သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အစုရှယ်ယာဈေး အနည်းငယ် မြှင့်တက်


အမေရိကန်ပြည်တွေအနေနဲ့ အသုံးအစွဲမှုတွေ လျော့ချနေတဲ့ ကြားကပဲ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ က စတော့ ဈေးကွက်တွေ မသိမသာ တက်လာခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် ကန့် ကလိုင်ယန် (Kent Klein) က ဒီအကြောင်းနဲ့ ပတ်သက်ပြီး သတင်းပေးပို့ထားတာကို မညိုညိုလွင် က တင်ပြထားပါတယ်။

အမေရိကန်အစိုးရရဲ့ အစီရင်ခံစာ နောက်တခုမှာ နိုင်ငံရဲ့ စီးပွားရေး အခြေအနေ အားနည်းနေတာတွေကို ဖော်ပြထားပါတယ်။ စက်တင်ဘာလအတွင်းမှာ လူတဦးချင်းရဲ့ အသုံးစားရိတ်ဟာ သုံးပုံတပုံ ကျော်ကျော်လေး ကျဆင်းသွားတယ် လို့ ကူးသန်းရောင်းဝယ်ရေး ဌာန က ပြောဆိုလိုက်ပါတယ်။ ဒါဟာ ၂၀၀၄ ခုနှစ် ဇွန်လက စကြည့်ရင် အကြီးမားဆုံး ကျဆင်းမှုတခု ဖြစ်ပြီး ဇူလိုင်လနဲ့ သြဂုတ်လတွေက အခြေအနေတွေကို ပေါင်းကြည့်လိုက်မယ် ဆိုရင်တော့ ၂၈ နှစ်အတွင်း အဆိုးရွားဆုံး ၃ လပတ်ပဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ စက်တင်ဘာလ က ကျဆင်းသွားခဲ့မှုက စီးပွားရေး ပညာရှင်တွေ ထင်မှတ်ထားသလို စီးပွားရေး အခြေအနေဟာ မသိမသာ ဆိုးရွားလာတာပါပဲ။

Standard and Poor’s ဆိုတဲ့ ဘဏ္ဍာရေးဆိုင်ရာ သုတေသန ကုမဏီရဲ့ အကြီးတန်း စီးပွားရေးပညာရှင် ဘက်သ် အန်း ဘိုဗီနို (Beth Ann Bovino) ကတော့ အလုပ်လက်မဲ့နှုန်း မြင့်မားလာမှုဟာ အသုံးအစွဲတွေ ကျဆင်းလာမှုရဲ့ အဓိက အကြောင်းတချက် ဖြစ်တယ်လို့ ဆိုပါတယ်။

“၉ လတာ အလုပ်အကိုင် ဆုံးရှုံးမှုတွေကို မြင်ခဲ့ရပြီးနောက် ဒီလို အလုပ်အကိုင် ဆုံးရှုံးမှုတွေ ဆက်လက် ရှိနေအုံးမယ့် အလားအလာကိုလည်း တွေ့နေရနေတော့ စားသုံးသူတွေအဖို့ အကျဉ်းအကြပ်နဲ့ ရင်ဆိုင်ရမယ် ဆိုတာတော့ သေချာပါတယ်။”

စိတ်မချရတဲ့ စီးပွားရေး အခြေအနေတွေနဲ့ ထိပ်ထိပ်ဖြာဖြာ ဖြစ်နေရတဲ့ စားသုံးသူတွေဟာ သူတို့ရဲ့ ငွေကြေးအသုံးအစွဲ တွေကို ပိုပြီးခြစ်ချုပ် လာကြပါတယ်လို့ လည်း ဗိုဗီနို က ဆိုပါတယ်။

“လောင်စာဆီဈေးနှုန်းတွေ ကျဆင်းသွားတာတောင် စားသုံးသူတွေဟာ အလုပ်လက်မဲ့ အဖြစ်နဲ့ ကြုံတွေ့နေကြရပါတယ်။ အိမ်သုံးစားရိတ်တွေ အတွက်လည်း နည်းပါးလာပြီး အားလုံး မသုံးမဆွဲနိုင် ဖြစ်ကုန်ပါတယ်။ ဒီအတွက် ပိုချွှေတာ လာပြီး ဈေးတွေမှာ အချိန်ယူသွားရောက် သုံးစွဲတာတွေ မလုပ်နိုင်ကြတော့ဘူး လို့ ကျနော်တို့ ထင်ပါတယ်။”

အမေရိကန်စီးပွားရေး အခြေအနေဟာ လအနည်းငယ်တော့ အားနည်းနေတာတွေ ရှိနေအုံးမယ်လို့ မျှော်လင့်ရတဲ့ အဖြေပါပဲ လို့လည်း ဘိုဗီနို က ဆိုပါတယ်။

“စတုတ္ထ လပတ်ကတော့ တကယ့်ကို အားနည်းနေတဲ့ လပတ်တွေပါပဲလို့ ကျနော်တို့ ယူဆပါတယ်။ ဒီအခြေအနေတွေဟာ ၂၀၀၉ ခုနှစ် စောစောပိုင်း ကာလတွေအထိ ရှိနေမယ်လို့ ထင်ပါတယ်။”

စားသုံးသူတွေရဲ့ သုံးစွဲမှုနဲ့ပတ်သက်ပြီး စိတ်မသက်မသာ ဖြစ်ရတဲ့သတင်းတွေ ကြားထဲကပဲ အမေရိကန်ရဲ့ စတော့ ဈေးကွက်ဟာ သောကြာနေ့မှာ အကောင်းဘက်ကို ပြနေပါတယ်။ ဥရောပဈေးကွက်မှာလည်း မသိမသာ ကောင်းလာတာကို တွေ့ရပါတယ်။ အမေရိကန်စားသုံးသူတွေရဲ့ ဝယ်ယူသုံးစွဲမှု စိတ်ပျက်လောက်အောင် ကျဆင်းသွားမှုက အာရှ စတော့ ဈေးကွက်မှာ ဆုံးရှုံးမှုတွေ ဖြစ်လာအောင် သွားပြီး သက်ရောက်နေပါတယ်။

လောင်စာဆီဈေးကတော့ သောကြာနေ့က တစည်ကို ၆၅ ဒေါ်လာအောက် ရောက်သွားပြီး ဒီလထဲမှာ အကြီးမားဆုံး စံချိန်ချိုး ကျဆင်းမှု ဖြစ်သွားပါတယ်။ ရေနံစိမ်း ရောင်းချမှုတွေကတော့ ပြီးခဲ့တဲ့ ဇူလိုင်လက ၆၀ % အထိ မြှင့်မား လာမှုကနေ ဒီလထဲမှာ ၃၅ % ကျဆင်းသွားပါတယ်။

ဒီအတွက်ကြောင့် ရေနံကုမ္ပဏီတွေရဲ့ အမြတ်အစွန်းဟာ ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာလတွေမှာ အမြင့်ဆုံး စံချိန် တင်သွားပါတယ်။ အမေရိကန်ပြည်ထောင်စုက ဒုတိယအကြီးမားဆုံး ရေနံကုမ္ပဏီကြီးဖြစ်တဲ့ Chevron က အဲ့ဒီအချိန်က အကျိုးအမြတ်တွေဟာ နှစ်ဆထက်ပိုများပြီး သန်း ၈ ထောင်နီးပါး ရရှိတယ်လို့ ဆိုပါတယ်။ ဒီမတိုင်ခင် စောစောပိုင်း တရက်ကတော့ သူတို့အမြတ်ငွေ ၅၈ % မြင့်မားလာတယ်လို့ Exxon Mobile က ပြောဆိုလိုက်ပြီး Royal Duch Shell ကုမ္ပဏီကတော့ ၂၂ % မြင့်တက်လာတယ်လို့ ဆိုပါတယ်။

မော်တော်ကား ကုမ္ပဏီတွေ အတွက်ကတော့ ဒီအချိန်ဟာ အခက်အခဲနဲ့ ရင်ဆိုင်ရပါတယ်။ ဂျပန်နိုင်ငံက တတိယ အကြီးဆုံး ကားကုမ္ပဏီ ဖြစ်တဲ့ နစ်ဆန်း ကုမ္ပဏီ နဲ့ ဆူဇူကီး ကုမ္ပဏီတွေကတော့ ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ လောင်စာဆီဈေး မြှင့်တက်သွားမှုတွေက သူတို့ရဲ့ အမြတ်အစွန်းတွေ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

မော်တော်ယာဉ် ထုတ်လုပ်မှုမှာ အစီးရေ ၂ သန်းလောက် လျော့ချလိုက်ရပြီး အလုပ်သမား ၃,၅၀၀ ထက်မနည်း အလုပ်လက်မဲ့ ဖြစ်သွားရတယ် လို့ နစ်ဆန်း ကုမ္ပဏီက ဆိုပါတယ်။

ရှေ့လာမယ့်နှစ်ပတ် အမေရိကန်ပြည်ထောင်စုမှာ ကျင်းပမယ့် ဘဏ္ဍာရေးဆိုင်ရာ ထိပ်သီးညီလာခံမှာ အဓိကကျတဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေကို ပြန်လည် သတ်မှတ်လုပ်ဆောင်ဖို့ အတွက် အမေရိကန်ပြည်ထောင်စုနဲ့ တခြား နိုင်ငံတွေကိုပါ တိုက်တွန်းဖို့ ဥရောပသမဂ္ဂကို ပြင်သစ်နိုင်ငံက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် အရှုံးပေါ်နိုင်တဲ့ အလားအလာတွေ များပြားနေတာကို ပြန်ပြင်နိုင်ဖို့အတွက် ကမ္ဘာ့ဘဏ္ဍာရေး လုပ်ငန်းတွေကိုလည်း ပြောင်းလဲ သင့်တယ်လို့ ပြင်သစ်ကပဲ ဥရောပသမဂ္ဂကို ပြောဆိုခဲ့ပါတယ်။ G 20 ဘဏ္ဍာရေး ထိပ်သီးညီလာခံကို နိုဝင်ဘာလ ၁၅ ရက်နေ့ ကျရင် ဝါရှင်တန်မှာ ကျင်းပကြမှာပါ။

ရုရှား သမ္မတ ဒစ်မစ်ထရီ မက်ဗီးယားဒဗ် (Dmitry Medvedev) ကလည်း ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ စနစ်တွေကို အပြောင်းအလဲ အများကြီး လုပ်ဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာစနစ် အသစ်ဟာ စီမံခန့်ခွဲမှုဆိုင်ရာ အကြပ်အတည်းတွေ ရင်ဆိုင်နေတာ ပိုပြီး ကောင်းမွန်လာစေဖို့ နဲ့ အမေရိကန် ဒေါ်လာကို အရံငွေကြေး အဖြစ် ထားပြီး အာကိုးနေရတာကို လျော့ချဖို့တွေကို လာမယ့် ညီလာခံမှာ ပြောဆိုသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG