သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောင်ဒဏ်ချခြင်းသည် ရာဇဝတ်မှုဖြစ်ကြောင်း သံဃာတော်တွေ သတိပေး


ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေး ခေါ် သံဃာ့ လှုပ်ရှားမှုတွေအတွင်း မေတ္တာပို့ ကြွချီခဲ့ပြီး အဖမ်းအဆီး ခံထားရတဲ့ သံဃာတော်တွေထဲက ၉ ပါးကို အခုတပါတ်အတွင်းမှာပဲ ထောင်ဒဏ် ၆ နှစ် နဲ့ ၈ နှစ်အကြား အာဏာပိုင်တွေက ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ သံဃာတော်တွေ အပါအဝင် နိုင်ငံရေးလှုပ်ရှားသူတွေကို ဒီရက်ပိုင်း နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ပြီး အပြစ်ပေးနေတာဟာ အစိုးရကိုယ်တိုင် ကြီးလေးတဲ့ ပြစ်မှုတွေကို ကျူးလွန်နေတာ လို့ ပြည်ပမှာ ဖွဲ့စည်းထားတဲ့ သာသနာ့ဥသျှောင် မြန်မာ ရဟန်းတော်များအဖွဲ့က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ဖိနှိပ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာ က ပိုပြီးသိအောင် ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ အသေးစိတ်ကို ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ဝိုင်းတော်သား ကိုကျော်အောင်လွင် က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ က မေတ္တာပို့ ကြွချီခဲ့ကြလို့ ဖမ်းဆီးခံထားရတဲ့ သံဃာတော်တွေထဲက ၉ ပါးကို အခုတပတ် အတွင်းမှာပဲ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အတွက် ပြည်ပမှာ ဖွဲ့စည်းထားတဲ့ သာသနာ့ ဥသျှောင် မြန်မာ ရဟန်းတော်များအဖွဲ့ က မြန်မာစစ်အစိုးရ ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး မကျေမနပ် ဖြစ်နေကြပါတယ်။ ဘင်္ဂလားရှေ့နိုင်ငံ အခြေစိုက် သာသနာ့ ဥသျှောင်အဖွဲ့ရဲ့ ဥက္ကဌ အရှင် မေဂိယ ကတော့ ရွှေဝါရောင် တော်လှန်ရေး မြန်မာပြည်တွင်းမှာ ဒုတိယအကြိမ် ပေါ်ပေါက်အောင် သူတို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

“မတရားသဖြင့် ထောင်ချတယ် ဆိုပြီးတော့ ဦးပဉ္ဇင်း တို့ အသင်းကြီးက ကန့်ကွက်ပါတယ်။ ဒီသံဃာတော်တွေ ပြန်လည် လွတ်မြောက်လာရေး၊ ဒီမိုကရေစီ ပြန်လည်ထွန်းကားလာရေး အတွက် ဦးပဉ္ဇင်း တို့ ဒုတိယရွှေဝါရောင် ပေါ်ပေါက်လာရေး အတွက်သော်လည်းကောင်း ဦးပဉ္ဇင်းတို့ အစဉ်မပျက် ဆက်လက် ကြိုးပမ်းနေပါတယ်။”

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခြေစိုက်တဲ့ သာသနာ့ဥသျှောင် အဖွဲ့က ဥက္ကဌ ကိုယ်တော် အရှင် မေဂိယ မိန့်ကြားခဲ့တာပါ။

သီရိလင်္ကာနိုင်ငံမှာ အခြေစိုက်တဲ သာသနာ့ဥသျှောင်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ အရှင် ဥက္ကဌကလည်း မေတ္တာပို့တဲ့ သံဃာတော်တွေကို ချမှတ်လိုက်တဲ့ ထောင်ဒဏ်တွေဟာ ပြစ်မှုနဲ့ ပြစ်ဒဏ် မညီမျှလွန်း အားကြီးတယ်လို့ မိန့်ကြားပါတယ်။

“ပေးတဲ့ ပြစ်မှုပြစ်ဒဏ်ကြီးက မကာအောင်ကို ဖြစ်တယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ လုပ်တဲ့အလုပ်ကိုလည်း ဘာအတွက် လုပ်တယ် ဆိုတာလည်း တဖက်က ကြည့်သင့်တယ်။ ဒီသံဃာတွေ လမ်းပေါ်တက်ပြီး ဆန္ဒပြတယ် ဆိုတဲ့ဥစ္စာက နိုင်ငံကို စော်ကားဖို့လည်း မဟုတ်ဘူး။ ပြစ်မှု ကျူးလွန်တဲ့ဟာမျိုးလည်း မဟုတ်ဘူး။ မေတ္တာသုတ် ရွတ်တယ် ဆိုတဲ့ဥစ္စာက တကယ် တိုင်းသူပြည်သားတွေ ဆင်းရဲ လာတယ်၊ အဲဒီကိစ္စကနေ လွတ်မြောက်ဖို့အတွက် ကြိုးစားတာလည်း ဖြစ်သလို ဆင်းရဲရာ ကနေပြီးတော့ လွတ်မြောက်ဖို့ဆိုတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဒီ အာဏာပိုင်အဖွဲ့အစည်းထဲက ပုဂ္ဂိုလ်တွေလည်း ပါတာပဲ။ အဲဒါကြောင့် ဒီ သံဃာတော်တွေက နေပြီးတော့မှ လမ်းပေါ်ထွက်ပြီးတော့ ဆန္ဒပြတယ် ဆိုတာက အားလုံးအတွက် ပတ်သက်နေတာ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ဒီ အာဏာပိုင်အဖွဲ့အစည်းက နေပြီးတော့ ကြီးလေးတဲ့ ပြစ်မှုကြီးတွေ ပေးတယ်ဆိုတဲ့ဥစ္စာဟာ အင်မတန်ကိုပဲ ဆိုးရွားတဲ့ ပြစ်မှုကြီးတွေ လို့ပဲ ဦးပဉ္ဇင်းတို့ သာသနာ့ဥသျှောင် ရဲ့ ကိုယ်စား ဦးပဉ္ဇင်း တို့ ဒီလိုပဲ မြင်ပါတယ်။”

ဒီလို မြန်မာစစ်အစိုးရ ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ အရှင်ဘုရှားတို့ သံဃာတော်တွေအတွက် နိုင်ငံတကာမှာ ဘာတွေများ လုပ်ဆောင်ဖို့ ရှိပါသလဲဘုရား။ -

“နိုင်ငံတကာမှာကတော့ ဒီ သံဃာတော်တွေ သာသနာ့ ဥသျှောင်ကနေ ဦးဆောင်ပြီးတော့ လုပ်တာကတော့ ဖမ်းဆီးခံ ထားရတဲ့ သံဃာတော်တွေ အပါအဝင် ပေါ့လေ။ မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် နိုင်ငံတကာ သိအောင်ဆိုပြီးတော့မှ လုပ်နေတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ပြည်ပကနေ လုပ်နိုင်တဲ့အပိုင်းပေါ့လေ။ ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂိုလ်တွေကတော့ ပြည်တွင်းမှာ တတ်နိုင်တဲ့အလုပ်ကို လုပ်ကြမှာပဲ။ မတရားတဲ့ ပြစ်မှု ပြစ်ဒဏ်ကြီးတွေကို ချခံနေရတယ် ဆိုတာတွေကို နိုင်ငံတကာမှာသိအောင် ပြည်ပမှာ ရှိနေတဲ့ မြန်မာနိုင်ငံက ရဟန်းသံဃာတော်တွေက ကြိုးစားပြီးတော့ အသိပေးနေတယ်၊ လုပ်နေကြတယ် ဆိုတာကိုပဲ ဦးပဉ္ဇင်း ပြောချင်ပါတယ်။ အင်မတန် ကြီးလေးတဲ့ ပြစ်ဒဏ်ကြီးတွေကို ခံစားနေရတာဖြစ်တဲ့ အတွက်ကြောင့်မိုလို့ အားလုံးသော ရဟန်းသံဃာတွေရဲ့ စိတ်ထဲမှာ ကိုယ်စီမှာကတော့ အင်မတန် ခံစားမှုတွေနဲ့ ပြင်းထန်ပြီးတော့ ခံပြင်းမှုတွေကတော့ ဖြစ်နေကြမှာပဲလို့ ဦးပဉ္ဇင်းတော့ ဒီလိုပဲ မြင်ပါတယ်။”

သီရိလင်္ကာနိုင်ငံမှာ အခြေစိုက်တဲ့ သာသနာ့ ဥသျှောင်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ အရှင် ဥက္ကဌ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG