အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းအပန်းဖြေစခန်းမှာ ၂၀၀၂ ခုနှစ်က ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမား သုံးဦးကို ဒီကနေ့ သန်းခေါင် အချိန်ကျော်ကျော်လေးမှာပဲ သေဒဏ် စီရင်လိုက်ပြီလို့ အင်ဒိုနီးရှားနိုင်ငံက အတည်ပြုပြောကြားပါတယ်။ ဒီအကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်ကနေ ဗွီအိုအေသတင်းထောက် Nancy-Amelia Collins ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။
အကြမ်းဖက်ဗုံးခွဲသူ သုံးယောက်ဖြစ်တဲ့ အမ်မ်ရိုဇီ နူရ်ဟာရှင်မ်၊ အာလီ ဂုဖ်ရန်နဲ့ အီမမ်မ် ဆမူဒရာတို့ကို ဂျာဗားကမ်းခြေ အလွန် ကျွန်းတခုပေါ်မှာရှိတဲ့ အကျဉ်းထောင် ထဲမှာ တနင်္ဂနွေလင်းအားကြီး သန်းခေါင်ကျော်တာနဲ့ သေဒဏ်ပေး စီရင်ခဲ့တာ ဖြစ်ပါတယ်။
ဒီ အစ္စလာမ်မစ် စစ်သွေးကြွသုံးဦးစလုံးဟာ အယ်လ်ခိုင်းဒါး အဖွဲ့နဲ့ အချိတ်အဆက် ရှိတဲ့ ဒေသတွင်း အကြမ်းဖက်အုပ်စု ဂျမား အစ္စလမ်မီယာ JI အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။
ဘာလီကျွန်းပေါ်မှာ ဗုံးခွဲဖို့ ကြံစည်လုပ်ဆောင်ခဲ့မှုနဲ့ လွန်ခဲ့တဲ့ငါးနှစ်က သူတို့ကို စွဲချက်တင်စစ်ဆေးခဲ့ပြီး သေဒဏ် ချမှတ် ထားတာပါ။ အဲဒီ ၂၀၀၂ ခုနှစ် ဗုံးခွဲမှုကြောင့် သြစတြေးလျနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၈၈ ယောက် အပါအ၀င် လူပေါင်း ၂၀၂ ဦး သေဆုံးခဲ့ရပါတယ်။
သူတို့တွေကို သေဒဏ်ပေးစီရင်လိုက်တာကြောင့် နောက်ထပ် အကြမ်းဖက်တိုက်ခိုက်တာတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့ အတွက် ဘာလီကျွန်းတလျှောက် ရဲတပ်ဖွဲ့က လုံခြုံရေးတိုးမြှင့်ချထားပါတယ်။ အရေအတွက် နည်းလွန်းလှပေမယ့် ထုတ်ဖော်ပြောဆိုကြလေ့ရှိတဲ့ ဗုံးခွဲသူတွေကို ထောက်ခံသူတွေက လက်တုန့်ပြန် တိုက်ခိုက် တာတွေ လုပ်မယ်လို့ သန္နိဋ္ဌာန်ချ ပြောဆိုထားကြပါတယ်။
အကြမ်းဖက်ဝါဒဆိုင်ရာ ကျွမ်းကျင်သူနဲ့ နိုင်ငံတကာ ပဋိပက္ခရေးရာ လေ့လာတဲ့အဖွဲ့ ICG ရဲ့ အကြီးတန်း အကြံပေးပုဂ္ဂိုလ် Sidney Jones ကတော့ ဒီသေဒဏ်စီရင်မှုကြောင့် အကြမ်းဖက် တိုက်ခိုက်မှုကြီးတွေ ဖြစ်လာမယ်လို့ မထင်ပါဘူး။ ဒါဟာ လွန်ခဲ့တဲ့နှစ် အနည်းငယ်အတွင်း JI အဖွဲ့ဝင် ၃၀၀ ကျော်ကို ထောင်သွင်း အကျဉ်းချထားနိုင်ခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်မှုကြောင့် JI အဖွဲ့ အားနည်းသွားရတဲ့အတွက် ဖြစ်တယ်လို့ သူက ချီးကျူးပြောဆိုပါတယ်။
“ဒီသေဒဏ်စီရင်မှုက တခုခုပြောင်းလဲသွားအောင် လုပ်လိုက်တယ်လို့ ကျမတော့မထင်ပါဘူး။ အခန်းကဏ္ဍတခု ပိတ်လိုက်သလို၊ နောက်အသစ်တခု ဖွင့်လိုက်သလိုမျိုး ကျမ မထင်ပါဘူး။ အတိတ်ကာလတုန်းက ဖြစ်ခဲ့တဲ့ ဗုံးဖောက်ခွဲမှုတွေ၊ အနည်းဆုံး နောက်ဆုံး ဖြစ်ခဲ့တဲ့သုံးခုဟာ ခုချိန်ထိ လွတ်နေသေးတဲ့ နူရ်ဒင် မိုဟမ်မက်ဒ် တော့ပ်ရဲ့ လက်ချက်လို့ ကျမထင်ပါတယ်။ ဒါကြောင့် သေဒဏ်စီရင်တာကြောင့် ဘာမှ ကွာခြားမသွားပါဘူး။ အရင်ကထက်စာရင် ဒီအုပ်စုအားနည်းသွားတာက ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင် မှုတွေကြောင့် ဖြစ်ပြီး ဘာလီဗုံးခွဲသမားတွေနဲ့ ဆက်စပ်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်မှု မရှိသလောက်ပါပဲ။”
မလေးရှားဝရမ်းပြေး နူရ်ဒင် မိုဟမ်မက်ဒ် တော့ပ် ဟာ ဘာလီဗုံးခွဲမှုကို အဓိက ကြိုးကိုင်သူလို့ ယုံကြည်ကြပြီး သူဟာ အင်ဒိုနီးရှား နိုင်ငံမှာ ပုန်းအောင်းနေဖွယ် ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဗုံးခွဲတိုက်ခိုက်မှုတွေမှာ သေဆုံးသွားတဲ့ မူစလင်လူမျိုးတွေကို တောင်းပန်စကား ဆိုတာကလွဲလို့ ဘာလီဗုံးသမားတွေဟာ သူတို့ရဲ့ လုပ်ရပ်အတွက် နောင်တရတဲ့ပုံ ဘယ်တုန်းကမှ မပြခဲ့ဖူးပါဘူး။
ဗုံးခွဲသမားတွေကို သေဒဏ်ပေးပြီးတဲ့နောက် ကြွင်းကျန်ရစ်တဲ့ ခန္ဓာကိုယ်တွေကို ဂျာဗားကျွန်းအလယ်ပိုင်းက သူတို့ရဲ့ ဇာတိမြို့ဆီ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ရဟတ်ယာဉ်နဲ့ ပြန်ပို့မှာပါ။ ခန္ဓာကိုယ်တွေ ပြန်ရောက်လာတဲ့အခါကျရင် သူတို့တွေကို သူရဲကောင်း တွေလို ဂုဏ်ပြု သင်္ဂြိုဟ်မယ်လို့ မိသားစုဝင်တွေနဲ့ ရာနဲ့ချီတဲ့ ထောက်ခံသူတွေက ပြောဆိုကြ ပါတယ်။