ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံတွေ နဲ့
တိုးတက်ပြီး နိုင်ငံတွေ ထဲ က နိုင်ငံ ၂၀ ခေါင်းဆောင်တွေ နဲ့ ဥရောပ သမဂ္ဂ တို့ ဟာ
စီးပွါးရေး ကျဆင်းနေတာ ကို တိုက်ဖျက်ပြီး၊ ဈေးကွက်တွေ ကို ဖွင့်မြဲ
ဆက်ဖွင့်ထားဖို့ တစ်ရက်ကြာ ထိပ်သီး အစည်းအဝေး မှာ သဘောတူလိုက်ကြပါတယ်။ ဗွီအိုအေ ဘယ်ရီ ၀ုဒ် သတင်းပေးပို့ထားတာ ကို
ဦးတင်မောင်သန်း က တင်ပြထားပါတယ်။
အစည်းအဝေး ရလာဒ် အပေါ်
ကျေနပ်ကြတဲ့အကြောင်း ခေါင်ဆောင်တွေ က ပြောကြပါတယ်။ နိုင်ငံ ၂၀ အုပ်စု လို့ ခေါ်တဲ့ ခေါင်းဆောင်တွေ
ရဲ့ အစည်းအဝေး နဲ့ အတူ အသစ် တစ်ခုခု ကတော့ ပေါ်ပေါက်လာနေတယ် ဆိုတဲ့ အမြင်တွေ
ရှိလာနေပါတယ်။ ဥရောပ နိုင်ငံတချို့၊ ဂျပန်
နဲ့ အမေရိကန် တို့ပါဝင်တဲ့ စက်မှု ရှစ် နိုင်ငံ အုပ်စု နေရာ ကို နိုင်ငံ ၂၀ အုပ်စု
က ယူလာဖွယ်ရှိတယ်လို့ ဘရာဇီး သမ္မတ Luiz Inacio Lula da Silva က ပြောပါတယ်။ အဲဒီ စက်မှု ၈ နိုင်ငံ အုပ်စု က
နှစ်စဉ်တွေ့ဆုံခဲ့ကြတာ နှစ်ပေါင်း ၃၀ ကျော်ခဲ့ပါပြီ။ ကမ္ဘာ့ စီးပွါးရေး ဆုံးဖြတ်ချက်တွေ ချရာမှာ
တက်သစ်စ စီးပွါးရေး နိုင်ငံတွေ ကိုလည်း ထည့်သွင်းရမယ် လို့ မစ္စတာ da Silva
ဒါဆီးလ်ဗား က ဆိုပါတယ်။ အားလုံး
စုပေါင်းလိုက်ရင်၊ တကမ္ဘာလုံး ထုတ်ကုန် ရဲ့ ၈၀ % ကို အဲဒီ နိုင်ငံ ၂၀ က
ထုတ်နေကြတာပါ။
ကိုယ့် နိုင်ငံ ရဲ့ ဈေးကွက် ကို
ကာကွယ်ဖို့ ကုန်သွယ်ရာမှာ တားမြစ်၊ လုပ်ဆောင်တာမျိုးတွေ ကို ရှောင်ကြမယ် လို့
ခေါင်းဆောင်တွေ က ပိုင်းဖြတ်ထားကြကြောင်း ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒန် ဘရောင်း က
ပြောပါတယ်။
"ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်အောင်၊
ကုန်သွယ်ရေး မဖြစ်အောင် အဟန့်အတားတွေ ချမှတ်ထားတာမျိုးတွေ ကို နောက် ၁၂ လအတွင်း
ကျွန်တော်တို့ လုပ်လိမ့်မယ် မဟုတ်ပါဘူး။
ခေါင်းဆောင်အားလုံး က ဒါ ကို သဘောတူကြပါတယ်။ ပိုပြီး အရေးကြီးတာကတော့ နှစ်ကုန်မှာ ကုန်သွယ်မှု
သဘောတူညီချက် အသစ် ကို သဘောတူဖို့ ကျွန်တော်တို့ ရဲ့ ကုန်သွယ်ရေး ၀န်ကြီးတွေ ကို
ကျွန်တော်တို့ ညွှန်ကြားထား ပါတယ်။"
ကုန်သွယ်မှု ထိန်းချုပ်ထားတာတွေ ကို
ဖြေလျှော့ဖို့ စကားပြောနေကြတဲ့ ဒိုဟာဆွေးနွေးပွဲ ဟာ ရှေ့မရောက်နိုင်ဖြစ်နေတာ ၂
နှစ်ကြာခဲ့ပါပြီ။ စီးပွါးရေး
ကျဆင်းနေချိန်မှာ ဈေးကွက်တွေ ကို ခေါင်းဆောင်တွေ က ဖွင့်မြဲဖွင့်ထားချင်တာ ဟာ
အရေးကြီးပါတယ် လို့ မစ္စတာ ဘရောင်း က ဆိုပါတယ်။
လက်ရှိ စီးပွါးရေး ကမောက်ကမ ဖြစ်နေတာ ဟာ
ငွေရေးကြေးရေး ကိစ္စတွေ လုပ်ဆောင်တဲ့အခါ မဆင်မခြင် လုပ်ကိုင်ကြတာကြောင့်
ဖြစ်ကြောင်း ထိပ်သီး အစည်းအဝေး ၉ မျက်နှာ ကြေညာချက် မှာ တုံးတိတိ ပြောထားပါတယ်
လို့ သြစထြေးလျား ၀န်ကြီးချုပ် Kevin က ဆိုပါတယ်။
စီးပွါးရေး ၀ရုန်းသုန်းကား ဖြစ်လာတာကြောင့် ကြွေးပေးကြွေးယူ ဈေးကွက်
ရပ်သွားပြီး၊ စတော့ ဈေးနှုန်းတွေ ကျလာခဲ့ပါတယ်။
ထိပ်တန်း ဘဏ် အရာရှိကြီးတွေ ကို လခ အလွန်အကျွံ ပေးထားတာ ကိုလည်း မစ္စတာ Rudd
က ၀ါရှင်တန် သတင်းစာရှင်းလင်းပွဲ မှာ ရှုတ်ချသွားပါတယ်။
"ကမ္ဘာ့ စီးပွါးရေး မှားယွင်းသွားအောင်
လုပ်ခဲ့ကြတဲ့ ကုမ္ပဏီကြီးတွေ ရဲ့ အလုပ်အမှုဆောင် အရာရှိကြီးတွေ ကို လခကြီးကြီး
အကျိုးခံစားခွင့် များများ ပေးထားတာ အပေါ် ကမ္ဘာတ၀ှမ်း က လူထု က စိတ်ကုန်နေပြီး
ဒေါသတွေ ထွက်၊ စိတ် ကသိကအောက် ဖြစ်နေကြပါတယ်။
ဒီအတွက် ဘယ်သူတွေ ဘာပေးလိုက်ရသလဲ။
အလုပ်လုပ်နေကြတဲ့ လူတွေ ခံကြရတယ်။
သူတို့ အလုပ်တွေ ဆုံးရှုံးသွားတယ်။"
အန္တရာယ် များပြီး၊ စည်းမျဉ်း ကလနား
သတ်မထားတဲ့ အလုပ်တွေ အတွက် ငွေကြေး ဆိုင်ရာ အဖွဲ့အစည်း အသီးသီး က အများကြီး
ချေးယူထားကြတယ် လို့ ထိပ်သီး အစည်းအဝေး ကျေညာချက် မှာ ဆိုထားပါတယ်။
ငါးလအတွင်း မှာ ထပ်တွေ့ဖို့
ခေါင်းဆောင်တွေ က စီစဉ်ထားကြပါတယ်။
နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ (အိုင်အမ်အက်ဖ်) မှာ ဖွံ့ဖြိုးဆဲ
နိုင်ငံတွေ ပြောပိုင်ခွင့် ပိုပေးမယ့် အစီအစဉ်တစ်ရပ် ကို ခေါင်းဆောင်တွေ က အဲဒီ
အခါကျရင်၊ လိုချင်ကြပါတယ်။ ၀ါရှင်တန် ထိပ်သီး
အစည်းအဝေး မှာ အိုင်အမ်အက်ဖ် စီမံခန့်ခွဲမှု ညွှန်ကြားရေးမှူး Dominique
Strauss-Kahn လည်း တက်ရောက်ခဲ့ပါတယ်။
"မတ်လ ဒါမှမဟုတ် ဧပြီလ မှာ
အစည်းအဝေးထပ်ဖြစ်တဲ့အခါ၊ အဲဒီ အစီအစဉ် ကို ကျွန်တော် မျှော်လင့်ထားပါတယ်။ နှစ်ပေါင်း ၆၀ တွင်း မဖြစ်ခဲ့တဲ့ အုပ်ချုပ်လုပ်ကိုင်ပုံ
အပြောင်းအလဲ တစ်ရပ် ကို ကျွန်တော်တို့ ရရှိကြပါလိမ့်မယ်။" လို့ သူ က
ပြောသွားတာပါ။
အချိန်တိုတိုအတွင်းမှာပဲ
ကြိုပြောနိုင်ခဲ့ပြီး၊ ၀ါရှင်တန် ထိပ်သီး အစည်းအဝေး ကို ပြင်ဆင်ခဲ့ကြရတာပါ။ အဲသလို ဖြစ်ပေမဲ့ အစည်းအဝေး ရလာဒ် ကို
တက်ရောက်သူတွေ က ကျေနပ်ပြီး ခွဲခွါနိုင်ခဲ့ကြပုံရပါတယ်။