သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတသစ်အိုဘားမား မြန်မာ့အရေး ဆက်လျှက်ဆောင်ရွက် ပေးမည်ဟု မြန်မာအတိုက်အခံများ မျှော်လင့်


အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဘာရက်ခ် အိုဘားမား အနိုင်ရခဲ့တဲ့နောက် ဒါတွေဟာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် ဘယ်လောက်အထိ အကျိုးသက်ရောက်မှုတွေ ရှိလာစေလိမ့်မယ်လို့ ယူဆနေကြပါသလဲ။ အမေရိကန် ရွေးကောက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ မြန်မာ့နိုင်ငံရေး အင်အားစုတွေရဲ့ အမြင်တွေကို ဦးအောင်လွင်ဦးက စုစည်းတင်ပြထားပါတယ်။

အမေရိကန် သမ္မတရွေးပွဲတွေမှာ ဒီမိုကရက်ပါတီရဲ့ ကိုယ်စားလှယ်လောင်း အထက်လွှတ်တော်အမတ် ဘားရက်ခ် အိုဘားမား က အနိုင်ရခဲ့တဲ့နောက် ဒါဟာ မြန်မာ့ဒီမိုကရေစီရေး ကျိုးပမ်းမှုတွေအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာလိမ့်မယ် ဆိုပြီး ယူဆနကြတာပါ။ မြန်မာနိုင်ငံက အဓိကအတိုက်အခံ နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရဲ့ ဗဟိုအလုပ်အမှုဆောင် တဦးလည်းဖြစ် ဝါရင့်သတင်းစာ ဆရာကြီး တဦးလည်း ဖြစ်တဲ့ ဦးဝင်းတင် ရဲ့ အမြင်ကတော့ ဒီလိုပါ။

“မစ္စတာ အိုဘားမားနဲ့ ပတ်သက်ပြီး မြန်မာရဲ့ ဒီမိုကရေစီအရေးမှာ အများကြီး အထောက်အကူဖြစ်မှာပဲလို့ ကျွန်တော်တော့ ယုံကြည်တယ်။ သူ့ရဲ့ လုပ်ရပ်တွေကို မသိသော်လည်း သူ့ပါတီရဲ့ အစဉ်အလာကို ကျွန်တော်သိတယ်။ အဲဒီအစဉ်အလာကို မစ္စတာ အိုဘားမားက တော့ ကိုင်စွဲမှာပဲ။ ဒီမိုကရေစီအစဉ်အလာပေါ်မှာရပ်တည်ပြီး ဗမာပြည်ရဲ့အလွန်ဆိုးရွားတဲ့ ဒီမိုကရေစီအခြေအနေတွေ၊ အလွန်ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားနိုင်တဲ့ သဘောထားတွေ၊ လုပ်ငန်းစဉ်တွေ၊ အဆိုပြုချက်တွေ၊ အရေးယူမှုတွေကို ဆောင်ရွက်သွားလိမ့်မယ်လို့ အများကြီးမျှော်လင့်ပါတယ်။ လုပ်မယ်လို့လည်း ယုံကြည်ပါတယ်ခင်ဗျ။”

ဒီလို အာဖရိကန်နွယ်ဖွား လူမည်းတယောက် ပထမဆုံးအကြိမ်အဖြစ်နဲ့ သမ္မတ ဖြစ်လာမယ့် ကိစ္စဟာ အမေရိကန်နိုင်ငံ အတွက် သမိုင်းဝင် ဖြစ်ရပ်တခုဖြစ်လာခဲ့တာပါ။ ဒါဟာလည်း မြန်မာ့ဒီမိုကရေစီရေး အင်အားစုတွေအတွက် အားကျစရာ ဖြစ်နေရတာပါ။ ဒီကနေ့ ရန်ကုန်မြို့ အမေရိကန်စင်တာမှာ ရွေးကောက်ပွဲ အစီအစဉ်တွေကို စိတ်ဝင်တစား သွားရောက် ကြည့်ရှုခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင် ကတော့ -

“လူမဲတယောက်ကနေပြီး အမေရိကန် သမ္မတ ဖြစ်လာတယ်ဆိုတာ တချိန်တုန်းက ဆိုရင်တော့ စိတ်ကူးယဉ်သက်သက်ပဲလို့ ပြောစရာရှိပေမယ့် ဒီနေ့ ဒါကို လက်တွေ့အနေနဲ့ သက်သေထူလိုက်ပြီလို့ ပြောနိုင်တယ်။ အမေရိကန် နိုင်ငံသူနိုင်ငံသား တွေရဲ့ နိုင်ငံရေးအမြင်၊ ဒီမိုကရေစီ အဆင့်အတန်းကို ဖော်ပြလိုက်တာပါပဲ။ တကယ်တော့ အသားအရောင် ကွဲပြားနေ ပေမယ့်လည်း သူတို့က လူတယောက်အပေါ်မှာ အရည်အချင်းအရ၊ ပုဂ္ဂိုလ်ရေးအရ ကြိုက်တယ်ဆိုရင် အမြင့်ဆုံး ရာထူး အဖြစ် သမ္မတကိုတောင် ရွေးကောက်တင်မြောက်တဲ့အပေါ်မှာ နိုင်ငံတကာမှာ အမေရိကန်ကို ချီးကျူးထိုက်တယ်လို့ မြင်ပါတယ်။”

ဒီလိုပဲ ရန်ကုန်မြို့က မြန်မာသံအမတ်ကြီးဟောင်း တဦးလည်းဖြစ်၊ ဝါရင့်နိုင်ငံရေးသမားကြီး တဦးလည်းဖြစ်တဲ့ သခင်ချန်ထွန်း ကလည်း ဒါဟာ မြန်မာ့ဒီမိုကရေစီရေး ကျိုးပမ်းသူတွေအတွက် အားကျစရာ အတုယူစရာ တခုလို့ မြင်ပါတယ်။

“ ဒီမိုကရေစီ ရရှိရေးကို ကြိုးစားအားထုတ် နေတဲ့သူတွေအတွက် အင်မတန် ကြီးမားတဲ့ အင်အားကြီးတရပ်ဖြစ်သွားတာပေါ့။ ဒီမိုကရေစီဆိုတာ ဒါပဲ ဆိုတာ ကမ္ဘာကို ပြလိုက်တာပဲ။ ဗမာပြည်ကလည်း ကိုယ်က ဒီမိုကရေစီလိုချင်တဲ့နိုင်ငံက ဒီလိုမျိုး လုပ်ကိုင်ချင်တယ်၊ ဒီလိုမျိုး ဒီမိုကရေစီလိုလားလာကြတာပေါ့။”

တကယ်တော့ အမေရိကန် သမ္မတ နေရာအတွက် ယှဉ်ပြိုင်နေကြတဲ့ ကိုယ်စားလှယ်လောင်း ၂ ဦး ဖြစ်ကြတဲ့ ဒီမိုကရက် ကိုယ်စားလှယ်လောင်း ဘာရက်ခ် အိုဘားမား ထက် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် ဂျွန် မက်ကိန်း ကသာ မြန်မာ့အရေး စွမ်းဆောင်ခဲ့တဲ့ အစဉ်အလာ ရှိခဲ့တယ်၊ ပိုမိုတက်ကြွတဲ့ နိုင်ငံခြားရေး မူဝါဒမျိုး ရှိတယ်ဆိုပြီး မြန်မာနိုင်ငံက ဒီမိုကရေစီရေး လိုလားသူတွေက ပိုမိုနှစ်ခြိုက်မှုတွေလည်း ရှိနေခဲ့တာပါ။ ဒါပေမဲ့လို့ အခုလို ဂျွန် မက်ကိန်း ရှုံးနိမ့်သွားပေမယ့်လည်း အမေရိကန် နိုင်ငံရဲ့ မြန်မာ့ဒီမိုကရေစီရေး စွမ်းဆောင်ချက်တွေ လျော့သွားစေမှာ မဟုတ်ဘူးလို့လည်း ယုံကြည် ထားကြတာ ဖြစ်ပါတယ်။

“အိုဘားမားဟာ ဒီမိုကရေက်တစ်ပါတီရဲ့ ဗမာပြည် ဒီမိုကရေစီရေးနဲ့ ပတ်သက်တဲ့ ရပ်တည်တဲ့ ခိုင်မာတဲ့ သဘောထားတွေ၊ အစဉ်အလာတွေကို ဆက်ပြီး ကိုင်တွယ်ရမယ့် ဝတ္တရားက ရှိနေတယ်။ မစ္စတာ အိုဘားမားက ပျော့ပြောင်းတဲ့ ပုဂ္ဂိုလ် ဖြစ်ကောင်းဖြစ်မယ်။ ကျန်တဲ့ ဒီမိုကရေစီရေးနဲ့ ပတ်သက်တဲ့ တင်းမာတဲ့ အယူအဆတွေ၊ ခိုင်မာတဲ့ အယူအဆတွေ ရှိကောင်းမှ ရှိပါလိမ့်မယ်။ ဘယ်လိုပဲ ပြောပြော သူမလွဲမသေ ကိုင်စွဲရမယ့် ဒီမိုကရက်တစ်ပါတီရဲ့ ဒီမိုကရေစီရေး အစဉ်အလာကတော့ အလွန်ကြီးမားတယ်လို့ ယုံပါတယ်။ အဲဒီလို ယုံတဲ့အတွက်လည်း ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ဗမာပြည် ဒီမိုကရေစီရေးအတွက် လုပ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံရေး သမားအိုကြီးတွေတောင်မှ ဒီမိုကရေစီရေး အတွက် ခိုင်ခိုင်မာမာ ရပ်တည်နိုင်သေးတာ သူလို လူငယ်ဖြစ်တဲ့အတွက် ဘာမှ ခိုင်ခိုင်မာမာ မရပ်တည်နိုင်စရာ အကြောင်း မရှိပါဘူး။ နိုင်ငံတကာဆက်ဆံရေးတွေမှာလည်း ပြေပြစ်အောင် လုပ်ချင်တဲ့ သဘောတွေရှိတယ်။ ဒါတွေကို အတင်း အဓမ္မကြီး ပြင်းပြင်းထန်ထန် လုပ်မှမဟုတ်ပါဘူး။ ပြေပြေပြစ်ပြစ်ဆောင်ရွက်မယ်ဆိုလဲ ဆောင်ရွက်တာပဲ လိုချင်တာ။ ကျွန်တော်တို့ အရေးကိစ္စနဲ့ ပတ်သက်ပြီး ပါဝင်ဆောင်ရွက်မှုကိုသာ လိုချင်တာ။ ပါဝင်ဆောင်ရွက်မှုမှာ ထိရောက်တဲ့ ပါဝင်ဆောင်ရွက်မှုကို အမျှော်အမြင်ရှိတဲ့ လူတယောက်အနေနဲ့ ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ ကြိုဆိုပါတယ်။”

အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် တဦးလည်းဖြစ် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်း ဖြစ်ခဲ့တဲံ ဦးဝင်းတင် ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ရွေးပွဲတွေကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြတဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအင်အားစုတွေက သမ္မတရွေးပွဲတွေ အနေနဲ့ မြန်မာ့အရေးအပေါ် ထင်ဟပ်လာဖွယ်ရှိတဲ့ အခြေအနေတွေကို ပြောပြခဲ့ကြတာပါခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG