သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမဆုံး အာဖရိကနွယ် အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား


နိုဝင်ဘာ ၄ရက် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဘရက်ခ် အိုးဘားမား အနိုင်ရသွားပြီး၊ သူဟာ အမေရိကန်သမိုင်းမှာ ပထမဆုံး အာဖရိကအနွယ် အမေရိကန်သမ္မတ တဦးဖြစ်လာပါတယ်။ ကမ္ဘာအနှံအပြားခေါင်းဆောင်တွေ လူပုဂ္ဂိုလ်တွေဟာ သူအနိုင်ရတာကို ထောက်ခံ ကြိုဆိုခဲ့ကြပါတယ်။

အမေရိကန် ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် မစ္စတာအိုဘားမား အနိုင်ရကြောင်း ကြေညာလိုက်ချိန်မှာပဲ အိုဘားမား ဖခင်ဖက်က ဘိုးဘွားဘီဘင်တွေ နေခဲ့တဲ့ ကင်ညာနိုင်ငံ ကိုဂီလိုမြို့က ကျေးရွာသားတွေဟာ တဦးကို တဦး ပွေ့ဖက်ပြီး ပျော်ရွင်ခဲ့ကြပါတယ်။ ကင်ညာသမ္မတ မွိုင်ကဘားကီးကလည်း မစ္စတာအိုဘားမား အနိုင်ရတာကို ဂုဏ်ပြုတဲ့အနေနဲ့ အခု ကြာသာပတေးနေ့ကို နိုင်ငံတော်အားလပ်ရက်ကြေညာလိုက်ပါတယ်။

အာဖရိကတောင်ပိုင်းဖွံဖြိုးရေးအဖွဲ့အစည်းကြီးရဲ့ ဥက္ကဌ တောင်အာဖရိကသမ္မတ ဂလီးမား မော်တလန်တေးကလည်း မစ္စတာ အိုဘားမားရဲ့ အောင်မြင်မှုအတွက် အာဖရိကဒေသအနေနဲ့ ဂုဏ်ယူမိကြောင်း ပြောလိုက်ပြီး၊ နောက်ပိုင်း အမေရိကန် အာဖရိက ချစ်ကြည်ရေး ဆက်ဆံမှု ကောင်းမွန်တိုးတက်လာဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဥရောပကော်မရှင်အကြီးအကဲ ဂျိုဆေး မန်နြူရယ် ဘာရိုဆိုကလည်း မစ္စတာအိုဘားမား အနိုင်ရတဲ့အပေါ် ဝမ်းမြောက်စကားဆိုပြီး၊ ကမ္ဘာသစ်အတွက် အခြေအနေသစ်တခု မျှော်လင့်တယ်လို့ ဖော်ပြပါတယ်။ အီရတ်နိုင်ငံခြားရေးဝန်ကြီး ဟောရှာ ဇီဘာရီကလည်း မစ္စတာအိုဘားမားအနိုင်ရတာကြောင့် အီရတ်ကနေ အမေရိကန်တပ်တွေ ရုတ်တရက် ဆုတ်ခွာသွားမယ် - အမေရိကန်မူဝါဒ ရုတ်ချည်း အပြောင်းအလဲဖြစ်မယ်လို့ မမျှော်လင့်တဲ့အကြောင်း ပြောသွားပါတယ်။ မစ္စတာအိုဘားမားဟာ မဲဆွယ်စည်းရုံးမှုတွေအတွင်း သူ သမ္မတဖြစ်တာနဲ့ ၁၆လအတွင်းမှာ အီရတ်က အမေရိကန်တပ်တွေကို ရုတ်သိမ်းလိုတယ်လို့ ပြောထားတာပါ။

ပြင်သစ်သမ္မတ နီကလပ် ဆာကိုဇီကလည်း မစ္စတာအိုဘားမားကို ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းကလည်း အမေရိကန်မှာ အခုလို လူမဲ သမ္မတဖြစ်လာတာကြောင့် နိုင်ငံရေးမှာ လူမျိုးရေးနဲ့ အသားအရောင်ခွဲခြားမှုတွေဟာ ပပျောက်သွားပြီလို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။ ဝါရှင်တန်မှာရှိတဲ့ ပါကစ္စတန်သံရုံးကတော့ ပါကစ္စတန်သမ္မတ အာဆစ် အာလီ ဇာဒါရီအနေနဲ့ အမေရိကန်ခေါင်းဆောင်သစ်အောက်မှာ အမေရိကန်-ပါကစ္စတန်ဆက်ဆံရေး ပိုတိုးတက်လာမယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောထားပါတယ်။

XS
SM
MD
LG