သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ အကြို သမ္မတလောင်း ၂ ဦး အားသွန်ခွန်စိုက် စည်းရုံး


မနက်ဖြန် အင်္ဂါနေ့မှာ ကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်းနှစ်ဦးဟာ နောက်ဆုံး ကျန်ရှိနေတဲ့ အချိန်အတွင်း မနားမနေ မဲဆွယ် စည်းရုံးနေကြပါတယ်။ ဒီမိုကရက်တစ် သမ္မတလောင်း ဘားရက်အိုဘားမားနဲ့ ရီပတ်ဗလစ်ကန် သမ္မတလောင်း ဂျွန်မက်ကိန်းတို့ဟာ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေမှာ မဲဆွယ် စည်းရုံးနေကြတဲ့အကြောင်း ဗွီအိုအေရဲ့ အိမ်ဖြူတော် သတင်းထောက် ပေါလာ ဝို့ဆင် က သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပတိုင်းမှာ အမြဲလိုလို အရေးပါနေတဲ့ ပင်ဆယ်ဗေးနီးယားနဲ့ အိုဟိုးရိုး ပြည်နယ်တို့မှာ ဘားရက် အိုးဘားမားရော၊ ဂျွန်မက်ကိန်းပါ မဲဆွယ်နေကြတာဖြစ်ပါတယ်။ အဲဒီပြည်နယ်တွေနဲ့ ကပ်လျပ် အိမ်နီးချင်း ပြည်နယ်တွေမှာပါ တဆက်တည်း မဲဆွယ်စည်းရုံးနေကြတာ ဖြစ်ပါတယ်။ ပင်ဆယ်ဗေးနီးယား ပြည်နယ်မှာ ဘားရက် အိုးဗားမားက မဲအသာရဖို့ ရှိနေပေမယ့် သူနိုင် ကိုယ်နိုင် အပြိုင်ကျဲရမယ့် ပြည်နယ်ဖြစ်နေပါတယ်။ ဒါကြောင့်မို့ ဝေခွဲမရ ဖြစ်နေတဲ့ မဲဆန္ဒရှင်တွေကို ဆွယ်တရားဟောဖို့ အတွက် ဂျွန်မက်ကိန်းက ရွေးကောက်ပွဲ မတိုင်မှီ နောက်ဆုံး အချိန်မှာ ပင်ဆယ်ဗေးနီးယား ပြည်နယ်ကို ရောက်ရှိနေတာပါ။ တချိန်တည်းမှာပဲ ရီပတ်ဗလစ်ကန်တွေရဲ့ အမာခံနယ်မြေအဖြစ် အားသစ်လောင်းတဲ့ အနေနဲ့ သူအဲဒီကို ရောက်နေတာလို့ ပြောကြပါတယ်။ ပင်ဆယ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယား မြို့ ဆင်ခြေဖုံး ရပ်ကွက်မှာ ဂျွန်မက်ကိန်းက အခုလို မဲဆွယ်နေပါတယ်။


“ပင်ဆယ်ဗေးနီးယား ပြည်နယ်မှာ ကျွန်တော်တို့ ရီပတ်ဗလစ်ကန်က မဆိုသလော အမှတ်နည်းနည်းနဲ့ နောက်ကလိုက်နေပါတယ်။ အရင်တုန်းက ပြောခဲ့ဘူးသလိုပါပဲ ပညာရှင် ဂုရုကြီးတွေက ကျွန်တော်တို့ ရှုံးနေပြီလို့ မှတ်ချက်ချနေကြလေရဲ့၊ မိတ်ဆွေများခင်ဗျား ကျွန်တော် မက်ကိန်း အခု ပြန်လာပါပြီ ခင်ဗျား။”

တချိန်တည်းမှာပဲ ဂျွန်မက်ကိန်းနဲ့ တွဲဖက်ပြီး ဒုသမ္မတလောင်းအဖြစ် ယှဉ်ပြိုင်းရွေးခံမယ့် အလစကားပြည်နယ် အုပ်ချုပ်ရေးမှူး ဆယ်ရာ ပေလင် ကလည်း အိုဟိုင်းရိုးပြည်နယ်မှာ ဆွယ်တရား ဟောနေပါတယ်။ အိုဟိုင်းရိုးပြည်နယ်မှာတော့ သမ္မတလောင်းနှစ်ဦးကို ထောက်ခံမှုက မတိမ်းမယိမ်း ဖြစ်နေပါတယ်။ အိုဟိုင်းရိုး ပြည်နယ်ကို မနိုင်ဘဲနဲ့ ဘယ်ရီပတ်ဗလစ်ကန် သမ္မတလောင်းမှ အိမ်ဖြူတော်ကို ရောက်ခဲ့ကြတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ရွေးကောက်ပွဲ ၁၁ကြိမ်စလုံးကို ကြည့်ပြီးတော့ ဒီမှတ်ချက်ကို ချတာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ လုံခြုံမှုနဲ့ စီးပွားရေး ပြန်ပြီး နားလန်ထူးနိုင်ဖို့အတွက် အတွေ့အကြုံရှိတဲ့ ဂျွန်မက်ကိန်းကို မဲပေးကြပါလို့ ဆယ်ရာ ပေလင်က ဆော်သြလိုက်ပါတယ်။

“သမ္မတ ရေဂင် တင်စားပြောခဲ့ဘူးသလိုပါပဲ။ အမေရိကားဆိုတဲ့ နိုင်ငံဟာ တောင်ပေါ်က ထွန်းလင်းတောက်ပတဲ့ မြို့အဖြစ်နဲ့ တည်ရှိနေဆဲပါပဲ။ အပြောသက်သက်နဲ့ လေလုံးထွားနေတာ မဟုတ်ဘဲနဲ့ ကျွန်မတို့တွေ အားလုံး အားကျနေရတဲ့ နိုင်ငံရဲ့ သူရဲကောင်းအဖြစ် ယုံကြည်ကိုးစားထိုက်တဲ့ ဦးဆောင်မှု လူတယောက်ရှိနေတာဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်ပါပဲ။ အဲဒီလူကတော့ ဂျွန်မက်ကိန်းပါပဲ။”

အိုဟိုင်းရိုးပြည်နယ်မှာ ဆယ်ရာ ပေလင် တယောက်တည်း လူအုပ်ကြီးကို ဆွယ်တရားဟောနေတာ မဟုတ်ပါဘူး။ ဒီမိုကရက်တစ် သမ္မတလောင်း ဘားရက် အိုးဘားမားကလည်း အိုဟိုင်းရိုးမှာ မကြာခဏ စည်းရုံး ဆွယ်တရားဟောနေရတာလဲဖြစ်ပါတယ်။



“ကျောက်ဆောင် ကျောက်ကမ်းပါးတွေနဲ့ အရှေ့ဘက် ကမ်းခြေ မိန်းပြည်နယ်ကနေ တောက်ပတဲ့ နေရောင်အောက်က အနောက်ဘက် ကမ်းခြေ ကယ်လီဖိုးနီးယား ပြည်နယ် အထိ ၂၁လအကြာ မဲဆွယ် စည်းရုံး ခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုကို ပြုပြင်ပြောင်းလဲပစ်ဖို့ ၂ရက်ပဲ လိုပါတော့တယ်။ အခု ကျွန်တော်တို့ ကြီးကျယ်လှတဲ့ အိုဟိုးရိုး ပြည်နယ်ကနေ ပြုပြင်ပြောင်းလဲရေး ခရီးကို ဆက်ကြပါတော့မယ် ခင်ဗျား။”


ရီပတ်ဗလစ်ကန်နဲ့ ဒီမိုကရက်တစ်ပါတီက မဲဆွယ် စည်းရုံးရေး သမားတွေက ထောက်ခံမယ့်သူတွေကို မဲထည့်ကြဖို့အတွက် တယ်လီဖုန်း ဆက်သူက ဆက် စာရွက်စာတမ်း လက်ကမ်းကြေညာတွေ ဝေသူက ဝေနဲ့ မနက်ဖြန် အင်္ဂါနေ့ ရွေးကောက်ပွဲအတွက် စိတ်လှုပ်ရှားစွာ စည်းရုံးနေကြတယ်လို့ ဗွီအိုအေ သတင်းထောက် ပေါ်လာ ဝို့ဆင်က သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG