သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးမှုဖြင့် နှစ်ရှည်ထောင်ဒဏ်တွေ ဆက်ချနေဆဲ


ဒီရက်ပိုင်းအတွင်း ထိန်းသိမ်းထားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို မြန်မာစစ်အစိုးရက ဆက်တိုက်ဆိုသလို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေရမှာ ဒီကနေ့ဆိုရင်လည်း အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီဝင် စုစုပေါင်း ၂၀ လောက်ကို နောက်ထပ် ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ဒီလို နိုင်ငံရေး လှုပ်ရှားသူတွေကို ထောင်ချနေလို့ ပြည်တွင်းပြည်ပက ဝေဖန်သံတွေ ထွက်ပေါ်နေချိန်မှာပဲ ဒီကနေ့ ဆက်လက်ပြီး ထောင်ဒဏ် ၁၆ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။ အကြောင်းစုံကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို ဒီတပတ်ထဲမှာပဲ နေ့စဉ်ရက်ဆက် ဆိုသလို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေတဲ့ နေရာမှာ အခုနောက်ဆုံး ဆိုရင်လည်း ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း အထူးတရားရုံးတွေကနေ အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် အနည်းဆုံး (၁၇) ဦး ကို ပြစ်ဒဏ်တွေ ဆက်လက် ချမှတ်ခဲ့တာပါ။ အခုနောက်ဆုံး ပြစ်ဒဏ် ချမှတ်ခံ ခဲ့ရသူတွေဟာ ပြီးခဲ့တဲ့နှစ်ထဲတုန်းက ကုန်ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုတွေ၊ သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီပွဲတွေ နောက်ဆက်တွဲ ဖမ်းဆီး ခံထားရသူတွေ ဖြစ်ကြပြီးတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု၊ ဥပဒေမဲ့ လူစုလူဝေးတွေမှာ ပါဝင်မှု စတာတွေ အပါအဝင် စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ် ပြစ်ဒဏ်တွေနဲ့ အမြင့်ဆုံးထောင်ဒဏ်ပြစ်ဒဏ် ၁၆ နှစ် အထိ ချမှတ်လိုက်တာဖြစ်ပါတယ်။ ဒီလို ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်နွယ် ဖမ်းဆီးခံရာက အဲန်အယ်လ်ဒီ ပါတီဝင်တွေ အခုလို ပြစ်ဒဏ်စီရင်ခံရတဲ့အထိ ကြုံခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ပြောပြရာမှာတော့ -

“အများဆုံးက ၁၆ နှစ်၊ အားလုံး အဲန်အယ်လ်ဒီကပဲ။ ဒီကနေ့ အဲန်အယ်လ်ဒီ ပါတီဝင်တွေ ထောင်ချခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ သူတို့နဲ့ နီးစပ်သူ လူငယ်ပါတီဝင် တဦး ကလည်း အခုလို ပြောပြပါသေးတယ်။ အနည်းဆုံးက ၂ နှစ်၊ ၂ နှစ်ခွဲ။ ဒီမှာ ကျနော် ပြောနိုင်တာ တယောက် ရှိတယ်ဗျ။ ဦးတင်မြင့် ဆိုတာ သာကေတ က သူ့ကို ၂ နှစ်ခွဲ ချတယ်။ အဲဒီလူဟာ လူကြီးဗျ။ အသက် ၅၅ နှစ်၊ ၆၀ လောက်ရှိပြီ။ အဖွဲ့ချုပ် ရုံးမှာဗျာ ရုံးလုံခြုံရေးအတွက် ရှိတယ်။ သူက သူ့အဖမ်းခံရတဲ့နေ့က ကျနော် သိတယ်ဗျ။ အဲဒီမှာ အဲန်အယ်လ်ဒီတချို့က ဟိုဘက် ရွှေဂုံတိုင် ဘက်ကနေ ပြီးတော့ ချီတက်လာတော့ ဒီဘက်က အာဏာပိုင်ထဲကပေါ့ဗျာ။ အာဏာပိုင်လား။ စွမ်းအားရှင်လား မသိဘူး။ ပဋိပက္ခ ဖြစ်တော့ သွားကြည့်တယ်ဗျ။ တခြား ဘာမှလုပ်တာ မဟုတ်ဘူး။ အခု ၂ နှစ်ခွဲတောင် ချတယ်။ ထိန်းသိမ်းဖို့သွားတဲ့သူက ၂ နှစ်ခွဲ ကျတယ်။ အဲတော့ ကျန်တဲ့သူတွေ ကျူးလွန်တာတွေနဲ့ ပတ်သက်ရင်လည်း ကျနော် သိသလောက်က သူတို့က ကုန်ဈေးနှုန်း အတွက် ဆန္ဒပြကြတယ်ဗျ။ အားလုံးတော့ မဟုတ်ဘူး။ တချို့ဟာတွေပေါ့။ ဆန္ဒပြယုံသက်သက်ပဲ ဘာမှ လုပ်တယ်လို့ ကျနော် မသိဘူး။ ပြစ်ဒဏ်တွေကတော့ ၁၆ နှစ်တို့ဘာတို့ဆိုရင် အရမ်းများတာပဲဗျ။ တကယ်လုပ်ရတာဟာ ဘာလဲ ဆိုတာ လုပ်တဲ့လုပ်ရပ်နဲ့ ပြစ်ဒဏ် မမျှတဘူးလို့တော့ ထင်ပါတယ်။”

ဒီကနေ့ အဲန်အယ်လ်ဒီပါတီဝင်တွေ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့လည်း သူတို့နဲ့ နီးစပ်သူ အဲန်အယ်လ်ဒီ ပါတီဝင်တဦးက အထူးတရားခွင်တွေရဲ့ စီရင်ချက်တွေနဲ့ပတ်သက်လို့ အခုလို ပြောပြပါသေးတယ်။

“ဒီနေ့ ချတဲ့သူတွေကတော့ ကျနော်တို့ လှိုင်သာယာ က ကမာရွတ် မြို့နယ်တရားသူကြီးကနေပြီးတော့ အင်းစိန် တရားရုံးမှာ လာပြီးတော့ သန့်ဇင်မျိုးကို ၉ နှစ်ခွဲ၊ အံ့ကျော်မြင့် ကို ၉ နှစ်ခွဲ၊ သန်းဝင်းကို ၉ နှစ်ခွဲ။ သူတို့နဲ့ အမှုတွဲ တတွဲတည်း ဖြစ်တဲ့ သိုက်မင်း (ကမာရွတ်) ကို ၇ နှစ်ခွဲ၊ ကျော်စိုးဝင်း (လှိုင်သာယာ) ကို ၇ နှစ်ခွဲ၊ ဒေါ်မငယ် (မြောက်ဥက္ကလာ) ကို ၇ နှစ်ခွဲ။ အဲဒီခြောက်ယောက်အပြင် ဒဂုံ မြို့နယ်က ညီညီမင်း နဲ့ ကိုတင်ဝင်း ကို ၂ နှစ်၊ ဒီ ၆ ယောက် ကမာရွတ်မှာ အဖမ်းခံ ရတာကတော့ ဆီတွေ ကုန်ဈေးနှုန်းတွေ ကျဆင်းရေးအတွက် သူတို့က ပြန်ပြီး Campaign လုပ်ရင်းနဲ့ ကမာရွတ်မြို့နယ် ကနေပြီးတော့ ဖမ်းပြီးတော့ တရားစွဲပြီးတော့ အင်းစိန် အထူး တရားရုံးမှာ ဒီနေ့ အမိန့်ချမှတ်လိုက်တာပါ။ ၂၀၀၇ ခုနှစ် ၈ လပိုင်း ၂၈ ရက်နေ့က အဖမ်းခံရတာ။ ညီညီမင်း နဲ့ ကိုတင်ဝင်း ကတော့ ဒီ စက်တင်ဘာ ပြီးမှ သူတို့တွေကို ၅၀၅ (ခ) နဲ့ စွဲချက်တင်ပြီးတော့ ဒဂုံ တောင်ပိုင်း တရားရုံးကနေပြီးတော့ သူတို့ကို ထောင်ဒဏ် ၂ နှစ်စီ ချလိုက်တာ။”

အခုနောက်ဆုံး ထောင်ဒဏ် စီရင်ခံခဲ့ရသူတွေထဲမှာ ရန်ကုန်တိုင်းအတွင်းက အဲန်အယ်လ်ဒီ ပါတီဝင် ၁၄ ယောက် အပြင် မန္တလေးတိုင်းအတွင်းက တက်ကြွလှုပ်ရှားသူ အဲန်အယ်လ်ဒီ ပါတီဝင်တွေ ဖြစ်ကြတဲ့ ကိုရွှေမောင်း၊ ကိုဝဏ္ဍအောင်၊ ကိုဇော်ဝင်း တို့ကိုလည်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နှစ်ခါပြန် စွဲဆိုခဲ့တဲ့ အမှုတွေနဲ့ ထောင်ဒဏ် ၄ နှစ်စီ အသီးသီး အပြစ်ပေးခဲ့တယ်လို့လည်း မိသားစုနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

အခုနောက်ဆုံး ထောင်ဒဏ် ၉ နှစ် နဲ့ ၆ လ အထိ နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံခဲ့ရတဲ့ အဲန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုသန့်ဇင်မျိုး ရဲ့ အစ်ကိုဖြစ်သူ ကိုသန့်ဇင်ဦး ကတော့ ဒီလို နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ် နေတဲ့အပေါ် အခုလို ဆိုပါတယ်။

“သန့်ဇင်ဦး ကို အခု ကျနော် ထောင်ဝင်စာတွေ့ပြီး ထွက်လာတာလေ။ သူ ပြောပြတာက ဒီနေ့ အထူးရုံးမှာ သူ့ကို ထောင်ဒဏ် ၉ နှစ်ခွဲ ချလိုက်တယ်။ အဲဒီလို ၉ နှစ်ခွဲ မချခင်မှာ ဒီ ကမာရွတ် ရဲစခန်းကနေ ရဲတွေက လူလာ ထုတ်တယ်ပေါ့။ ဒီ အထူးရုံးနဲ့ ထောင်နဲ့ဆိုရင် သိပ်မဝေးဘူး။ နီးနီးလေးရယ်ပေါ့နော်။ အဲဒါကို ခြေကျင်း ခတ်တယ်။ လက်ထိတ်ပါ ခတ်တယ်။ ခြေကျင်းခတ်ယုံတင် တော်ပြီပေါ့ဗျာ။ လက်ထိတ်ခတ်တဲ့အပြင်ကို သူတို့က တရားရုံးကို ကျောခိုင်းထားတဲ့အခါကျတော့ အတင်းဆွဲပြီးတော့ လက်တွေ လိမ်ချိုးပြီးတော့ တရားသူကြီး ဘက်ကို လှည့်ခိုင်းတယ်။ အကြမ်းဖက်ပြီး လုပ်တယ်ပေါ့ဗျာ။ ထောင်ဒဏ်က ၉ နှစ်ခွဲ ချတယ်လို့ ပြောတယ်။ သန့်ဇင်မျိုးရယ်၊ မောင်ဆန်းဝင်း ရယ်၊ သန့်ဇော်မြင့် ရယ်ကို ၉ နှစ်ခွဲ စီ ချတယ်။ ပုဒ်မ က (၁၄၃)၊ (၁၄၅)၊ (၁၄၇)၊ (၁၅၂)၊ ၅၀၅ (ခ) နဲ့ ချတာ ဖြစ်တယ်။ ဒီအမှုတခုမှာ တနေရာတည်းမှာ တခုတည်း ဖြစ်တယ် ဆိုလို့ရှိရင် အမြင့်ဆုံး ပြစ်ဒဏ်နဲ့ပဲ ချခွင့် ရှိတယ်လို့ ပြောတယ်၊ တပေါင်းတည်းပေါ့။ အခုဟာက သီးခြားစီဗျာ။ နောက်ဆုံး ၆ လချတဲ့ ပြစ်ဒဏ်လေးပါ လိုက်ချလိုက်သေးတယ်။ အဲဒီလို သီးခြားစီပေါ့။ အမှုတခုချင်းစီရဲ့ သီးခြားစီကို ချတာက အငြိုး အာဃာတ နဲ့ တမင်သက်သက် လုပ်သလို သက်ရောက်နေတယ်။ အဲဒီလိုကို ဖြစ်နေပါတယ်။”

ထောင်ဒဏ် ၉ နှစ် နဲ့ ၆ လ အပြစ်ပေးခံခဲ့ရတဲ့ အဲန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုသန့်ဇင်မျိုး ရဲ့ အကိုဖြစ်သူ ကိုသန့်ဇင်ဦး ဖြစ်ပါတယ်။ မနေ့တုန်းကလည်း ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း အထူးတရားရုံးတခုကပဲ အစောပိုင်းမှာ ကတည်းက တရားရုံးရဲ့ ဆောင်ရွက်ချက်တွေကို ဆန့်ကျင် သပိတ်မှောက်နေတဲ့ ကိုသန့်ဇင်မျိုး ကို တရားရုံးကို မထေမဲ့မြင် လုပ်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၂ နှစ် အကျဉ်းရုံး စီရင်ခဲ့သေးတယ်လို့လည်း အစ်ကို ဖြစ်သူက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG