သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားရဲ့ အောင်မြင်မှု အတွက် ဝမ်းမြောက် ကြောင်း မြန်မာစစ်အစိုးရ သဝဏ်လွှာပို့


အမေရိကန်ပြည်ထောင်စု သမ္မတ ရွေးကောက်ပွဲမှာ ဘားရက် အိုဘားမား အနိုင်ရလိုက်တဲ့ အတွက် ချီးကျုးဝမ်းမြောက် ကြောင်း သဝဏ်လွှာတွေ မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့က ပို့ထားပါတယ်။ ဒီလို ပို့တာကို မြန်မာစစ်အစိုးရ သတင်းစာတွေမှာ ဖော်ပြပါတယ်။

သမ္မတ ရွေးကောက်ပွဲ အနိုင်ရ ဆီးနိတ်လွှတ်တော်အမတ် အိုဘားမားနဲ့ ဒု-သမ္မတလောင်း အဖြစ် ရွေးချယ်ထားတဲ့ ဂျိုးဇက် ဘိုင်ဒန် (Joseph Biden) တို့ဟာ မြန်မာစစ်အစိုးရအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နံှမှု ပိတ်ဆို့ရေး အရေးယူ ဒဏ်ခတ်မှုတွေကို ထောက်ခံသူတွေ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ချက်ခြင်း လွှတ်ပေးဖို့လည်း ဘားရက် အိုဘားမား က တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့နှစ် ရွှေဝါရောင် တော်လှန်ရေး ခေါ် သံဃာ့လှုပ်ရှားမှုအတွင်း ဘားရက် အိုဘားမား ရဲ့ ထုတ်ပြန်ချက်ထဲမှာ လွတ်မြောက်ရေးအတွက် နိုးထလာတဲ့ မြန်မာပြည်သူတွေနဲ့ လက်တွဲရပ်တည်ရမယ်လို့ ဖော်ပြခဲ့ကြပါတယ်။

ဘားရက် အိုဘားမား သမ္မတရွေးကောက်ပွဲမှာ အနိုင်ရလိုက်တဲ့အတွက် ဝမ်းမြောက်ကြောင်း ထုတ်ဖော် ပြောဆိုသူတွေထဲမှာ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေး အဆင်ပြေတဲ့ သူတွေတင်တာ မဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုနဲ့ သဘောကွဲလွဲနေတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေလည်း ပါဝင်ပါတယ်။

အီရန်သမ္မတ မာမွတ် အမာဒင်နီဂျက် နဲ့ ဗင်န်နီဇွဲလား သမ္မတ ဟူဂို ချာဗတ်စ် တို့လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို သမ္မတရွေးကောက်ပွဲ ရလဒ်အပေါ် ဝမ်းမြောက်ကြောင်း ထုတ်ဖော် ဆန္ဒပေးပို့ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG