သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှင်ဂမ္ဘီရကို ထောင်နှစ်ရှည်ချမှတ်


မြန်မာစစ်အစိုးရက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို
ဒီရက်ပိုင်းအတွင်း ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေရာ
မှာ ဒီကနေ့မှာတော့ ထင်ရှားတဲ့ သံဃာတော် အရှင်ဂမ္ဘီရ
အပါအဝင် ဖမ်းဆီးခံထားရသူတွေကို နှစ်ရှည်ထောင်ဒဏ်
တွေ ဆက်လက်ချမှတ်လိုက်ပါတယ်။ တက်ကြွလှုပ်ရှား
သူတွေကို ကြီးလေးတဲ့ပြစ်ဒဏ်တွေ ချမှတ်နေလို့
ပြည်တွင်းပြည်ပက ဝေဖန်သံတွေ ထွက်ပေါ်နေတဲ့ကြား
ကပဲ အခုလို ဆက်လက်လုပ်ဆောင်နေတာလည်း ဖြစ်ပါ
တယ်။ အကြောင်းစုံကို စုံစမ်းမေးမြန်းပြီး ကိုအောင်လွင်ဦး
က တင်ပြပေးထားပါတယ်။

ထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို
နေ့စဉ်ရက်ဆက်ဆိုသလို ထောင်ဒဏ်ပြစ်ဒဏ်တွေ စီရင်
ချမှတ်နေတဲ့အထဲမှာ အခုနောက်ဆုံးဆိုရင်လည်း ပြီးခဲ့တဲ့
နှစ် စက်တင်ဘာ သံဃာတော်တွေရဲ့ မေတ္တာပို့ ကြွချီလှုပ်ရှားမှုတွေမှာ ထင်ရှားခဲ့တဲ့
အရှင်ဂမ္ဘီရ အပါအဝင် တက်ကြွလှုပ်ရှားသူ တိုင်းရင်းသားလူငယ်တချို့ကိုပါ နှစ်ရှည်
ထောင်ဒဏ်တွေ ချမှတ်လိုက်တာပါ။ သာသနာညှိုးနွမ်းစေမှု၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြား
ရေးကို ထိခိုက်စေမှု၊ ဥပဒေမဲ့ လူစုလူဝေးတွေမှာ ပါဝင်မှု စတာတွေ အပါအဝင် စွပ်စွဲ
ချက် အများအပြားနဲ့ ရင်ဆိုင်နေရတဲ့ အရှင်ဂမ္ဘီရကို ဒီကနေ့ အင်းစိန်ထောင်တွင်း
အထူးတရားခွင်ကနေ ထောင်ဒဏ် ၁၂ နှစ်၊ သူနဲ့အတူ နောက်ထပ် ရဟန်းတော်တပါး
ဖြစ်တဲ့ ဦးကေလာသကို ၃၅ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။

ဒီကနေ့ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ အခုလိုပြစ်ဒဏ်တွေ စီရင်ခဲ့တာတွေ
ရှိခဲ့သလို နောက်ထပ်စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တဲ့ အရှင်ဂမ္ဘီရအနေနဲ့
ဆက်လက်ပြစ်ဒဏ်တွေ စီရင်ခံရစရာ ရှိနေသေးတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မိသား
စုနဲ့နီးစပ်တဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တယောက်က ပြောပြတာကတော့ …

"ဦးကေလာသနဲ့ ဦးဂမ္ဘီရ၊ ဦးဂမ္ဘီရက ၁၂ နှစ်၊ ဦးကေလာသ မန္တလေးကတော့ ၃၅ နှစ်၊
အဲလိုချလိုက်တယ်။ ပုဒ်မတွေကတော့ အများကြီးပဲ။ ဦးဂမ္ဘီရကတော့ မပြတ်သေးဘူး
ပြောတယ်။ နောက်ထပ်တွဲစရာတွေ ရှိသေးတယ်။ များဖို့အလားအလာရှိတယ်၊
၃၀ ကျော်မယ်၊ သူလည်းပဲ အဲလောက်ပဲဖြစ်မှာပဲ။"

ဒီလိုပဲ ဒီကနေ့ အင်းစိန်ထောင်တွင်း အထူးတရားရုံးတွေကပဲ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ
လထဲတုန်းက သံဃာ့လှုပ်ရှားမှုတွေ နောက်ဆက်တွဲ ဖမ်းဆီးခံခဲ့ရတဲ့ တိုင်းရင်းသား
လူငယ်တချို့ဟာ ဆိုရင်လည်း နှစ်ရှည်ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။
ဒီအထဲမှာ ထင်ရှားတဲ့ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဇိုမီးကွန်ဂရက်
ပါတီ ဥက္ကဋ္ဌ ဦးကျင့်ရှင်းထန်ရဲ့ သားဖြစ်သူ ကန်မ်လမ်ခုပ် ခေါ် ကိုကျော်စိုး၊ တူဖြစ်သူ
ကပ်ခန်းခွာနဲ့ သူတို့နဲ့အတူ ရခိုင်အမျိုးသားတဦးဖြစ်တဲ့ ကိုတင်ထွန်းအောင်တို့ကို
ထောင်ဒဏ် ၃၃ နှစ်စီ ချမှတ်လိုက်တာပါ။ ဒါနဲ့ပတ်သက်လို့ ဦးကျင့်ရှင်းထန်ကို
ဆက်သွယ်မေးမြန်းကြည့်ပါတယ်။

"ကျနော်ကြားတာ သားကတော့ ၃၃ နှစ်၊ တူကတော့ ၈ နှစ်၊ သူတို့အတွဲက သုံးဦး
ဆိုတော့ နောက်တယောက် တင်ထွန်းအောင်ဆိုတဲ့လူက ၃၃ နှစ်ပဲ။ ကျနော်ကတော့
ကိုယ်တိုင်မသွားဘူး၊ အဲလိုပဲကြားတာပဲ။ ကျနော်တို့ ဝင်လို့မရလို့။ ကျနော်တို့ရှိနေ
လည်း ဝင်ခွင့်မပြုဘူး။ ကျနော်တို့လည်း ဝင်လို့မရတာနဲ့ ထောင်အဝကနေ စောင့်နေ
တာပေါ့၊ သားတယောက်က စောင့်နေတာ။"

စက်တင်ဘာသံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ဖမ်းဆီးခံခဲ့ရပြီး အခု
နောက်ဆုံး ဒီလိုကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်လိုက်တာဟာ မြန်မာနိုင်ငံက တရား
စီရင်ရေးစနစ် ယိုယွင်းနေတာကို ပြသလိုက်တာပဲဆိုပြီးတော့ ကိုယ်တိုင်လည်း ဥပဒေ
ပညာရှင်တဦးဖြစ်တဲ့ ဦးကျင့်ရှင်းထန်က ဆိုပါတယ်။

"သံဃာတော်အရေးအခင်းမှာ သူတို့လည်းပါတယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ဒီပုဒ်မတွေ
ထည့်ထားတာပေါ့။ ဒီဥစ္စာ မဆီမဆိုင်ဖြစ်နေတယ်။ ပြီးတော့ တရားဥပဒေဆိုတာ
တရက်တည်း တလတည်းမှာဖြစ်ပျက်နေတဲ့ သူတု့ိစွဲချက်အရဆိုရင်လည်း တပေါင်း
တည်းလုပ်ပြီး အကြီးဆုံးဟာနဲ့ စွဲချက်တင်ရမယ့်ဟာကို ပုဒ်မဆယ်ခုလောက်လုပ်ပြီး
အဲဒီဆယ်ခုစလုံးနဲ့ အပြစ်ပေးပြီး အဲဒီအပြစ်တွေပေါင်းပြီး ၃၃ လောက်ဖြစ်သွားတဲ့
သဘောပေါ့။ ဒါဟာ ဥပဒေအရ မှားယွင်းတာပေါ့။

"ကျနော်မြင်တာတော့ လုံး၀ တရားဥပဒေနဲ့ ကိုက်ညီမှုမရှိဘူး။ တရားရုံးကလည်း
တရားရုံးနာမည်သာခံပြီးတော့ သူတို့မှာ အာဏာသိပ်မရှိတဲ့သဘော။ အပေါ်ကနေ
ဒီလောက်ပေး၊ ခင်ဗျားတို့ကြေညာဆိုပြီးတော့ ဒီသဘောပဲ။ သူတို့မမှန်တာကို အမှု
စစ်တဲ့အချိန်မှာလည်း ဒီဥစ္စာတွေ တရားဥပဒေအရ မမှန်ဘူး၊ ရှေ့နေတွေက တင်ပြ
တယ်။ မမှန်မှန်းကို လိုပြသက်သေတွေကိုယ်တိုင်က ဝန်ခံတယ်။ အဲဒါကို မပယ်ဖျက်ဘဲ
ဆိုင်းထားပြီး သူတို့ပေးတဲ့အပြစ်ကို ပေးခိုင်းတာ။ အဲတော့ ဒါဟာ တရားရုံးဆိုတာလည်း
မရှိတော့ဘူးပေါ့။ ကျနော့်အမြင်မှာ ဒီတရားစီရင်ရေးကလည်း ပြိုလဲသွားပြီဗျာ။ ကျနော်
တို့နိုင်ငံမှာ မဏ္ဍိုင်သုံးခုဆိုတာ မရှိတော့ဘူး။ အာဏာပိုင်တခုတည်းပဲရှိတယ်။ ဒါက
အမိန့်၊ ချချင်တာချ၊ ဖမ်းချင်တာဖမ်း၊ ဒီသဘောမျိုးဖြစ်သွားတယ်။"

ဒီရက်ပိုင်းအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ်ချမှတ်တာတွေ
လုပ်ဆောင်နေရုံသာမက ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးသူတွေကိုလည်း မိသားစုနဲ့ဝေးရာ
နယ်ထောင်တွေကို ပို့ဆောင်နေတာတွေရှိလို့ မိသားစုတွေအနေနဲ့ စိုးရိမ်ပူပန်စရာတွေ
ကလည်း ဖြစ်နေရတာပါ။

"အဲဒီကိစ္စနဲ့ ကျနော်တို့ အပူပင်ဆုံးဗျာ။ အခုက ချမ်းတဲ့ရာသီလည်းဖြစ်တယ်၊ သူတို့နဲ့
လည်း တွေ့ဖို့ အခွင့်ကမရတော့၊ အခုက အမိန့်ချပြီးပြီ။ အမိန့်ချလိုက်တာတော့
ထားလိုက်ပါတော့။ ထောင်ထဲမှာ အနားပေးခိုင်းတာပါ။ ဒါပေမယ့် ဒီမှာအနားမပေးဘဲ
နယ်စွန်နယ်ဖျားပို့မယ်၊ ပြီးတော့ အဲဒီမှာ ရာသီဥတုကလည်း တမျိုးစီ၊ လုံလောက်တဲ့
အဝတ်အစားလည်း မပါနိုင်ဆိုတော့ အဲဒီအတွက် ကျနော်တို့ စိတ်ပူတာပေါ့။"

ဒီကနေ့ ထောင်ဒဏ် ၃၃ နှစ်အထိ အပြစ်ပေးခံခဲ့ရတဲ့ ဇိုမီးတိုင်းရင်းသားလူငယ်တွေရဲ့
ဖခင်နဲ့ ဦးလေးဖြစ်သူလည်းဖြစ်၊ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တဦးလည်း
ဖြစ်တဲ့ ဦးကျင့်ရှင်းထန် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ခဲ့ပြီးသားဖြစ်တဲ့ ဘိုကလေးမြို့က
တက်ကြွလှုပ်ရှားသူ လူငယ်တချို့ကိုလည်း ကျန်နေသေးတဲ့ စွပ်စွဲချက်တွေထဲက တချို့
ကို ဆက်လက်စစ်ဆေးပြီး နောက်ထပ်တိုးပြစ်ဒဏ်တွေ ချမှတ်ခဲ့တာလည်း ရှိခဲ့တယ်လို့
နိုင်ငံရေးအကျဉ်းသား မိသားစုတွေက ပြောပြကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG