သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ္ဍာရေး အကျပ်အတည်း ဖြေရှင်းရေး အိုဘားမား ဦးစားပေး


အမေရိကန်သမ္မတ သစ်အဖြစ်နဲ့ ရွေးချယ်ခံထားရတဲ့ မစ္စတာ ဘားရက် အိုဘားမားဟာ သူ သမ္မတ တာဝန်ကို စတင် ထမ်းဆောင်စဉ်မှာ နိုင်ငံမှာ ကြုံနေရတဲ့ သူ့အဆို ကျနော်တို့ သက်တမ်းအတွင်း ကြုံနေရတဲ့ အကြီးမားဆုံး စီးပွားရေး အကဲစမ်းမှုကြီး ဆိုတဲ့ နိုင်ငံရဲ့ ဘဏ္ဍာရေးအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းမယ်လို့ ပြောပါတယ်။ ကြွေးမြီ အကျပ်အတည်းကို ဖြေရှင်းဖို့ လိုအပ်သမျှ လုပ်ဆောင်မယ်။ ဝန်ထမ်း မိသားစုတွေကို ကူညီပြီးတော့ ဖွံ့ဖြိုးရေးကို ပြန်တည်ဆောက်မယ်လို့ သူ့ရဲ့ ပထမဦးဆုံး သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ အိုဘားမား က သောကြာနေ့က ပြောသွားပါတယ်။

မစ္စတာ အိုဘားမား ဟာ အာဏာလွှဲပြောင်းရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖို့ တနင်္လာနေ့မှာ မစ္စတာ ဘုရှ်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ စီးပွားရေး အခြေအနေ ဘယ်လောက် ဆိုးရွားနေတယ် ဆိုတာကို သမ္မတ ရော၊ လွှတ်တော်အမတ်တွေ အားလုံး သတိပြုမိပြီးတော့ ဒီကိစ္စ မြန်မြန် ပြီးမြောက်အောင် လုပ်ဆောင်ချင်ကြမှာလို့ သူ ယုံကြည်ကြောင်း ပါတီစွဲ မရှိဘဲနဲ့ နှစ်ပါတီ လက်တွဲလုပ်ဆောင်ရေး စိတ်ဓါတ်နဲ့ သူ အိမ်ဖြူတော်ဆီကို ခရီးဆက်မှာ ဖြစ်ကြောင်း မစ္စတာ အိုဘားမား က ပြောပါတယ်။

စီးပွားရေး နလံထူရေး အစီအစဉ်ကို အမြန်ဆုံး ခွင့်ပြုပေးတာကို မြင်ချင်တယ်လို့လည်း မစ္စတာ အိုဘားမား က ဆိုပါတယ်။ သူ့ကို သမ္မတ နေရာ ရွေးချယ်ခံရတာကြောင့် ချီးကျူးစာ တစောင် အီရန်သမ္မတ မာမွတ် အမာဒင်နဂျက် က ပေးပို့လာ တာကို သုံးသပ်ပြီးတော့ သင့်သလို တုံ့ပြန်ပါမယ်လို့လည်း မစ္စတာ အိုဘားမား က ပြောပါတယ်။ အီရန်နိုင်ငံက နျူကလီးယား လက်နက် တီထွင်တာ လက်ခံစရာ မရှိပါဘူး။ အီရန်အနေနဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေကို အထောက်အပံ့ ပြုနေတာဟာ ရပ်တန့်ရမယ့်ကိစ္စ ဖြစ်တယ်လို့ မစ္စတာ အိုဘားမား က ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG