သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား သမ္မတ ရွေးချယ်ခံရမှုအပေါ် ကမ္ဘာတဝန်း ကြိုဆို


အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဘရက်ခ် အိုဘားမားအနိုင်ရလိုက်တဲ့အပေါ်မှာ အိန္ဒိယ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နိုင်ငံ ခေါင်းဆောင်တွေက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပြီး ဒါဟာ အမေရိကန်နိုင်ငံတွင်းမှာရော ကမ္ဘာအတွက်ပါ ပြည်သူတွေအတွက် အားသစ်တရပ်ဖြစ်စေတယ်လို့ ပြောပါတယ်။ လာမယ့် အမေရိကန် သမ္မတသစ်အတွက် အရေးပါတဲ့ စိန်ခေါ်ချက်တွေ ရှိနေတဲ့ ဒီဒေသတွင်းမှာ အခု အမေရိကန်သမ္မတသစ်အပေါ် ဘယ်လိုများ တုန့်ပြန် သဘောထားတွေရှိသလဲဆိုတာ ကဘူးမြို့ကနေ ဗွီအိုအေ သတင်းထောက် ဘယ်ရီ နယူးဟောက်သတင်းပေးပို့ထားတာ အပြည့်အစုံ ကိုသားညွန့်ဦးက ပြောပြပါမယ်။

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ အခုလို မစ္စတာ အိုဘားမား အနိုင်ရလိုက်တာကြောင့် အမေရိကန်မှာရော ကမ္ဘာ နိုင်ငံရေးမှာပါ အကြောင်းရပ်တခုလိုဖြစ်နေတဲ့ လူမျိုးရေးကိစ္စတွေဟာ ပျောက်ကွယ်သွားပြီး အခြေအနေအသစ်တရပ် ရောက်လာမယ်လို့ မျှော်လင့်တဲ့အကြောင်း အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းက ပြောပါတယ်။ မစ္စတာ အိုဘားမားရဲ့ ခေါင်းဆောင်မှုဟာ အာဖဂန်မှာ အမေရိကန်ရဲ့ကြိုးပမ်းမှုတွေအပေါ် မျှော်လင့်ချက်အတော်ကြီးရှိတယ်လို့လည်း သူက ပြောပါတယ်။

“အခု ရွေးကောက်ပွဲရလဒ်အရ သမ္မတအိုဘားမားဖြစ်လာပြီးဆိုရင် အာဖဂန်နိုင်ငံသားတွေရဲ့ ဘ၀ အာဖဂန် နိုင်ငံ ငြိမ်းချမ်းရေး အပြင် ကမ္ဘာအတွက်ပါ အလားအလာကောင်းတွေ ရှိလာမယ် မျှော်လင့်ပါတယ်။”

အိန္ဒိယဖက်ကလည်း အိနိယဝန်ကြီးချုပ် မန်းမိုဟန် ဆင်းက ကြေညာချက်ထုတ်ပြီး အမေရိကန် အိန္ဒိယ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြင့်လာမယ်မျှော်လင့်တယ်လို့ ဆိုလိုက်ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်ရဲ့ ပြောရေး ဆိုခွင့် ရှိသူက အခုလို ဖတ်ပြပါတယ်။

“ကျနော်တို့နှစ်နိုင်ငံဟာ ကမ္ဘာငြိမ်းချမ်း တည်ငြိမ်ရေးနဲ့ တိုးတက်ရေးအတွက် အရေးကြီးတဲ့ အကြောင်းရပ်တွေ စိန်ခေါ်ချက်တွေကို အတူတကွ ဆောင်ရွက်နေကြပါတယ်။”

အိန္ဒိယနဲ့ ပါကစ္စတန်အကြား အငြင်းပွားနေတဲ့ ကက်ရ်ှမီးယားပြဿနာကို ဖြေရှင်းလိုက်နိုင်ရင် ပါကစ္စတန်အနေနဲ့ အယ်ကိုင်းဒါးနဲ့ တာလီဘန် စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုကို ပိုပြီး အလေးထား လာနိုင်မယ်လို့ မစ္စတာ အိုဘားမားက ပြီးခဲ့တဲ့ အပတ်ကပဲ ပြောခဲ့ဖူးပါတယ်။ ပါကစ္စတန်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟူမာရန် ခန်းကတော့ အမေရိကန်ရဲ့ အကြမ်းဖက်မှု စစ်ဆင်ရေး အပေါ် ခံစားချက်မကောင်းတဲ့ ပါကစ္စတန်က အမေရိကန်ဆန့်ကျင်ရေးသဘောထားအချို့ နည်းပါးသွားစေမယ်လို့ ပြောပါတယ်။

“အိုဘားမားဟာ ကျနော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ အရှုပ်အထွေးတွေ အားလုံးကို နားလည်အောင် ကြိုးစားမယ့် လူလို့ မျှော်လင့်ရတာပဲ။ ဒါကြောင့် ပါကစ္စတန်တွေရဲ့ ခံစားမှုကို နားထောင်နိုင်ပြီး၊ အခြေအနေတွေ ကောင်းလာလိမ့် မယ်လို့ ကျနော် ထင်ပါတယ်။”

အခုလို အမေရိကန် သမ္မတသစ်အဖြစ် မစ္စတာအိုဘားမား ရွေးခြယ်ခံလိုက်ရတာကြောင့် နိုင်ငံတကာမှာ အမေရိကန်ပုံရိပ် အထူးသဖြင့် အမေရိကန်အပေါ် အမြင်ဆိုးနေကြတာတွေ ပြောင်းလဲလာနိုင်ခြေရှိတယ်လို့ အမေရိကန် ဂျော့ဂျ်တောင်း တက္ကသိုလ်က ကိုမင်းဇော်ဦးကလည်း ယူဆထားပါတယ်။

“နိုင်ငံတကာက အမေရိကန် ကို မြင်နေတဲ့ အမြင်တွေဟာ ပိုပြီးတော့ ကောင်းလာနိုင်ပါတယ်။ အမေရိကန်နဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ဖူးတဲ့ ဥရောပနိုင်ငံတွေ ကြားထဲမှာ ရှိတဲ့ သံတမန် ဆက်ဆံရေးတွေ ပိုပြီး ချောမွေ့လာနိုင်ပါတယ်။ တဇွတ်ထိုး ဝါဒတွေ မဟုတ်ဘဲနဲ့ သူ့ရဲ့ မိတ်ဆွေတွေနဲ့ ညှိနှိုင်းပြီးတော့ ကမ္ဘာကြီးရဲ့ အနာဂတ်ကို ကမ္ဘာကြီးနဲ့ ပတ်သက်တဲ့ ပေါ်လစီတွေနဲ့ လုပ်ရမယ်ဆိုတဲ့ မူကို လက်ကိုင်ထားတဲ့အတွက်ကြောင့် မိတ်ဆွေတွေနဲ့ ပိုပြီးတော့ အဆင်ပြေလာနိုင်ပါတယ်။”

အမေရိကန်က အခုလို ပြောင်းလဲလို့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျဉ်းက ပြောင်းလဲလာတာ မဟုတ်တာတောင်မှ တစုံတရာ ရွေ့လာနိုင်သလား။

“ရွေ့နိုင်ပါတယ်။ ဥပမာ မြန်မာပြည်လို ကိစ္စမျိုးမှာ အမေရိကန်က သူ့ရဲ့ ပေါ်လစီကိုပဲ ကောင်းမယ်ထင်တဲ့ ဟာကိုပဲ လုပ်ကိုင်ထားပြီးတော့ အာစီယံနဲ့ တွေ့ပြီးလုပ်တဲ့ကိစ္စမျိုးတွေ၊ တရုတ်နဲ့ တွေ့ပြီး လုပ်တဲ့ ကိစ္စမျိုးတွေမှာ သူ့ပေါ်လစီပေါ်မှာပဲ အခြေခံပြီး တောက်လျောက်ရပ်တည်သွားတယ်။ အိုဘားမား လက်ထက်မှာ ဘယ်လို ဖြစ်လာနိုင်သလဲဆိုရင် ဗမာပြည်လို ကိစ္စမျိုး၊ ဒါဖားလို့ ကိစ္စမျိုးတွေမှာ တခြား အရေးပါတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရတဲ့ အခါ အမေရိကန်ဘက်က ပိုပြီး ပျော့ပျော့ ပြောင်းပြောင်း ဆက်ဆံလာနိုင်တယ်။”

အမေရိကန် နိုင်ငံ သမ္မတ ရွေးကောက်ပွဲ မှာ ဒီမိုကရက် သမ္မတလောင်း ဘရက်ခ် အိုဘားမား ရွေးကောက် တင်မြှောက် ခံလိုက်ရတဲ့အတွက် အာရှ နဲ့ အာဖရိက အပါအဝင် ကမ္ဘာတဝန်း မှာ လူတွေ စုရုံး ပျော်ရွှင်နေကြပါတယ်။

အာရှ မှာ ရှိတဲ့ တိုင်းပြည် အများစု က အမေရိကန် နဲ့ တော်တော်ကြီး ဆက်စပ်နေပါတယ်။ တောင်ကိုရီးယား၊ ဂျပန် နဲ့ သြစတြေးလျလို တိုင်းပြည်တော်တော်များများ က စစ်ရေး မဟာမိတ်တွေ ဖြစ်ကြပါတယ်။ အာရှနိုင်ငံ အားလုံး နီးနီးလောက် ဟာ အမေရိကန် နဲ့ စီးပွားရေးအရ ရင်းရင်းနှီးနှီး အဆက်အသွယ် ရှိကြပါတယ်။ ကမ္ဘာ့ စီးပွားရေး က အားနည်း လာပြီး အီရတ် စစ်ပွဲက တာရှည်လာတဲ့အခါ၊ အမေရိကန် နိုင်ငံရေး အပြောင်းအလဲအပေါ် အားလုံးက မျှော်လင့်နေတဲ့ အချိန်မှာ မစ္စတာအိုဘားမားဟာ ပထမဆုံး အာဖရိကနွယ် အမေရိကန်သမ္မတအဖြစ် ရွေးခြယ်ခံလိုက်ရတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG