ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မြန်မာနိုင်ငံကို အခါအခွင့် သင့်တဲ့အချိန်မှာ သွားရောက်ဖို့ စီစဉ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးပြီး ဒီမိုကရေစီ ဖော်ဆောင်ရေးဖြစ်စဉ် စောလျင်စွာ အကောင်အထည်ဖော်ဖို့ကိုလည်း မြန်မာစစ်အစိုးရကို တိုက်တွန်းသွားပါတယ်။
မစ္စတာ ဘန်ကီမွန်းဟာ အိန္ဒိယနိုင်ငံကို အလည်အပတ် ရောက်ရှိနေုတုန်း သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြားသွားတာ ဖြစ်ပါတယ်။ မစ္စတာ ဘန်ကီမွန်းရဲ့ ပြောကြားချက်ထဲမှာတော့ -
“ကျနော် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ မေလက သွားရောက်ခဲ့ပါတယ်။ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး စာနာမှု အထောက်အပံ့ ပေးရေးကိစ္စနဲ့ သွားရောက်ခဲ့တာပါ။ အဲဒီခရီးစဉ်မှာ မြန်မာနိုင်ငံထဲ စာနာမှု အကူအညီတွေ ပို့ဆောင်ရေး ကိစ္စကို ကျနော် ပေါက်မြောက်အောင် ဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်။ အခုချိန်ထိလည်း ကုလသမဂ္ဂဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့ အရေးပေါ် ကယ်ဆယ်ရေး အထောက်အပံ့တွေ ပံ့ပိုးနိုင်အောင် ဆက်လက် ဆောင်ရွက်နေဆဲပါ။
“ဒီကိစ္စနဲ့ပတ်သက်ပြီး မကျေမနပ်မှု တိုင်တန်းမှု တစုံတရာ ကျနော် မရရှိခဲ့ပါဘူး။ ဒီအထောက်အပံ့တွေဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ခိုင်မာတဲ့ ထောက်ပံ့မှုနဲ့ ဆက်လက် ရောက်ရှိနေအုံးမှာ ဖြစ်ပါတယ်။ ပိုပြီး အရေးကြီးတာ ပြောရရင် အခုတခါ နိုင်ငံတကာ အသိုင်းအဝိုင်းက ပို စိတ်ဝင်စားနေတာဟာ နိုင်ငံရေးကိစ္စ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေး ကိစ္စ ဖြစ်နေပါတယ်။ မြန်မာအာဏာပိုင်တွေ အထူးသဖြင့် ခေါင်းဆောင်တွေဟာ သူတို့ ပြည်သူတွေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်အရေးကို စဉ်းစားကြလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ဒီအချိန်မှာ ဒါဟာ သိပ်ကို လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ရေးကိစ္စ အပါအဝင် သူတို့ရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးကိစ္စကို စောလျင်စွာ ဆောင်ရွက်ကြသင့်ပါတယ်။
“ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ တာဝန်ပေးချက်နဲ့အညီ ကျနော့်အဆင့်ကရော အထူးအကြံပေးပုဂ္ဂိုလ်က တဆင့်ပါ ဒီကိစ္စကို ဆက်လက် ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ မြန်မာပြည်ကို ပြန်သွားဖို့လည်း ကျနော် စဉ်းစားနေပါတယ်။ သင့်လျော်မယ့်အချိန်ကို ကျနော် စောင့်နေပါတယ်။ ဒီမိုကရေစီဖော်ဆောင်ရေး အရှိန်မြင့်ပြီး နိုင်ငံရေး အခြေအနေ သင့်တင့်လျောက်ပတ်ချိန်မှာ သွားရောက်ဖို့ အစီအစဉ် ရှိပါတယ်။ တချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံ အစိုးရဟာ အိမ်နီးချင်း အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေး လွယ်ကူပြေလည်အောင် ကူညီဆောင်ရွက်ပေးဖို့ ကျနော် မျှော်လင့်ပါတယ်။ ဝန်ကြီချုပ် မန်မိုဟန်ဆင်း နိုင်ငံတော် သမ္မတကြီးနဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့ကပါ မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေးမှာ ကုလသမဂ္ဂနဲ့ ပူပေါင်းဆောင်ရွက်ဖို့ ကျနော့်ကို အခိုင်အမာ ပြောခဲ့ကြပါတယ်။”