သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟီလာရီ ကလင်တန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်နိုင်ဖွယ်ရှိ


အမေရိကန်ပြည်ထောင်စုမှာ သမ္မတအဖြစ် ရွေးချယ်ခံထားရတဲ့ ဘရက် အိုဘားမားရဲ့ အစိုးရအဖွဲ့မှာ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် နယူးယောက်က အထက်လွှတ်တော်အမတ် ဟီလာရီ ကလင်တန် ကို ခန့်အပ်ဖို့ လျာထားတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ တချိန်တည်းမှာပဲ မစ္စတာအိုဘားမားနဲ့ သူ့ရဲ့ ယှဉ်ပြိုင်ဖက်ဖြစ်တဲ့ အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း တို့ဟာလည်း အိမ်ဖြူတော်မှာ လာမယ့် တနင်္လာနေ့မှာ တွေ့ဆုံမှာပါ။ ဗွီအိုအေ သတင်းထောက် ဂျင် မက်လုံး သတင်းပေးပို့ထားတာကို မအေးသန္တာကျော် က တင်ပြထားပါတယ်။

အထက်လွှတ်တော်အမတ် ဟီလာရီ ကလင်တန် နဲ့ မစ္စတာအိုဘားမားတို့ ချီကာဂိုမြို့မှာ ကြာသပတေးနေ့က တွေ့ခဲ့ကြတယ်လို့ သိရပါတယ်။ လာမယ့် သောကြာနေ့မှာ နယူးယောက်မှာ မိန့်ခွန်းတခု မပြောခင်တုန်းကတော့ နောက်တက်မယ့် နိုင်ငံခြားရေးဝန်ကြီး သူ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကို ပြောဆိုဖို့ မစ္စစ်ကလင်တန်က ငြင်းဆန် သွားခဲ့ပါတယ်။

“သမ္မတသစ်ရဲ့ အစိုးရအဖွဲ့သစ်နဲ့ ပတ်သက်ပြီး ကျမ ဘာမှ ခန့်မှန်းပြောဆိုတာ မလုပ်ဘူးလို့ ပြောပါရစေ။ သမ္မတသစ်ရဲ့ လုပ်ငန်းစဉ်ကို ကျမတို့ ဂါရ၀ ထားရပါမယ်။ မေးစရာရှိရင် သူ့ရဲ့အဖွဲ့ကို တိုက်ရိုက်မေးသင့်ပါတယ်။”

မစ္စစ်ကလင်တန် ပြောသွားတာ ဖြစ်ပါတယ်။ ဒီနှစ် အစောပိုင်း ဒီမိုကရက်တစ် သမ္မတလောင်း ပဏာမ ရွေးကောက်ပွဲတွေ ကျင်းပတုန်းက မစ္စစ်ကလင်တန် နဲ့ မစ္စတာ အိုဘားမားတို့ဟာ တဖက်နဲ့တဖက် ခါးခါးသည်းသည်း သဘောထားတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြီးတော့ ဒုတိယသမ္မတလောင်းအဖြစ် နဲ့ ရွေးချယ်တော့လည်း မစ္စတာ အိုဘားမားက မစ္စစ်ကလင်တန် ကို မရွေးဘဲနဲ့ ဒလဝဲပြည်နယ် အထက်လွှတ်တော်အမတ် ဂျိုးဘိုင်ဒန်ကို ရွေးချယ်ခဲ့တာကိုလည်း မစ္စစ်ကလင်တန်ကို ထောက်ခံသူတချို့ စိတ်ပျက်ခဲ့ကြပါတယ်။ မစ္စစ်ကလင်တန်ရဲ့ တချို့အပေါင်းအဖော်တွေကတော့ သူ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာနိုင်တာကို သဘောကျနေကြပါတယ်။ သမ္မတ ဘီလ် ကလင်တန်လက်ထက်မှာ အိမ်ဖြူတော်ရဲ့ လက်ထောက်အဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘလက်ဒီ ဒေးဗစ်က စီဗွီအက်စ် ရုပ်မြင်သံကြားရဲ့ မနက်အစောပိုင်း အစီအစဉ်မှာ အခုလို ပြောသွားပါတယ်။

“မစ္စစ်ကလင်တန်ဟာ ထူချွန်တဲ့ အမျိုးသမီးတယောက်ပါ။ တဖက်သား ပြောတဲ့စကားကို သေသေချာချာ နားထောင် တတ်တယ်။ ကမ္ဘာ့အရေးတွေကို ကြည့်တဲ့နေရာမှာလည်း သူများနေရာက ဝင်ပြီး ကြည့်ပေးတတ်ပါတယ်။ ဒါကြောင့်မိုလို့ သူဟာ တော်တဲ့ အထက်လွှတ်တော်အမတ်တယောက် ဖြစ်နေတာပါ။ ဒီအချက်ကပဲ သူ့ကို ထူးချွန်တဲ့ နိုင်ငံခြားရေးဝန်ကြီးတဦး ဖြစ်စေပါလိမ့်မယ်။”

သမ္မတ ဘီလ် ကလင်တန်လက်ထက်က အိမ်ဖြူတော်လက်ထောက်ဖြစ်ခဲ့သူ ဘလက်ဒီ ဒေးဗစ် ပြောသွားတာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတယောက်အဖြစ် ခန့်အပ်ခံရမယ်လို့ အများက ခန့်မှန်းကြသူတွေထဲမှာတော့ ဒီမိုကရက်တွေ ဖြစ်ကြတဲ့ မက်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ် ဂျွန် ကယ်ရီနဲ့ နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူး ဘီလ် ရစ်ချတ်ဆန်တို့အပြင် အခုဆိုရင် မစ္စစ်ကလင်တန်လည်း စာရင်းထဲမှာ ပါလာပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး နိုင်ငံခြားရေးဝန်ကြီးဖြစ်နိုင်သူ စာရင်းထဲမှာ အင်ဒီယားနားပြည်နယ်က ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ရစ်ချတ် လူဂါ နဲ့ နီဘရားစကားပြည်နယ်ရဲ့ ရီပတ်ဘလိကန် အထက်လွှတ်တော်အမတ်ဟောင်း ချက် ဟီဂယ် တို့လည်း ပါဝင်ပါတယ်။

အခုချိန်ထိတော့ မစ္စတာအိုဘားမားရဲ့ အစိုးရအဖွဲ့သစ်မှာ ဘယ်သူ့ကိုရွေးချယ်ဖို့ စဉ်းစားနေတယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်သတင်းတွေ သိပ်ထွက်မလာသေးဘူးလို့ နိုင်ငံရေးကျွမ်းကျင်သူတွေက ပြောနေကြပါတယ်။ မစ္စတာအိုဘားမားရဲ့ အာဏာလွှဲပြောင်းရေးအဖွဲ့က သိပ်ကို လျှို့လိျှု့ဝှက်ဝှက်နိုင်လို့ အပြင်က ဘာမှ သိပ်မသိရပါဘူးလို့ အကဲခတ်တွေက ပြောပါတယ်။ ဒီကြားထဲမှာတော့ သမ္မတသစ်အဖြစ်နဲ့ ရွေးချယ်ခံထားရတဲ့ မစ္စတာအိုဘားမားဟာ သူ့ပြိုင်ဘက်ဖြစ်ခဲ့တဲ့ အရီဇိုးနားပြည်နယ် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနဲ့ တနင်္လာနေ့မှာ တွေ့ဆုံလိမ့်မယ်လို့ သူ့ရဲ့ အာဏာလွှဲပြောင်းယူရေးအဖွဲ့ က ပြောပါတယ်။ မစ္စတာအိုဘားမားဟာ မစ္စတာမက်ကိန်းကို သူ့ရဲ့ အစိုးရအဖွဲ့သစ်မှာ ခန့်ထားမယ်လို့တောက အကဲဖြတ်တွေက မယူဆထားပါဘူး။ ဒါပေမယ့် ဇန်နဝါရီလက စပြီးတော့ အစိုးရအဖွဲ့သစ် အာဏာတွေ လွှဲပြောင်းယူတဲ့အချိန်ကျရင်တော့ ပူးပေါင်းဆောင်ရွက်လို့ရမယ့် လုပ်ငန်းမျိုးတွေကို သူတို့ပြောဆို ဆွေးနွေးနိုင်ကြတယ်လို့ ခန့်မှန်းကြပါတယ်။

စီဘီအက်စ် သတင်းဌာနရဲ့ နိုင်ငံရေးအကြံပေးလည်းဖြစ်၊ အတ္တလန်းတစ်သတင်းစာရဲ့ အယ်ဒီတာလည်းဖြစ်တဲ့ မာ့က် အဲန်မင်တန်က အခုလို သုံးသပ်ပါတယ်။

“သူတို့နှစ်ယောက်အနေနဲ့ အနာဂတ်အရေးကိစ္စတွေကို ဆွေးနွေးဖို့ ရှိပါလိမ့်မယ်။ မစ္စတာ ဘရက် အိုဘားမား အနေနဲ့ မစ္စတာဂျွန်မက်ကိန်းကို သူ့ရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတာ ဆွေးနွေးနိုင်မှာပါ။ သိထားရမှာက ဂျွန်မက်ကိန်းရဲ့ အဓိကမူက သူဟာ လမ်းရိုးလမ်းဟောင်းကို လိုက်သူမဟုတ်ဘူး။ ပါတီ စည်းမထားတဲ့ ပြုပြင်ပြောင်းလဲရေးသမား ဖြစ်တယ်ဆိုတာပါပဲ။”

မစ္စတာ အိုဘားမားရဲ့ အာဏာလွှဲပြောင်းယူရေးအဖွဲ့ဟာ အိမ်ဖြူတော်ဝန်ထမ်း အဖြစ် ဘယ်သူတွေကို ထပ်ပြီးတော့ ခန့်အပ်မလဲ၊ ဝန်ကြီးအဖွဲ့ဝင်အဖြစ်နဲ့ ဘယ်သူတွေကို ရွေးချယ်ထားလဲဆိုတာ လာမယ့်သီတင်းပတ်တွေအတွင်းမှာ ကြေညာနိုင်ပါတယ်။

မစ္စတာအိုဘားမားဟာ လာမယ့်နှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ အမေရိကန်ရဲ့ Capitol အဆောက်အဦ လှေခါးထစ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၄ ယောက်မြောက် သမ္မတအဖြစ်နဲ့ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG