သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တမ်းတွေမှာ အိုဘားမား ဦးဆောင်ဆဲ၊ မက်ကိန်းလည်း အကျိတ်အနယ် မဲဆွယ်ဆဲ


အမေရိကန်သမ္မတ ရွေးကောက်ပွဲ ၃ ရက် သာ လိုတော့တဲ့ မနေ့က စနေနေ့မှာ လက်ရှိ အမေရိကန် ရီပါပလစ်ကန် ဒု သမ္မတ ဒစ်ချင်နီ က သူ့အနေနဲ့ ရီပါပလစ်ကန် သမ္မတလောင်း ဂျွန်မက်ကိန်းကို ထောက်ခံလိုက်တာဟာ ဒီမိုကရက် သမ္မတလောင်း ဘားရက် အိုဘားမား အတွက် ဂျွန်မက်ကိန်းကို ထိုးနှက်ဖို့ အချက်တချက် ရသွားခဲ့ပါတယ်။

နီဗားဒါး ပြည်နယ် ဟန်ဒါဆန် မြို့မှာ မဲဆွယ် စည်းရုံးနေတဲ့ အိုဘားမားက -

“ဒီရွေးကောက်ပွဲမှာ အကြီးကျယ်ဆုံး လောင်းကစားအဖြစ် ကျနော်တို့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေရတာကတော့ ပြီးခဲ့တဲ့ ၈ နှစ်တာ ကလအတွင်း မအောင်မမြင် ကျဆုံးခဲ့တဲ့ ဘုရှ်-မက်ကိန်း လမ်းစဉ်ဟောင်းကြီးအတိုင်း လိုက်ကြမှာလား ဆိုတာပါပဲ။ ကျနော်တို့ သူတို့ လမ်းစဉ်ကို ကြိုးစားခဲ့ပြီးပါပြီ အလုပ်မဖြစ်ပါဘူး။ စာမျက်နှာသစ်ကို ကျနော်တို့ ဖွင့်ဖို့ အချိန် ရောက်နေပါပြီ။” - လို့ ပြောဆိုခဲ့ပါတယ်။

မအောင်မြင်တဲ့ သမ္မတ ဘုရှ် ရဲ့ စီးပွားရေးမူဝါဒ နဲ့ မအောင်မြင်တဲ့ ဒု သမ္မတ ဒစ်ချင်နီ တို့ရဲ့ နိုင်ငံခြားရေး မူဝါဒတွေကို ဆက်ခံသူအဖြစ်လည်း ဂျွန်မက်ကိန်းကို အိုဘားမား က ထောက်ပြသွားပါတယ်။ ဗာဂျီးနီးယားပြည်နယ် စပရင်းဖီးလ် မြို့မှာ မဲဆွယ်နေတဲ့ ဂျွန်မက်ကိန်း ကတော့ အိုဘားမား ဟာ ပြန်လည်ဝေငှရေး ဦးစီးချုပ် ဖြစ်ချင်နေ တာပါ။ ကျနော်ကတော့ တိုင်းပြည်ရဲ့ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ချင်တာပါ လို့ အိုဘားမားရဲ့ ချမ်းသာတဲ့သူတွေဆီက အခွန် တိုးကောက်ပြီး ဝင်ငွေ နည်းသူတွေကို အခွန် ကင်းမဲ့စေမယ့် အစီအစဉ်ကို ထိုးစစ်နဲ့ တိုက်ခိုက်သွားပါတယ်။

ရီပါပလစ်ကန်သမ္မတလောင်း ဂျွန်မက်ကိန်း က -

“နိုဝင်ဘာလ ၄ ရက်နေ့မှာ ကျနော် နိုင်ဖို့ လိုအပ်ပါတယ်။ ခင်ဗျားတို့ရဲ့ ထောက်ခံမှုနဲ့ ကျနော် အနိုင်ရမှာ ဖြစ်ပြီးတော့ ဝါရှင်တန်က အမေရိကန်အစိုးရထဲမှာ တကယ့် အပြောင်းအလဲကို ပေါ်ပေါက်စေမှာပါ။ မိတ်ဆွေတို့ ကျန်တဲ့ ၃ ရက်မှာ ခင်ဗျားတို့ အကူအညီ ကျနော်တို့ လိုပါတယ်။ ကျနော် အနိုင်ရမှ ဖြစ်ပါမယ်။” - လို့ ဆိုပါတယ်။

အိုဟိုင်းယိုး၊ ပန်ဆယ်လ်ဗေးနီးယား၊ ဗားဂျီးနီးယား၊ ဖလော်ရစ်ဒါ စတဲ့ ရီပါပလစ်ကန် သမ္မတလောင်းတွေ အမြဲ နိုင်နေကျ ပြည်နယ် ပြည်နယ်ကြီးတွေမှာ ကြိုတင်စစ်တမ်း ကောက်ယူမှုတွေအရ ဒီနေ့မှာတော့ ဒီမိုကရက် သမ္မတလာင်း အိုဘားမား က အနိုင်ရလိမ့်မယ်လို့ ညွှန်ပြနေပါတယ်။ တနိုင်ငံလုံး အတိုင်းအတာ ကြိုတင်စစ်တမ်း ကောက်ယူချက်အရ အိုဘားမား က မက်ကိန်းထက် လူကြိုက်များမှုမှာ ၇ % အသာ ရရှိနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG