သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာလွှဲပြောင်းရေး ချောမွေ့အောင် သမ္မတ ဘုရှ်  ကူညီမည်


သမိုင်းတွင်ကျန်ရစ်မဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲ အနိုင်ရခဲ့သူ ဘရက်ခ် အိုဘားမား ကို လက်ရှိသမ္မတ ဂျော့ ဘုရှ်က အောင်မြင်မှုအတွက် ဂုဏ်ယူကြောင်းပြောကြားခဲ့ပါတယ်။ မစ္စတာ အိုဘားမား သမ္မတ တာဝန် မယူခင် စပ်ကြားကာလမှာ ဘုရှ် အစိုးရအနေနဲ့ တာဝန်အကူးအပြောင်းကို ချောချောမွေ့မွေ့ဖြစ်အောင် မစ္စတာ အိုဘားမား နဲ့ အနီးကပ် ဆက်ဆံသွားမယ်လို့ သမ္မတ ဘုရှ် ကကတိပေးခဲ့ပါတယ်၊ ဒီအကြောင်းတွေကို VOA သတင်းထောက် မစ်ရှဲလ် ဘိုမန် က ဘယ်လိုသတင်းပို့ထားသလဲဆိုတာကို မစုမြတ်မွန်က တင်ပြပေးပါတယ်။

အင်္ဂါနေ့ကသမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ပါတီက မစ္စတာ ဘရက်ခ် အိုဘားမား အနိုင်ရသွားပြီဆိုတာသိရပြီး မကြာခင်မှာဘဲ သမ္မတ ဘုရှ် က မစ္စတာ အိုဘားမား ကိုရော ရွေးကောက်ပွဲမှာ အရေးနိမ့်သွားတဲ့ ရီပတ်ဗလစ်ကန် အမတ် ဂျွန်မက်ကိန်း ကိုပါ တယ်လီဖုန်းနဲ့ဆက်သွယ်စကားပြောခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီး နာရီပိုင်းအကြာမှာပဲ သမ္မတဘုရှ် က အိမ်ဖြူတော်ဝန်းထဲက နှင်းဆီပန်းခြံထဲမှာ မစ္စတာ အိုဘားမား ရဲ ့အောင်မြင်မှုနဲ့ပါတ်သက်ပြီး မိန့်ခွန်းပြောတာမှာ

“အမေရိကန်တွေအနေနဲ့ မဲတွေကို ဘယ်လိုပဲ ပေးခဲ့ ပေးခဲ့ အင်္ဂါနေ့က သမိုင်း တွင်ရစ်တဲ့ ဖြစ်ရပ်ကိုတော့ ပြည်သူတွေ အားလုံး ဂုဏ်ယူနိုင်ပါတယ်။ နိုင်ငံတဝန်းမှာ ပြည်သူတွေအမြောက်အများ မဲတွေပေးခဲ့ ကြပါတယ်။ အမေရိကန်ရဲ ့ဒီမိုကရေစီစနစ် အားကောင်းမှု၊ ပိုပြီးတော့ကောင်းမွန်ပြည့်စုံတဲ့စည်းလုံးမှုရှိတယ်ဆိုတာကို စောင့်ကြည့်နေကြတဲ့ ကမ္ဘာကို အမေရိကန်ပြည်သူတွေ ပြသခဲ့ကြပါတယ်။ အမေရိကန်ရဲ့ အောင်မြင်မှု၊ ကြိ ုးစားအားထုတ်မှု၊ အကောင်းမြင်မှု၊ ကျွန်တော်တို့တိုင်းပြည်မှာ ဟိုးအရင်ထဲက ပေးခဲ့တဲ့ ကတိကဝတ်တွေအပေါ် ယုံကြည်မှုတွေ အားလုံးကို ကိုယ်စားပြုတဲ့ သမ္မတကို ပြည်သူတွေက ရွေးချယ်ခဲ့ ကြပါပြီ။”

၁၉၅၀ နဲ့၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက အမေရိကန်မှာဖြစ်ခဲ့တဲ့အသားအရောင်ခွဲခြားမှုပပျောက်ရေး၊ အရပ်သား တန်းတူ အခွင့်အရေး ရရှိရေး လှုပ်ရှားမှု ကာလကိုဖြတ်သန်းခဲ့ကြတဲ့ သူတွေအတွက် မစ္စတာ အိုဘားမား သမ္မတဖြစ်လာတဲ့ ကိစ္စဟာ အထူးပိုပြီး ဝမ်းသာစရာ ဖြစ်တယ်လို့လဲ သမ္မတ ဘုရှ်က ပြောခဲ့ပါတယ်။ အခုအချိန်ဟာ စည်းလုံးမှုရှိတဲ့ နိုင်ငံတခုအနေနဲ့ ရှေ့တိုး ဆောင်ရွက်ဖို့အချိန်ရောက်ပြီလို့လဲ ပြောခဲ့ပါတယ်။

“အမေရိကန် အစိုးရအပြောင်းအလဲဖြစ်မဲ့ ကာလ စ ပြီဖြစ်ပေမဲ့ မပြောင်းလဲတဲ့ အရာကတော့ အမေရိကန် ပြည်သူတွေကို ကာကွယ်ရမယ့် အရေးအကြီးဆုံး တာဝန်တွေကိုကျေပွန်အောင် အစိုးရက စွမ်းစွမ်းတမန် ဆက်ပြီး ထမ်းဆောင် သွားပါမယ် ဆိုတာပါ၊ ဒီတာဝန်ကို အသစ်ဖြစ်လာမဲ့နိုင်ငံရဲ ့စစ်သေနာပတိချုပ်၊ သမ္မတသစ်ကလဲ ဆက်ပြီး ကျေပွန်အောင် ထမ်းဆောင်သွားမှာပဲဆိုတာ ကမ္ဘာကသေသေချာချာ သိမှတ်ထားနိုင်ပါတယ်။”

သမ္မတ ဘုရှ် က သူ့ ရဲ ့သမ္မတသက်တမ်း မကုန်ဆုံးခင် ကျန်နေတဲ့လတွေမှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချရမယ်ဆိုရင် မစ္စတာ အိုဘားမား ကို အသိပေးမှာဖြစ်တယ်လို မစ္စတာ ဘုရှ် ကပြောပါတယ်။ နောက်ပြီး မစ္စတာ အိုဘားမား နဲ့ မစ်ရှဲလ် အိုဘားမား တို့အဆင်ပြေတဲ့အချိန်မှာ အိမ်ဖြူတော်ကို ဖိတ်ခေါ်မယ်လို့ပြောပါတယ်၊ မစ္စတာ အိုဘားမား ရွေးကောက်ပွဲ စည်းရုံးမဲဆွယ်ခဲ့စဉ်က လက်ရှိသမ္မတ ဘုရှ် ရဲ ့မူဝါဒတွေအပေါ် မစ္စတာ အိုဘားမား ကဝေဖန်ခဲ့ပြီး သူ့ရဲ့ပြိုင်ဖက် လွှတ်တော်အမတ် ဂျွန်မက်ကိန်း ဟာလဲ ဒီမူဝါဒမျိုးတွေရှိသူလို့ဆက်နွယ်ပြောဆိုခဲ့တာပါ၊ သမ္မတ ဘုရှ် ရဲ့မိန့်ခွန်းထဲမှာ မစ္စတာ မက်ကိန်းရဲ့ တိုင်းပြည်ကို ချစ်စိတ်နဲ့ တိုင်းပြည်အတွက် ဆောင်ရွက်မှုတွေကို အမေရိကန် ပြည်သူတွေက ဂုဏ်ယူနေကြမှာပါလို့ချီးကျူး ပြောဆိုသွားခဲ့ ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG