သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်ဖွဲ့စည်းရေး အိုဘားမား စတင်ပြင်ဆင်


အမေရိကန် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသွားပြီဖြစ်တဲ့ ဘရက်ခ် အိုဘားမား
(Barack Obama) ဟာ လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့ သမ္မတနေရာကို လွဲှပြောင်းရ
ယူဖို့ သူ့ရဲ့အစိုးရအဖွဲ့ကို စတင်စုစည်းနေပါပြီ။ စိတ်လှုပ်ရှားဖွယ်ကောင်းအောင် သမိုင်း
တွင်ခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးတဲ့နောက်တော့ မစ္စတာအိုဘားမားအနေနဲ့
သမ္မတတာဝန် ထမ်းဆောင်တဲ့အခါ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ စိန်ခေါ်ချက်
အချို့ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဗွီအိုအေသတင်းထောက်တွေ ရေးသားပေးပို့ထား
တာတွေကို ကိုသားညွန့်ဦးက စုစည်းတင်ပြပေးထားပါတယ်။

ဒီလိုစိန်ခေါ်ချက်တွေ၊ အခက်အခဲ၊ အကဲစမ်းချက်တွေ ရှိလာမယ်ဆိုတာကို မစ္စတာ
အိုဘားမားအနေနဲ့ ကောင်းကောင်း သဘောပေါက်ထားတယ်လို့ ပြောရမှာပါ။ အင်္ဂါနေ့
ညက ချီကာဂိုမှာပေးတဲ့ သူ့ရဲ့ အောင်ပွဲခံမိန့်ခွန်းထဲမှာကို အမေရိကန်အနေနဲ့ ရင်ဆိုင်
နေရတဲ့ စိန်ခေါ်ချက်အချို့ကို ထည့်သွင်းပြောသွားပါတယ်။ ဒီအထဲမှာ အီရတ်နဲ့
အာဖဂန်စစ်ပွဲ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စနဲ့ စီးပွားရေးအကျပ်အတည်း
အကြောင်းရပ်တွေ ပါဝင်ပါတယ်။ ဒါပေမယ့် ဒီပြဿနာရပ်တွေကို သူ့အနေနဲ့
ကိုင်တွယ်သွားနိုင်မယ်လို့ မစ္စတာအိုဘားမားက ကိုယ့်ကိုယ်ကို ယုံကြည်ထားတယ်လို့
ပြောရမှာပါ။

"ရှေ့ဆက် ကိုင်တွယ်ဆောင်ရွက်ဖို့ ခွန်အားသစ်
တွေ ရှိရပါလိမ့်မယ်။ အလုပ်အကိုင်သစ်တွေ
ဖန်တီးရမယ်၊ ကျောင်းတွေ တည်ဆောက်ရမယ်၊
မဟာမိတ်တွေနဲ့ လက်တွဲပြီး ခြိမ်းခြောက်မှုတွေကို
ရင်ဆိုင်ရပါမယ်။ ရှေ့ဆက်ရမယ့်လမ်းက
ရှည်လွန်းပါတယ်။ တက်လှမ်းရမှာတွေက
မတ်စောက်လွန်းပါတယ်။ ဒါကို တနှစ်ထဲ ဒါမှ
မဟုတ် သမ္မတသက်တမ်း တခုတည်းနဲ့တောင်
ပြီးအောင် လုပ်ချင်မှလုပ်နိုင်မှာပါ။ ဒါပေမယ့်
ကျနော်တို့ ဖြစ်အောင်လုပ်နိုင်မယ်ဆိုတဲ့ စိတ်ကူး
မျှော်လင့်ချက်မျိုး ဒီညလောက် ကျနော်
ဘယ်တုန်းကမှ မရခဲ့ပါဘူး။"

ရွေးကောက်ပွဲကာလ လူထုစစ်တမ်းတွေမှာတော့ အမေရိကန်ပြည်သူ ၁၀ ဦးမှာ
၆ ယောက်ဟာ လက်ရှိစီးပွားရေး အခြေအနေကို တိုင်းပြည်အတွက် အရေးကြီးတဲ့
အကြောင်းရပ်တခုအနေနဲ့ ရှုမြင်ထားကြပါတယ်။ ၁၀ ယောက်မှာ ၁ ယောက်လောက်
ကပဲ အီရတ်စစ်ပွဲလို၊ ကျန်းမာရေးစောင့်ရှောက်မှုကိစ္စလို၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး
ကိစ္စလို အခြားကိစ္စရပ်တွေကို အရေးကြီးတယ်လို့ မြင်ကြပါတယ်။

Divided America မတူကွဲပြားမှုတွေရှိတဲ့ အမေရိကဆိုတဲ့ စာအုပ်ရေးသူတဦးဖြစ်တဲ့
ရိုက်စ်တက္ကသိုလ် (Rice University) နိုင်ငံခြားရေးသိပ္ပံ ပါမောက္ခ အားလ် ဘလက်ခ်
(Earl Black) ကတော့ အမေရိကန်မှာ သမ္မတသစ်တိုင်းဟာ အရင်ပြီးခဲ့တဲ့ သမ္မတ
ဟောင်းလုပ်ခဲ့တဲ့ ပြဿနာရပ်တွေကို ကိုင်တွယ်ဖြေရှင်းရလေ့ရှိတယ်လို့ ဆိုပါတယ်။

"ဥပမာဆိုရင် ၁၉၈၁ ခုနှစ် ဇန်နဝါရီမှာ ရီပတ်ဘလီကန်သမ္မတ ရော်နယ် ရီဂင်
(Ronald Reagan) တက်လာတဲ့အချိန် ရင်ဆိုင်ရသလို အခြေအနေမျိုး သူရင်ဆိုင်ရပါ
လိမ့်မယ်။ အရင်အစိုးရပိုင်းနဲ့ ဆက်နွယ်ခဲ့တဲ့ ပြဿနာရပ်အားလုံးကို သူက ဆက်ခံရပါ
လိမ့်မယ်။"

နောက်တချက်ကတော့ အိုဘားမားကို ထောက်ခံသူတွေက အိုးဘားမားအပေါ်
မျှော်လင့်ချက်ကြီးကြီး ထားတာဟာလည်း သူရင်ဆိုင်ရမယ့် နောက်ပြဿနာရပ်တခု
ဖြစ်မယ်လို့ ပရော်ဖက်ဆာ ဘလက်ခ်က ထောက်ပြပါတယ်။

သမ္မတသစ်ရင်ဆိုင်ရမယ့် အကြီးဆုံး စိန်ခေါ်ချက်တွေထဲမှာ နိုင်ငံခြားရေးကိစ္စတွေ
လည်း ပါဝင်ပါတယ်။ သမ္မတအိုဘားမားလက်ထက်မှာ အထူးတလည် ရင်ဆိုင်ရမယ့်
ကိစ္စတွေ ရှိတယ်လို့ တက္ကဆက်ပြည်နယ်မှာ အခြေစိုက်ထားတဲ့ ပုဂ္ဂလိက ထောက်လှမ်း
ရေးကုမ္ပဏီရဲ့ အကြီးအကဲတဦးဖြစ်တဲ့ ပီတာ ဇီဟန် (Peter Zeihan) က ပြောပါတယ်။

"အရင်ဆုံးတော့ အီရတ်ကိစ္စပါ။ သူ သမ္မတဖြစ်လာရင် ဖြစ်နိုင်သမျှမြန်မြန် အမေရိကန်
တပ်တွေ အီရတ်ကနေ ဆုတ်ခွာပေးမယ်လို့ သူက ထောက်ခံသူတွေကို ကတိပေးထား
တာပါ။ ဒါပေမယ့်လည်း သူ့အနေနဲ့ အီရတ်မှာ တပ်တွေ ပြန်မချဘူး၊ နောက်တနှစ်
နှစ်နှစ်အတွင်း အီရန်နဲ့ စစ်မဖြစ်လိုဘူးဆိုရင် သူ ဘယ်လိုလုပ်မလဲဆိုတာ သတိထားဖို့
လိုပါတယ်။ အီရတ်နိုင်ငံအနာဂတ်အတွက် အီရန်နဲ့ သဘောတူညီချက်တခုခုရဖို့ လိုပါ
တယ်။"

မစ္စတာအိုဘားမားဟာ သမ္မတနေရာ လွှဲပြောင်းရယူဖို့ နှစ်လခွဲလောက်ပဲ အချိန်ရပါ
တော့တယ်။ သူ့ရဲ့အစိုးရအဖွဲ့မှာ ဘယ်သူတွေပါလာနိုင်သလဲဆိုတာ တွက်ကိန်းတွေ၊
ခန့်မှန်းချက်တွေလည်း ရှိနေပါပြီ။ ဘဏ္ဍာရေးဝန်ကြီးနေရာမှာ သူ့ရဲ့ မဲဆွယ်စည်းရုံးမှု
အကြံပေးပုဂ္ဂိုလ်တွေ ပါလာနိုင်တယ်လို့ တွက်ကြပါတယ်။ ဒီအထဲမှာတော့ သမ္မတ
ရော်နယ်ရီဂင်လက်ထက် ဖက်ဒရယ်အရန်ငွေဌာန ဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့ ပေါလ်
ဗော့ကာ (Paul Volcker) နဲ့ သမ္မတ ဘီလ် ကလင်တန် (Bill Clinton) လက်ထက်
ဘဏ္ဍာရေးဝန်ကြီးလုပ်ခဲ့တဲ့ ရောဘတ် ရူဘင် (Robert Rubin) တို့ ဖြစ်လာနိုင်တယ်လို့
ခန့်မှန်းနေကြပါတယ်။ နောက်တဦးကတော့ အိုဘားမားကို ထောက်ခံခဲ့တဲ့ ဘီလီယံနာ
သူဌေး ဝါရန်း ဘူးဖက်တ် (Warren Buffett) ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းသူတွေလည်း
ရှိပါတယ်။ အိမ်ဖြူတော်ရဲ့ ဦးစီးအရာရှိချုပ်အဖြစ် သမ္မတကလင်တန်လက်ထက်
အကြံပေးတဦးဖြစ်ခဲ့တဲ့ ရမ်း အီမန်နျူရယ်လ် (Rahm Emanual) ကို ကမ်းလှမ်းထား
တယ်လို့ သတင်းတွေလည်း ထွက်နေပါတယ်။

အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် နန်စီ ပလိုစီ (Nancy Pelosi)
ကတော့ အခုလာမယ့် သမ္မတသစ်အနေနဲ့ ဒီမိုကရက်တွေ အများစုရထားတဲ့
လွှတ်တော်နှစ်ရပ်အတွင်းမှာ အလယ်ကနေ ရပ်တည်သွားရမယ်လို့ တိုက်တွန်းပါ
တယ်။

"အခုလို စီးပွားရေးအကျပ်အတည်း ဖြစ်နေတဲ့အချိန်မှာ ကျမတို့ရဲ့ ဦးစားပေးကတော့
ဒီအတွက် ဘာလုပ်မလဲဆိုတာ ရှင်းရှင်းလင်းလင်း ရှိသင့်ပါတယ်။ နှစ်ဖက်စလုံးကတော့
သူတို့ဆုံးဖြတ်ချက်တွေကို အနိုင်ရဖို့ မျှော်လင့်ကြမှာပဲ။ ဒါပေမယ့် သမ္မတသစ်အနေနဲ့
တော့ လမ်းကြောင်းသစ်တခု ကျမတို့ ခိုင်ခိုင်မာမာရဖို့၊ ယုံကြည်မှုတွေဖြစ်လာဖို့
ဒီပြဿနာတွေ ဖြေရှင်းရာမှာ အလယ်ကနေ ရပ်တည်ဆုံးဖြတ်သွားရမှာပါ။"

မစ္စတာအိုဘားမားအနေနဲ့ သူ့အစိုးရ ဖွဲ့စည်းရေးကိစ္စတွေကို အခုအခါမှာ အာရုံထားနေ
ရတယ်ဆိုပေမယ့် သမိုင်းတွင်မယ့် အခု ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာအပေါ်
အောင်ပွဲခံ ပျော်ရွှင်မှုတွေ မဆုံးသေးပါဘူး။ တချိန်က အမေရိကမှာ ကျွန်တွေအဖြစ်
အသုံးချခံခဲ့ရတဲ့ လူမည်းတွေရဲ့ နိုင်ငံသားရပိုင်ခွင့် လှုပ်ရှားမှုတွေနဲ့ ကြုံဆုံခဲ့တဲ့ အမေ
ရိကန် မျိုးဆက်သစ်အတွက်တော့ အိပ်မက်တခု အကောင်အထည်ပေါ်လာတယ်လို့
ပြောရမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG