သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်ဝင်းမြမြ တို့ကို ထောင်ချတာ ဥပဒေတွေနဲ့ မကိုက်ညီ၊ အမြန်ပြန်လွှတ်ပေးဖို့ တောင်းဆို


မန္တလေးအကျဉ်းထောင်က တရားရုံးမှာ အဲန်အယ်လ်ဒီ တိုင်းစည်း ဒေါ်ဝင်းမြမြ အပါအဝင် ၅ ဦးကို ထောင်ဒဏ် ချမှတ်ခဲ့တဲ့အမှုဟာ တရားမျှတမှုမရှိသလို သက်သေခံ ဥပဒေပြဌာန်းချက် တွေနဲ့လည်း ကိုက်ညီခြင်းမရှိဘူးလို့ အာရှလူ့အခွင့်ရေး ကော်မရှင်က ထောက်ပြပါတယ်။

တရားရုံးတော်က သူတို့ကို နိုင်ငံတော်အကြည်အညို ပျက်စေတဲ့ အမှု အပါအဝင် အခြားအမှု တွေနဲ့အတူ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့က ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ပါတယ်။ အခုလို ဥပေဒေကြောင်းအရ ညီညွတ်ခြင်းမရှိဘဲ ပြစ်ဒဏ်ချခံထားရတဲ့ တရားခံတွေကိုလည်း လွတ်ပေးဖို့အတွက် မြန်မာအာဏာပိုင်တွေဆီကိုလည်း မေတ္တာရပ်ခံစာ ပို့ခဲ့တယ်လို့ အာရှလူ့အခွင့်ရေး ကော်မရှင်အဖွဲ့ က ရှေ့နေ ဦးမင်းလွင်ဦး က ပြောပါတယ်။

“ပြစ်မှုဆိုင်ရာ အမှုတွေမှာ ရဲ ရေးပိုင်တဲ့အမှု၊ ရဲ ရေးမပိုင်တဲ့အမှု ဆိုပြီး ရှိပါတယ်။ အဲဒီလိုမျိုး ရဲ ရေးမပိုင်တဲ့အမှုတွေကို တရားစွဲဆိုတဲ့အခါမှာ ဦးတိုက် လျှောက်လွှာနဲ့ တရားရုံးကို ဦးတိုက်လျှောက်လွှာ ဆွဲဆိုရတာ ဖြစ်ပါတယ်။ အခု ဒေါ်ဝင်းမြမြကို စွဲဆိုထားတဲ့အမှုတွေမှာ ဥပဒေပုဒ်မ (၅၀၅/ခ) နဲ့ အရေးယူတဲ့အမှုတွေက ရဲ ရေးမပိုင်တဲ့အမှုတွေ ဖြစ်တဲ့အတွက် တရားရုံးကို လျှောက်တဲ့အခါမှာ ဦးတိုက်လျှောက်လွှာမှာ ရုံးခွန်တော် တံဆိပ်ခေါင်း ကပ်ပြီးတော့မှ အမှု စွဲဆိုရမှာ ဖြစ်တယ်။ အခု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ တင်သွင်းထားတဲ့ အခါမှာ တံဆိပ်ခေါင်းခွန် တောင်မပါတဲ့ ဦးတိုက်လျှောက်လွှာကို တရားရုံးက လက်ခံစဉ်းစားပြီးတော့ အမှုကို စစ်ဆေးဆုံးဖြတ်တာက လက်ရှိ ပြဌာန်းထားတဲ့ ဥပဒေနဲ့ မညီဘူး ဆိုတာကို တစ်အချက် ကျနော်တို့ ပြောချင်တာ ဖြစ်ပါတယ်။”

ဒုတိယအချက်အနေနဲ့ ၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ်တွေက ဒေါ်ဝင်းမြမြတို့ဟာ အမေရိကန်သံရုံးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့စဉ် ပြောဆိုဆွေးနွေးချက်တွေကို လိျှု့ဝှက် အသံ ဖမ်းယူထားတဲ့ ကိစ္စ ဖြစ်ပြီးတော့ တရားရုံးတော်မှာ တရားခံတွေ အတွက် တင်ပြစွဲဆိုထားတဲ့ အသံသွင်း တိတ်ခွေဟာလည်း ပြည့်စုံခြင်းမရှိသလို ပြောဆိုချက်တွေကို လက်နှိပ်စက်နဲ့ ပြန်လည် ရိုက်တင်တဲ့ ကိစ္စတွေဟာ ဥပေဒေကြောင်းအရ ညီညွတ်ခြင်းမရှိဘူးလို့ ဦးမင်းလွင်ဦး က ထောက်ပါတယ်။

“သက်သေခံဥပဒေ ပြဌာန်းချက်မှာလည်း အသံသွင်းယူထားတဲ့ တိတ်ခွေကနေတဆင့် လက်နှိပ်စက် ရိုက်ထားတယ် ဆိုတာကို လက်ခံနိုင်တယ် ဆိုတဲ့ ဥပဒေ ပြဌာန်းချက် မရှိဘူး ဆိုတာတွေကို ကျနော်တို့ တွေ့ရတယ်။ ဥပဒေနဲ့ မညီဘဲနဲ့ ဆောင်ရွက်တဲ့ကိစ္စ ဖြစ်တယ် ဆိုတာကို ကျနော်တို့ တင်ပြပြောဆိုပြီးတော့ ဒေါ်ဝင်းမြမြ အပါအဝင် ၅ ဦးကို အမှုကနေ လွှတ်ပေးသင့်တယ်ဆိုတာကို ကျနော်တို့ တင်ပြတောင်းဆိုရခြင်း ဖြစ်ပါတယ်။”

ဟုတ်ကဲ့။ အခု ဦးမင်းလွင်ဦးတို့ ဥပေဒကြောင်းအရ ထောက်ပြသလိုမျိုး အခု ဒီအမှုအတွက် လိုက်ပါ ဆောင်ရွက်ကြတဲ့ အမှုသည်တွေရဲ့ ဥပေဒေ အကျိုးဆောင်တွေက တရားရုံးတော်မှာ ပြန်လည် လျှောက်ထား တင်ပြတာမျိုးတွေ မလုပ်ဘူးလားရှင့်။ -

“ပြည်တွင်းမှာ လိုက်ပါ ဆောင်ရွက်တဲ့ အကျိုးဆောင်တွေ၊ တရားရုံးချုပ် ရှေ့နေတွေကလည်း ဒီကိစ္စကို အထူးတလည် တင်ပြပြီးတော့ တရားရုံးမှာ လျှောက်လွှဲချက် ပေးခဲ့တယ် ဆိုတာကို ကျနော်တို့ တွေ့ရှိရပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် ဒေါ်ဝင်းမြမြ တို့ကို ဖမ်းဆီးအရေးယူထားတဲ့ကိစ္စတွေမှာ စွဲဆိုထားတဲ့ အမှုကိစ္စတွေ အားလုံးကို တပေါင်းတည်း အပြစ်ပေးရမယ်။ နောက်ပြီးတော့ စွဲဆိုထားတဲ့ ရက်တွေက လွှဲမှားနေတယ်၊ ဒါတွေကို ပြင်ဆင်သင့်တယ် ဆိုတာကို ပြည်တွင်းက တရားရုံးချုပ် ရှေ့နေတွေ၊ အကျိုးဆောင်တွေကလည်း တင်ပြပြောဆိုထားတာကို ကျနော်တို့ ကြားသိရပါတယ်။ အဲဒီလို ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်း မရှိတဲ့အတွက်လည်း သက်ဆိုင်ရာ တရားရုံး အဆင့်ဆင့်ကို အယူခံပြင်ဆင်မှု အဲဒါတွေ တက်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ် ဆိုတာကိုလည်း ကျနော်တို့ ကြားသိရပါတယ်ခင်ဗျ။”

ဟုတ်ကဲ့။ အခုလို တရားခံတွေရဲ့ ဥပေဒေ အကျိူးဆောင်တွေတောင်မှ မြန်မာပြည် တရားစီရင်ရေး စံနစ်မှာ တရား ဥပေဒကြောင်းအရ အလုပ်လုပ်ကိုင်ရတာ အခက်အခဲ ရှိတယ်ဆိုရင် အခုလို ပြင်ပ ဥပေဒေနဲ့ လူ့အခွင့်ရေး အဖွဲ့အစည်း တွေရဲ့ တောင်းဆိုချက်မျိူးကို မြန်မာအာဏာပိုင်တွေ အနေနဲ့ စဉ်းစားလိုက်တောတာမျိုးတွေ ရှိနိုင်ပါ့မလားရှင့်။ -

“တရားဥပဒေမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေ၊ ဥပဒေအတိုင်း မစီရင် မဆောင်ရွက်တဲ့ ကိစ္စတွေကို ကျနော်တို့ တော်တော်များများ ပြောဆိုဆောင်ရွက်နေတာတွေ ရှိပါတယ်။ အာဏာရ အစိုးရ အနေနဲ့ စစ်ခေါင်းဆောင်တွေ အနေနဲ့ တချို့ ပြင်ဆင်ခဲ့တာတွေ ရှိတယ်။ လိုက်လျောခဲ့တာတွေ ရှိတယ်။ တချို့ ကိစ္စရပ်တွေမှာ ပြဌာန်းထားတဲ့ ဥပဒေတွေကို ဖောက်ဖျက်တယ် ဆိုတဲ့အတွက် ကျနော်တို့ကလည်း နိုင်ငံတကာမှာ ရှိတဲ့ ဒီ မြန်မာပြည်တွင်းက လွတ်လပ်တဲ့ တရားစီရင်ရေး စံနစ်ကို စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်း၊ နောက်ပြီးတော့ ကုလသမဂ္ဂ လက်အောက်ခံ လွတ်လပ်တဲ့ ရှေ့နေများ နဲ့ တရားစီရင်ရေး ဆိုင်ရာ ကိစ္စရပ်တွေကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်း အသီးသီးကို ကျနော်တို့ ပေးပို့ထားပြီးတော့ ဆက်လက် ဆောင်ရွက်နေပါတယ်။ ဒါကတော့ အလွယ်တကူတော့ ဒီနေ့တင်ပြလို့ မနက်ဖြန်မှာ ဖြစ်လာနိုင်တဲ့ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ ကျနော်တို့ အချိန်နည်းနည်း ယူရမှာပါ။”

ဒါကတော့ အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးကို ဆက်သွယ် မေးမြန်းခဲ့တာပါ။ မန္တလေး အကျဉ်းထောင် တရားရုံးကတော့ ပြစ်မှုထင်ရှားတယ် ဆိုပြီး အဲန်အယ်လ်ဒီ မန္တလေးတိုင်းစည်း ဒေါ်ဝင်းမြမြ ကို ထောင်ဒဏ် ၁၂ နှစ်၊ ဦးကံထူး တိုင်းစည်း အတွင်းရေးမှူးကို ထောင်ဒဏ် ၁၂ နှစ်၊ ဦးသန်းလွင် တိုင်း ဒု-ဥက္ကဌ ကိုလည်း ထောင်ဒဏ် ၈ နှစ်၊ ကိုမင်းသူ မိုးကုတ်မြို့နယ် လူငယ်စည်း ကို ထောင်ဒဏ် ၁၃ နှစ်၊ ကိုဝင်းရွှေ ကျောက်ပန်းတောင်းမြို့နယ် လူငယ် တိုင်းစည်းကို ထောင်ဒဏ် ၁၁ နှစ်၊ မန္တလေးတိုင်း မိတ္ထီလာ မြို့နယ်က ကိုတင်ကိုကို ကို ထောင်ဒဏ် ၂ နှစ်စီ အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG