သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားရေပိုင်နက် ဓာတ်ငွေ့ရှာဖွေမှု ညှိ့နိုင်းမပြီးသေး


ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာ နှစ်နိုင်ငံရေပိုင်နက် အငြင်းပွားမှုတွေကို သံတမန်ရေးအရ
ဖြေရှင်းနေတဲ့အချိန်မှာပဲ မြန်မာနိုင်ငံဘက်က ဘင်္ဂလားပင်လယ်အော်အတွင်း ရေနံနဲ့
သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ ပြဿနာတွေ
ပြေလည်ရေးအတွက် သံတမန်ရေးအရ ကြိုးစားဖြေရှင်းနေဆဲ ဖြစ်တဲ့အကြောင်း
ဘင်္ဂလားဒေ့ရှ် အရာရှိတွေက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက်
ဗွီအိုအေဝိုင်းတော်သူ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံကြား ရေပိုင်နက်ကျူးကျော်မှု ပြဿနာ ဖြစ်ပွားနေတဲ့
နေရာမှာ ဗုဒ္ဓဟူးနေ့ကစပြီး မြန်မာဘက်က ရေနံရှာဖွေရေးလုပ်ငန်းတွေကို ရပ်ဆိုင်း
ထားတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အင်္ဂါနေ့က မြန်မာစစ်သင်္ဘော ၂ စင်း အစောင့်အရှောက်နဲ့ ရှာဖွေရေးလုပ်နေတဲ့
တောင်ကိုရီးယား ရေနံရှာဖွေရေးသင်္ဘော ၄ စင်း ရှိတဲ့နေရာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက
ရေတပ်သင်္ဘောတွေ စေလွှတ်ခဲ့တဲ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်
မစ္စတာ တိုဟစ် ဟူစိန် (Touhid Hossain) နဲ့ အဖွဲ့ကိုလည်း မြန်မာနိုင်ငံကိုစေလွှတ်ပြီး
ဆွေးနွေးညှိနှိုင်းစေခဲ့ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာ အကြံပေး အစ်ဖ်တက်ခါ အာမက် ချောင်ဒရီ
(Iftekhar Ahmed Chowdhury) ကလည်း ဒက္ကာမှာရှိတဲ့ တရုတ်နိုင်ငံဆိုင်ရာ
သံအမတ်နဲ့ရော တောင်ကိုရီးယားသံအမတ်နဲ့ပါ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေး
ဝန်ကြီးရုံး တောင်အာရှဌာနဒါရိုက်တာ မစ္စတာ ရှား အာမက် ရှာဖီ (Mr. Shah Ahmad
Shafi) က ပြောပါတယ်။

"ကျနော့်မိတ်ဆွေတွေ ပြောပြချက်အရ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက
သံအမတ်တွေနဲ့ ကျနော်တို့ရဲ့ နိုင်ငံခြားရေးဌာနက အကြံပေးတို့ ပြီးခဲ့တဲ့နှစ်ရက်ကပဲ
တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။ ကျနော်တို့ဘက်က ငြိမ်းငြိမ်းချမ်းချမ်းနဲ့
သံတမန်နည်းလမ်းအရပဲ ဖြေရှင်းဖို့လည်း ကြိုးစားနေပါတယ်။"

အခု နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ တိုဟစ် ဟူစိန်နဲ့ မြန်မာအာဏာပိုင်တွေရဲ့
ဆွေးနွေးပွဲ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလဲလို့ မေးတဲ့အခါမှာတော့ …

"အခုဆွေးနွေးပွဲက မနက်ဖြန်လည်း ဆက်ပြီး ကျင်းပဦးမှာပါ။ နှစ်ရက်ဆက်ပြီး ကျနော်
တို့ ကျင်းပမှာပါ။ ညှိနှိုင်းမှုတွေက တစိတ်တပိုင်းပဲ ရှိနေတာမို့ မနက်ဖြန်လောက်မှ
အခြေအနေတွေကို ပြောနိုင်မှာပါ။ မနက်ဖြန်ညနေခင်းလောက် အခြေအနေတွေ သိရ
မယ်လို့ ထင်ပါတယ်။"

နိုင်ငံခြားရေးဝန်ကြီးဌာနက အမည်မဖော်လိုသူ အရာရှိတဦးကတော့ အခုလို ဘင်္ဂလား
ဒေ့ရှ်ဘက်က ညှိနှိုင်းမှုတွေကြောင့် ဒီနေ့ နှစ်နိုင်ငံကြား အငြင်းပွားနေတဲ့ ရေပိုက်နက်
ထဲမှာ မြန်မာဘက်က ရေနံရှာဖွေမှုတွေကို ဆက်ပြီးမလုပ်ဘဲ ရပ်ဆိုင်းထားတာ တွေ့ရ
တယ်လို့ ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG