သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး လှုပ်ရှားသူတွေကို ဆက်လက် ထောင်ဒဏ်ချမှတ်ပြီး နယ်ထောင်တွေကိုပို့


မြန်မာ စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်းထားတဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်တာတွေ ဒီလို ပြစ်ဒဏ် ပေးခံရသူတွေကိုလည်း နယ်စွန်နယ်ဖျားက ဝေးလံတဲ့ အကျဉ်းထောင်တွေကို ပို့ဆောင်တာတွေ ဆက်လက် ပြုလုပ်နေပါတယ်။ ဒီကနေ့ ဆိုရင်လည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တချို့ကို ထောင်ဒဏ်ချမှတ်တာတွေ ရှိခဲ့သလို ဒီရက်ပိုင်းအတွင်း နယ်ထောင်တွေကို ပို့ဆောင်တာတွေလုပ်နေလို့ မိသားစုဝင်တွေလည်း ပူပင်သောက ရောက်နေ ကြရပါတယ်။ ကိုအောင်လွင်ဦး က ဒီအကြောင်းတွေကို စုံစမ်းထားပါတယ်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အနည်းဆုံး ၃ ဦး ကို အာဏာပိုင်တွေက နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု၊ ဆူပူအုံကြွမှုတွေမှာ ပါဝင်မှု စတာတွေ အပါအဝင် စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ် ပြစ်ဒဏ်တွေ အနည်းဆုံး ၄ နှစ်ကနေ ၁၁ နှစ်ခွဲ အထိ ချမှတ်လိုက်တာပါ။ အခုဆိုရင် တက်ကြွလှုပ်ရှားသူ ကျောင်းသား လူငယ်တဦးဖြစ်တဲ့ ကိုဒီငြိမ်းလင်း ကို ထောင်ဒဏ် ၆ နှစ်ခွဲ၊ ကိုကျော်စွာခေါ် ကိုကျော်ဋ္ဌေးလွင် ကို ၅ နှစ် နဲ့ ကိုကျော်ဆန်း ကို ၄ နှစ် အသီးသီး အပြစ်ပေး စီရင်လိုက်တာဖြစ်ပြီးတော့ ဒီနောက်မှာ ကျောက်တံတားမြို့နယ် တရားရုံးကလည်း ကိုကျော်စွာကို နောက်ထပ် ၆ နှစ်ခွဲ အပြစ်ပေးခဲ့လို့ အများဆုံးပြစ်ဒဏ် ၁၁ နှစ်ခွဲ ကျခံခဲ့ရပါတယ်။ အခုနောက်ဆုံး စီရင်ချက် ချမှတ်ခံခဲ့ရတဲ့ ကိုဒီငြိမ်းလင်း အပေါ်မှာ စွပ်စွဲချက်တွေကလည်း ကျန်ရှိနေဆဲ ဖြစ်တာမို့ နောက်ထပ် ထောင်ဒဏ်ပြစ်ဒဏ်တွေ စီရင်ခံရမယ့် အခြေအနေနဲ့ လည်း ရင်ဆိုင်နေရတာပါ။ ဒီကနေ့ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် တရားခွင်မှာ စီရင်ချက် ချမှတ်တာကို သွားရောက် ကြားနာခဲ့တဲ့ မိခင်ဖြစ်သူ ဒေါ်ဋ္ဌေးဋ္ဌေးဝင်း ပြောပြတာကတော့ -

“ဒီနေ့ သားကြီးကို စမ်းချောင်းတရားရုံးမှာ အမိန့်ချတယ်။ ပုဒ်မတွေက ၅၀၅ ခ၊ ၁၄၇၊ ၁၄၃၊ ၂၉၅ ဆိုပြီး ၆နှစ်ခွဲ ထောင်ဒဏ်ချ လိုက်တယ်။ မနက်ဖြန်မှာ ၂ခု ရှိသေးတယ်။ အနောက်ပိုင်း တက္ကသိုလ်က စွဲထားတာ။ ထန်းတပင် တရားရုံး က ထုတ်မှာ။ ၂၁ရက်နေ့မှာ ဒဂုံ တရားရုံးမှာလည်း ရှိသေးတယ်။”


အခုလို ကြီးလေးတဲ့ ထောင်ဒဏ် ပြစ်ဒဏ်တွေ စီရင်ချက်ချမှတာတွေကို အာဏာပိုင်တွေကဆက်လုပ်နေသလို ပြစ်ဒဏ်စီရင်ပြီးသူတွေကိုလည်း မိသားစုနဲ့ အလှမ်းဝေးရာ နယ်မြို့တွေက အကျဉ်းထောင်တွေဆီ ပို့ဆောင် နေတာတွေဟာလည်း ဆက်လက်ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုနယ်စွန်နယ်ဖျား ဝေးလံတဲ့ အကျဉ်းထောင်တွေကို ပို့ဆောင်နေပေမယ့်လည်း မိသားစုဝင်တွေကိုယ်တိုင်ကတော့ ဒီလို ရွှေ့ပြောင်းတာတွေကို အချိန်မီသိနိုင်တဲ့ အခြေအနေမျိုးလည်းမရှိ၊ ပြောင်းရွှေ့လိုက်တယ်လို့ဆိုတဲ့ ထောင်တွေကို စုံစမ်းလို့ မရ အခြေအနေမျိုးတွေနဲ့လည်း ကြုံနေရတယ်လို့လည်း ဆိုပါတယ်။ ဒီကနေ့ အင်းစိန်ထောင်မှာ သွားရောက် သတင်းစနည်းနာကြတဲ့ မိသားစုဝင်တွေ ပြောပြတာတွေကိုတော့ သူတို့နဲ့ နီးစပ်သူ တယောက်က အခုလို ဆိုပါတယ်။

“ထောင်ပြောင်းတာမှာ ဗိုလ်ကလေးက ဦးအောင်မြင့်က မြောင်းမြ၊ ဦးတင်မြင့် သာကေတ က သာယာဝတီ၊ ဦးမောင်တန် ဝါးခယ်မ က တောင်ကြီး။ ပြောင်းပြီးတော့မှ ထောင်ဝင်စာသွားတော့မှ ပြောင်းသွားပြီဆိုတာကို သိရတာ။ အခုဆိုရင် ထောင်ရှေ့မှာ မိသားစုဝင်တွေက မသိမှာစိုးလို့ နေ့တိုင်းလိုလို လာပြီး အလုပ်ပျက်ခံပြီးတော့ စောင့်နေကြတယ်။ သူတို့ကတော့ အဝေးကြီးတွေ ရောက်သွားမှာကို စိုးရိမ်တယ်။ အခုချိန်က ရာသီဥတုဒဏ်ကလည်း ပြင်း။ ရန်ကုန်မှာ နေတဲ့သူတွေက ဟိုးတောင်ဖျား အအေးပိုင်းတွေကို သွားရတော့ ရောဂါတွေ၊ ငှက်ဖျားတွေ ဘာညာ ဝင်မှာကို စိုးရိမ်နေတာပေါ့။”

အခုနောက်ဆုံး စီရင်ချက်ချမှတ်ခံခဲ့ရတဲ့ ကိုဒီငြိမ်းလင်း ရဲ့ ဖခင်ဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသား ကိုဇော်ဇော်မင်း ဟာဆိုရင်လည်း အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၆၅ နှစ် စီရင်ခံခဲ့ရပြီး မအူပင်ထောင်ကို ပြောင်းရွှေ့လိုက်တာမို့ ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်ရမှာကို မိခင်ဖြစ်သူက ပူပန်သောက ရောက်နေရတာပါ။

“သားကိုလည်း ထောင်ချပြီးပြီ။ နောက်တခုက နယ်တွေရွေ့မှာကို စိုးရိမ်ရတာပေါ့။ လမ်းခရီးရှိမယ်။ ဘယ်တွေ ပို့မယ် ဆိုတာကို အခုချိန်အထိ မသိရဘူး။ ယောင်္ကျားဆိုလည်း ၆၅နှစ် သားလည်း အခု စုစုပေါင်းမယ်ဆိုရင် ၁၅နှစ်လောက် ရှိမယ်။ ယောင်္ကျားအတွက်ရော၊ သားအတွက်ရော၊ အမျိုးမျိုး စိတ်ပူရတာပေါ့။”


ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခံထားရတဲ့ သားဖြစ်သူ ကိုဒီငြိမ်းလင်း နဲ့ ခင်ပွန်းသည်တို့အတွက် သောကရောက်နေတဲ့ ဒေါ်ဋ္ဌေးဋ္ဌေးဝင်း ဖြစ်ပါတယ်။ ဒီလို ထောင်ဒဏ်ပြစ်ဒဏ်တွေစီရင်ပြီးမှ နယ်ထောင်တွေကို ပို့နေတယ် ဆိုပေမယ့်လည်း တကယ်တမ်း အဲဒီထောင်တွေမှာ မိသားစုက ဆက်သွယ်တဲ့အခါမှာလည်း စုံစမ်းလို့မရ ဖြစ်နေရတယ်လို့ ဆိုကြပါတယ်။ ဒီအထဲမှာ ပြီးခဲ့တဲ့ အပတ်ထဲကမှ ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ် ခံခဲ့ရတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေး ဟာ ဆိုရင်လည်း ရန်ကုန်အင်းစိန် ထောင်ကနေ စစ်ကိုင်းတိုင်း ကလေးထောင်ကို ပြောင်းရွှေ့လိုက်ပြီလို့ မိသားစုကို ပြောပေမယ့် တကယ်တမ်း ဆက်သွယ် စုံစမ်းလို့ မရနိုင် အခြေအနေမျိုးနဲ့ ကြုံနေရတယ်လို့လည်း နီးစပ်သူ မိသားစု မိတ်ဆွေက ဆိုပါတယ်။

“မနက်ကတည်းက ကလေး ထောင်ကို စုံစမ်းတယ်။ ကလေးထောင်ကို မရောက်သေးဘူးတဲ့။ သူတို့ ရွေ့သွားတာ ဘယ်လောက်ကြာပြီလဲ၊ သူတို့ကို ၁၄ရက်ကတည်းက ရွေ့သွားတာ အခု ၁၉ရက်ရှိပြီ၊ အဲဒီတော့ ဘယ်မှာ ဝင်ပြီးတော့ ထားလိုက်သလဲ ဆိုတာ မသိရတော့ အိမ်က မိသားစုတွေက စိတ်ပူရတာပေါ့။”

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ကုန်ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုတွေ၊ စက်တင်ဘာ သံဃာတော်တွေရဲ့ မေတ္တာပို့ ကြွချီ လှုပ်ရှားမှုတွေ နောက်ဆက်တွဲ ဖမ်းဆီး ခံထားရသူတွေကို ဒီလဆန်းပိုင်းကစလို့ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေတာ အခုဆိုရင် တရာလောက် ရှိနေပြီဖြစ်ပါတယ်။ ဒီအထဲမှာ ဆိုရင်လည်း နှစ်ရှည်ထောင်ဒဏ်တွေ အဖြစ် ထောင်ဒဏ် ၆၅ နှစ် အထိ ချမှတ်ခဲ့တာဖြစ်သလို နောက်ထပ် စွပ်စွဲချက်တွေနဲ့လည်း ရင်ဆိုင်နေရဆဲ ဖြစ်တာမို့ ဒီထက်ပို ပြစ်ဒဏ်တွေ များနိုင်စရာ လည်း ရှိနေပါတယ်ခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG