သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး နိုးထစေမယ့် အစီအစဉ် ကွန်ဂရက်စ် လွှတ်တော် ကြားနာ


နောက်အပတ် အင်္ဂါနေ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲ မတိုင်မီ အမေရိကန် လွှတ်တော် အမတ်တွေ ဟာ စီးပွားရေး ကပ် ရဲ့ သက်ရောက်မှု အကြောင်းတွေ ကို စီးပွားရေး ပညာရှင်တွေ နဲ့ ကျွမ်းကျင်သူတွေ ပြောကြတာ ကြားနေခဲ့ကြရ ပါတယ်။ စီးပွားရေး ပြန်ကောင်းလာအောင် လုပ်ပေးမယ့် အစီအစဉ် ရဲ့ အဆိုးအကောင်းတွေ ကိုလည်း ကြားခဲ့ကြရပါတယ်။ အမေရိကန် စီးပွားရေး ကို ပြန်ကောင်းလာအောင် လုပ်ဖို့ ရည်ရွယ်ပြီး ဥပဒေ အသစ်တွေ ပြဌာန်းကောင်းပြဌာန်းကြဖို့ ဒီမိုကရက် လွှတ်တော် အမတ်တွေ က နိုဝင်ဘာ လလယ်လောက်မှာ အောက်လွှတ်တော် ကို ပြန်ခေါ်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဗွီအိုအေ သတင်းထောက် Dan Robinson သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

အမေရိကန် နိုင်ငံရဲ့ ပြည်တွင်း အသားတင် ထုတ်ကုန် က ၂၀၀၈ ခုနှစ် တတိယ သုံးလပတ် မှာ ကျသွားခဲ့ပြီး၊ အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားတာတွေကလည်း တိုးများလာနေပါတယ်။ အဲဒီ အချက်တွေ ကို ထောက်ပြပြီး စီးပွားရေး ကို ပြန်ကောင်းလာအောင် လုပ်ပေးဖို့ နောက်ထပ် အစီအစဉ်သစ်တစ်ရပ် လိုအပ်မယ် လို့ အောက်လွှတ်တော် ဥက္ကဌ နန်စီ ပလိုစီ က ပြောပါတယ်။

စီးပွားရေး ကျနေတာ ဘယ်လောက် ဆိုးနိုင်တဲ့အကြောင်း ကို စီးပွားရေး ပညာရှင်တွေ နဲ့ ကျွမ်းကျင်သူတွေ က ဖြစ်နိုင်ခြေတွေ တင်ပြကြပါတယ်။ တော်တော်များများ က စီးပွားပျက် ကပ်လို့ ဆိုနိုင်တဲ့ အချက်တွေက ဖြစ်နေပြီ လို့ ပြောကြပါတယ်။ ပါတီ ၂ ပါတီ ရဲ့ ပူးတွဲ စီးပွားရေး ကော်မီတီ က ပညာရှင်တွေ ကို ခေါ်ယူ ကြားနာရာမှာ စီးပွားရေး ပိုင်ခြားသုံးသပ်မှု ဌာန ညွှန်ကြားရေးမှူး J. Steven Landefeld, ကပ်လို့ပဲ ခေါ်ခေါ် မခေါ်ခေါ်၊ စီးပွားရေး ကတော့ ထိုင်းနေတာဖြစ်တယ်လို့ ပြောပါတယ်။

“အလုပ်အသစ်တွေ ဖန်တီးနိုင်ဖို့ စီးပွားရေး က တော်တော် လေးကွေးနေတယ်။ အလုပ်လုပ်ချင်သူတွေ များလာနေတာ၊ လူဦးရေ တိုးများလာတာ၊ ထုတ်လုပ်ရေး အားက တက်လာတာ ကို စီးပွားရေး က မီအောင် မလိုက်နိုင်ပါဘူး။”

အရင် က ဘဏ္ဍရေးဝန်ကြီးဌာန အရာရှိတစ်ယောက် ဖြစ်ခဲ့ပြီး၊ အခု နယူးယောက် တက္ကသိုလ် မှာ အလုပ်လုပ်နေတဲ့ Nuriel Rubini ကတော့ အခု ဖြစ်နေတာ စီးပွားကပ်ဆိုက်နေတာ ဖြစ်တယ်လို့ ဆိုပြီး ၁၈ လ က နေ ၂၄ လ အထိကြာလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

သူမ က အနည်းဆုံး ဒေါ်လာ သန်းပေါင်း ၃ သိန်းရှိမယ့် စီးပွားပြန်ကောင်းလာအောင် နှိုးမယ့် အစီအစဉ်တစ်ရပ် လုပ်ဖို့ အောက်လွှတ်တော် ကို တိုက်တွန်းပါတယ်။ အစိုးရ ရဲ့ ဒေါ်လာ သန်းပေါင်း ၇ သိန်း အစီအစဉ် က ငွေကြေးဈေးကွက် ကို ထောက်ပံ့ဖို့ ဖြစ်ပါတယ်။ သူမ ပြောတဲ့ အစီအစဉ် က သာမာန် အမေရိကန်တွေကို ပံ့ပိုးပေးမယ့် အစီအစဉ် အသစ် ဖြစ်ပါတယ်။

ဒါပေမဲ့ အိုဟိုးအိုး တက္ကသိုလ် က စီးပွားရေး ပါမောက္ခ Richard Vedder ကတော့ အဲဒီလို ဆောင်ရွက်တာ အန္တရာယ် များလှတယ်လို့ ထင်ပါတယ်။ ငွေကြေး အကျပ်တည်း ဖြစ်နေချိန် မှာ အဲဒီလောက်ငွေကို ဘယ်ကယူမလဲ ဆိုတဲ့ မေးခွန်း ကို သူ က မေးပါတယ်။

ရေရှည်မှာ စီးပွားရေး အပေါ် ယုံကြည်မှု နည်းလာပြီး၊ မျှော်လင့်ချက်တွေ ပဲ ဖောင်းပွလာလိမ့်မယ် လို့ ပြောပါတယ်။

ဒါပေမယ့် အရင် နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့မှာ သုတေသန ညွှန်ကြားရေးမှူး လုပ်ခဲ့ပြီး၊ အခု အမ်အိုင်တီ တက္ကသိုလ်ကြီး မှာ ရောက်နေတဲ့ Simon Johnson ကတော့ အမေရိကန် စီးပွားပျက်ကပ် က ကမ္ဘာ့အတိုင်းအတာ နဲ့ ရိုက်ခတ်နိုင်တာ ကို စဉ်းစားပါတယ်။ ဒါကြောင့် သူ က ဒေါ်လာ သန်းပေါင်း ၄ သိန်း ခွဲ အစီအစဉ် သစ်တစ်ရပ် ကို မြန်မြန်ဆန်ဆန် ချမှတ်ဖို့ အောက်လွှတ်တော် ကို တိုက်တွန်းပါတယ်။

ဒါပေမယ့် ပြည်နယ် ၂၅ ပြည်နယ်မှာက ဘဏ္ဍာရေး လိုငွေပြနေကြပါတယ်။ ၂၀၁၀ ရောက်ရင် ပြည်နယ်ပေါင်း ၃၉ ပြည်နယ် က စုစုပေါင်း ဒေါ်လာ သန်းပေါင်း ၁ သိန်း ၅ ထောင် လိုငွေ ပြလာကြလိမ့်မယ်လို့ နယူးယောက် ပြည်နယ် အုပ်ချုပ်ရေးမှူး David Paterson က ဆိုပါတယ်။

အောက်လွှတ်တော် မှာ သာမာန် အမေရိကန် ပြည်သူတွေ ကို ကူညီမယ့် စီးပွားရေး အစီအစဉ်အသစ် ကို ဒီမိုကရက် လွှတ်တော် အမတ်တွေ က ချမှတ်ချင်ကြပြီး၊ ရီပါဘလီကန် အမတ်တွေ က ဆန့်ကျင်ကြပါတယ်။ လက်ရှိ သမ္မတ ကလည်း အဲဒီလို အစီအစဉ်အသစ် ကို ဆန့်ကျင်ပါတယ်။ ဒါကြောင့် ဒီမိုကရက်အမတ်တွေ အဖို့ နောက်နှစ်၊ လွှတ်တော် အသစ်ခေါ်ယူတဲ့ အချိန်အထိ စောင့်ပြီး၊ ဘားရက် အိုဘားမား နဲ့ ဖြစ်စေ၊ ဂျွန်မက်ကိန်း နဲ့ ဖြစ်စေ၊ သမ္မတဖြစ်လာမယ့် သူ နဲ့ အလုပ် အတူ လုပ်ကြရမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG