခဲ့ကြပါတယ်။ စေတနာ့ ဝန်ထမ်း ကူညီသူတွေက မဲဆွယ် ကြေညာတွေကို ဖြန့်ဝေကြပါတယ်။ နိုင်ငံရေးသမားတွေလည်း စည်းတန်းလှည့်လည်ပွဲတွေမှာ ပါဝင်ခဲ့ကြပါတယ်။
နိုင်ငံပြောင်းလာသူ ဗီယက်နမ် လူမျိုး ထရီတာ ဟာ Westministerရဲ့ မြို့တော်ကောင်စီဝင်တဦး ဖြစ်ပြီး ရီပတ်ဗလစ်ကန် သမ္မတလောင်း ဂျွန်မက်ကိန်း ထောက်ခံအားပေးသူလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ အမိနိုင်ငံက ကိစ္စတွေဟာ အရေးကြီးပါတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် စိုးရိမ်မကင်း ဖြစ်ရပါတယ်။ ဒါဟာ ဗီယက်နမ်အနွယ် အမေရိကန်တွေအတွက် ထိပ်တန်း ပြဿနာပါပဲ။”
သူက မက်ကိန်းဟာ ဗီယက်နမ် ကွန်မြူနစ် အစိုးရအကြောင်း ကောင်းကောင်းနားလည်တယ်။ အောက်တိုဘာလ အစောပိုင်းတုန်းက ကောက်ယူထားတဲ့ စစ်တမ်းရဲ့ ရလာဒ်တခုအရ ဗီယက်နမ်အနွယ် အမေရိကန်တွေရဲ့ သုံးပုံ နှစ်ပုံဟာ မက်ကိန်းကို ထောက်ခံကြပါတယ်။ ဒါပေမယ့် ကျန် အာရှနွယ်ပွားတွေဟာ အနည်းနဲ့ အများ အိုဘားမားကို ကြိုက်ကြပါတယ်။ ပါတီ ၂ခု စလုံးဟာအာရှ ပစိဖိတ်နွယ်ပွား မဲဆန္ဒရှင်တွေကို စည်းရုံးနေကြတာပါ။
ဗီယက်နမ် အနွယ် အမေရိကန် အမျိုးသမီး လီလီငုရင် ဟာ ဒီမိုကရက် အိုဘားမားကို ထောက်ခံပြီး ကယ်လီဖိုးနီးယား ပြည်နယ် ဂါးဒင်း ဂရို့မြို့ က ဒေသခံ ဒီမိုကရက် အမတ်လောင်းတွေကို ပံ့ပိုးနေသူလဲ ဖြစ်ပါတယ်။ မျိုးနွယ်ကြား ဆန္ဒရှင်တွေ သူတို့ သဘောထားကို အများသိအောင် ဖော်ထုတ် ပြသရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“သိတဲ့အတိုင်းပါပဲ၊ ကျမတို့လို မျိုးနွယ်ကြား လူနည်းစုတွေက ဟိုတစု ဒီတစု အကွဲကွဲ အပြားပြားနဲ့ နေထိုင်နေကြတာပါ။ ဒါကြောင့်မို့ သူတို့အားလုံး ပါဝင်မဲပေးအောင် လုပ်ရတာဟာ အတော့်ကို ခက်ပါတယ်။”
တခြား အာရှနွယ်ပွား အမေရိကန် အဖွဲ့အစည်းတွေကလည်း မျိုးနွယ်ကြားတွေ ထပ်ပြီး မဲပေးလာဖို့ ကူညီဆောင်ရွက်နေကြပါတယ်။ အာရှနွယ်ဖွားအမေရိကန် အဖွဲ့အစည်းတခုက လီဇာသရောင်း ဟာ မဲဆန္ဒရှင်တွေ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းလာသမျှကို စေတနာ့ ဝန်ထမ်း ကူညီ ဖြေရှင်းပေးနေသူ တဦးဖြစ်ပါတယ်။
“မဲပေးဖို့ အကြောင်းအချက်တွေ မရရှိရင် ဘာလုပ်ရမလဲ မေးခွန်းတွေကို ကျမတို့က အင်္ဂလိပ်လိုရော၊ တရုတ်၊ မန်ဒရင်း ဘာသာစကား၊ ကန်တုန်စကားတွေနဲ့ ပြန်ပြီး ဖြေကြားပေးရပါတယ်။ ”
ယူစီအယ်အေ က ဒွန်နာဂါနိရှိက အာရှနွယ်ဖွား အမေရိကန် အများအပြားဟာ မကြာခင်ကမှ ဝင်ရောက်လာကြသူ ဖြစ်တဲ့အတွက် အမေရိကန် နိုင်ငံရေး စနစ်ဟာ သူတို့အဖို့ အသစ်အဆန်း ဖြစ်နေပေမယ့် တနှစ်ထက် တနှစ်ပိုမို တက်တက် ကြွကြွ ရှိလာတယ်လို့ ဆိုပါတယ်။ နောက်ဆုံး စစ်တမ်းအရ အာရှနွယ်ဖွား သုံးပုံတပုံဟာ ပြီးခဲ့တဲ့လ အထိ ဘယ်သူ့ကို မဲပေးမလဲဆိုတာ မဆုံးဖြတ်ကြရသေးပါဘူး။ ၈၀%တော့ စီးပွားရေး ပြဿနာနဲ့ ဒုတိယအနေနဲ့ ဆိုရင် အီရတ်စစ်ပွဲကို ဦးစားပေး စဉ်းစားကြတယ်လို့ ဆိုကြကြောင်းပါ ခင်ဗျား။