သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ရေနံဈေး နေရာအနှံ့ ကျဆင်း


ရေနံစိမ်းပေါက်ဈေးတွေ အာရှဈေးကွက်မှာ တစ် ပီပါ ကို ဒေါ်လာ ၆၀ အောက် ၁၈ လအတွင်း ပထမဆုံးအကြိမ် ကျခဲ့ပေမယ့် ၂ ရက်ဆက်တိုက် ဈေးတွေ ကျလာခဲ့ရာက နောက်ပိုင်းမှာ ၆၁ ဒေါ်လာ အထိ ပြန်တက်သွားခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Phil Mercer က Sydney မြို့ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အခုလို ရေနံဈေးတွေ ကျတာဟာ လက်ရှိကမ္ဘာ့ စီးပွားရေးအခြေအနေကြောင့်နဲ့ အမေရိကန် စီးပွာေးရး ကျဆင်းမယ့် အလားအလာအပေါ် စိုးရိမ်မှုတွေကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် လလယ် လောက်တုန်းက တစ် ပီပါကို ၁၄၇ ဒေါ်လာအထိ ထိုးတက်သွားပြီးနောက်မှာ အခု ရေနံဈေးတွေ ၆၀ % လောက် ကျသွားတာပါ။

အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ အခုလပိုင်းအတွင်း များလာတာနဲ့ စတိုးဆိုင်တွေရဲ့ ရောင်းအားတွေ ကျလာပြီး နောက်ပိုင်းမှာ အခုလို ရေနံဈေးတွေလည်း တရိပ်ရိပ် ကျလာတာဖြစ်ပါတယ်။ တခြား ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာလည်း စီးပွားရေးကျဆင်းတဲ့ အရိပ်သဏ္ဍာန်တွေ ပေါ်နေတာကြောင့် ရေနံဝယ်ယူလိုမှုအား ကျဆင်းဖို့ အလားအလာ ရှိနေပါတယ်။ ဒီလို အခြေအနေတွေကြောင့် ရေနံကုန်သည်တွေ အနေနဲ့ သူတို့ရဲ့ ရေနံတွေကို အတင်းရောင်းချဖို့ ဖိအားပေးသလို ဖြစ်နေပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းက ရေနံစိမ်းဈေးတွေ အမြင့်ဆုံးကို တက်ခဲ့တာကလည်း ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကို ဖြစ်ပေါ်စေတဲ့ အချက်ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ သြစတြေးလျ သိပ္ပံပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရေနံဈေး မြင့်တက်မှု လေ့လာရေးအဖွဲ့က Bruce Robinson က ပြောပါတယ်။

“စီးပွားရေးကျလို့ ရေနံဈေး ကျတာထက် ရေနံဈေးတက်လို့ စီးပွားရေးကျတာ ဖြစ်ဖို့များတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ - အိုပက် အဖွဲ့ကလည်း ရေနံထုတ်လုပ်မှုတွေ လျော့ချနေတယ် ဆိုတော့ ကျနော်တို့ အတွက် မကောင်းတဲ့သတင်းက ရုတ်တရက် ရေနံဈေး ကျတယ်လို့ ကျနော်တို့ ထင်ယောင်ထင်မှား ဖြစ်စေပေမယ့် ရှေရှည်မှာ ဈေးတွေက တက်နေတုန်း ပဲဗျ။”

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ရေနံထုတ်လုပ်မှု တနေ့ကို ၁.၅ ဘီလီယံ လောက် လျော့ချဖို့ အိုပက် အဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။ အိုပက် အဖွဲ့ဝင်တွေ လာမယ့် ဒီဇင်ဘာလ အတွင်း ပြန်တွေ့ကြဖို့ ရှိပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးက ဗဟိုဘဏ်တွေရဲ့ လုပ်ဆောင်ချက်တွေကလည်း ဈေးကွက်ကို ရိုက်ခတ်စေပါတယ်။ အင်္ဂလန်ဘဏ်နဲ့ ဥရောပ ဗဟိုဘဏ်တွေက ဒီသတင်းပတ်အတွင်း အတိုးနှုန်းတွေ လျော့ချလိုက်တာက ဥရောပတိုက်အတွင်း ထင်ထားတာထက် စီးပွားရေးကျဆင်းမှုအခြေအနေ ပိုကြီး ကျယ်နေတယ် ဆိုတာကို ပြသလိုက်တာပါပဲ။ အဲဒီလို ဥရောပဘဏ်တွေက အတိုးနှုန်းတွေ လျော့ချလိုက်ကြောင့် ဥရောပ ယူရို နဲ့ယှဉ်ရင် ဒေါ်လာဈေးတွေ တက်လာခဲ့ တာကြောင့် ဒေါ်လာနဲ့ ဈေးသတ်မှတ်တဲ့ ရေနံတွေ ရောင်းချဖို့ အခြေအနေ ဖြစ်ပေါ်လာပြန်ပါတယ်။

သြစတြေးလျမှာ ဓါတ်ဆီဈေးတွေ ကျခဲ့ပေမယ့် အမေရိကန် ဒေါ်လာနဲ့ယှဉ်ရင် သြစတြေးလျ ဒေါ်လာ ပေါက်ဈေးက အားနဲတာကြောင့် သိပ်သိသာလှတာတော့ မဟုတ်ပါဘူး။ ဒီကနေ့ သောကြာနေ့မှာတော့ အာရှဈေးကွက်မှာ ရေနံဈေးတွေ ဒေါ်လာ ၆၀ အောက် ကျခဲ့ပေမယ့် ၆၁ ဒေါ်လာ အထက်ကို ပြန်တက်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG