သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားရေးစနစ်ကို အသုံးချပြီး အတိုက်အခံတွေကို ဖိနှိပ်နေဟု မြန်မာစစ်အစိုးရကို ကုလကိုယ်စားလှယ် ဝေဖန်


မြန်မာစစ်အစိုးရဟာ နိုင်ငံရေး အတိုက်အခံတွေကို ဖိနှိပ်ဖို့အတွက် တရားစီရင်ရေး
စနစ်ကို အသုံးချနေတယ်ဆိုပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး
စုံစမ်းစစ်ဆေးသူ တိုးမတ်စ် အိုဟေးယား ကင်တားနား (Tomas Ojea Quintana) က
ပြောဆိုဝေဖန်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေး
လှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာတွေနဲ့ ပတ်သက်ပြီး မစ္စတာ
ကင်တားနားက ဝေဖန်လိုက်တာ ဖြစ်ပါတယ်။ အသေးစိတ်ကို ကိုရန်နိုင်က တင်ပြ
ပေးထားပါတယ်။

နိုင်ငံရေးအတိုက်အခံတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတဲ့ တရားရေးစနစ်ကို
ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်
အရေး စုံစမ်းစစ်ဆေးသူ တိုးမတ်စ် အိုဟေးယား ကင်တားနားက ပြောဆိုပါတယ်။
ဒီရက်ပိုင်းအတွင်း နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေ
ဖမ်းဆီးခံရတာ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ဒဏ်
တွေ ချမှတ်တာနဲ့ ပတ်သက်လို့ မစ္စတာကင်တားနားက သူ့ရဲ့သဘောထားကို ဗွီအိုအေ
ကို ပြောပြခဲ့တာဖြစ်ပါတယ်။

"ကျနော့်ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြခဲ့သလိုပါပဲ။ မြန်မာနိုင်ငံမှာ တရားစီရင်ရေးစနစ်
ဟာ ဘက်လိုက်မှုကင်းပြီး သီးခြားလွတ်လပ်တဲ့ တရားစီရင်ရေးတခု မဟုတ်ဘူးဆိုတာ
ကျနော့်ရဲ့ခရီးစဉ်အတွင်း ကျနော် တွေ့ရပါတယ်။ အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်စီရင်မှု
တွေဟာ တရားဝင်တယ်၊ တရားဥပဒေနဲ့ညီတယ်လို့ ကျနော်မမြင်ပါဘူး။"

ရှေ့နှစ်မတ်လ လူ့အခွင့်အရေးကောင်စီကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့
ပတ်သက်လို့ အစီရင်ခံရမှာဖြစ်တဲ့အတွက် ၂၀၀၉ ခုနှစ် မတ်လမတိုင်ခင် ကျနော်
မြန်မာနိုင်ငံကိုသွားဖို့ စီစဉ်နေပါတယ်ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်
အရေး အထူးစုံစမ်းစစ်ဆေးသူ တိုးမတ်စ် အိုဟေးယား ကင်တားနားက ပြောဆိုပါ
တယ်။

မစ္စတာ ကင်တာနားဟာ ပြီးခဲ့တဲ့ သြဂုတ်လဆန်းက မြန်မာနိုင်ငံကို ၄ ရက်ကြာ
သွားရောက်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို လေ့လာခဲ့ပါတယ်။

"ကျနော့်အနေနဲ့ အဆိုပြုချင်တာကတော့ မြန်မာနိုင်ငံရဲ့ အမျိုးသားဥပဒေတွေကို
ပြန်လည်သုံးသပ်ဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ
အားလုံး၊ နိုင်ငံတကာရဲ့ စံသတ်မှတ်ချက်တွေ အားလုံးကို ဆန့်ကျင်နေပါတယ်"
လို့လည်း ဝေဖန်ပါတယ်။

"မြန်မာစစ်အစိုးရဟာ အတိုက်အခံတွေ၊ နိုင်ငံရေး သဘောကွဲလွဲတဲ့ သူတွေကို ဖိနှိပ်ဖို့၊
အပြစ်ပေး အရေးယူဖို့ တရားစီရင်ရေးစနစ်ကို အသုံးချနေပါတယ်။ ကျနော့်အနေနဲ့
ပထမဆုံး အဆိုပြုချင်တာက ဥပဒေတွေကို ပြန်ပြီး သုံးသပ်ပေးပါ။ နောက် လွတ်လပ်
တဲ့ တရားစီရင်ရေးစနစ် ပေါ်ပေါက်လာဖို့အတွက် ကုလသမဂ္ဂနဲ့အတူ ပူးပေါင်းပြီး
ပြန်လည်ပြင်ဆင် ပြဋ္ဌာန်းပေးပါ။ နိုင်ငံရေးအကျဉ်းသား အားလုံးအပေါ် စစ်ဆေး
အရေးယူနေတာတွေကို ပြန်လည်ပြင်ဆင်ပေးပါလို့ ကျနော် ပြောချင်ပါတယ်။"

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တာနဲ့
ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးသူ
တိုးမတ်စ် အိုဟေးယား ကင်တားနားက သူ့ရဲ့သဘောထားကို ဗွီအိုအေကို ပြောပြ
ခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG