စီးပွားရေး တိုးတက်ဖွံ့ဖြိုးအောင် ပူးတွဲလုပ်ကိုင်ရေးအတွက် အာရှဥရောပ ဆွေးနွေးပွဲ ကျင်းပသင့်ကြောင်း ၁၉၉၄ မှာ စင်္ကာပူဝန်ကြီးချုပ် ဂိုခြောက်တောင်း က အကြံပေးတာကို ဥရောပအဖွဲ့က သဘောတူတဲ့အတွက် ASEM ခေါ် အာရှဥရောပ ထိပ်သီးဆွေးနွေးပွဲ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
၁၉၉၆ မှာ ပထမအကြိမ် ထိပ်သီးဆွေးနွေးပွဲ ဘန်ကောက်မှာ ကျင်းပတော့ ဥရောပအဖွဲ့ဝင် (၁၅) နိုင်ငံ၊ အာစီယံ (၇) နိုင်ငံ၊ တရုတ်၊ ဂျပန် နဲ့ တောင်ကိုရီးယားတို့ တက်ရောက်ကြပါတယ်။ အဲဒီအချိန်ကစပြီး အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲကို (၂) နှစ်တကြိမ် ကျင်းပလာတာမို့ အခုဆိုရင် (၇) ကြိမ် ရှိသွားပါပြီ။
လွန်ခဲ့တဲ့အပတ် တရုတ်နိုင်ငံ ဘေဂျင်းမှာ ကျင်းပပြုလုပ်သွားခဲ့တဲ့ အာရှ-ဥရောပထိပ်သီးညီလာခံမှာ မြန်မာပြည် စစ်အစိုးရအနေနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဖို့ တိုက်တွန်းကြောင်း အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တွေကို အစည်းအဝေးတက်ခွင့်ပေးကတည်းက အခုလို တိုက်တွန်းလာခဲ့တာ အကြောင်းထူးတာမဟုတ်ကြောင်း ဆောင်ပါးရှင် ဦးအောင်ခင် က သုံးသပ်တင်ပြထားပါတယ်။