သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတရား ထောင်ဒဏ်နှစ်ရှည်များ ချမှတ်ခြင်းဟာ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်ရာရောက်ဟု ဥပဒေပညာရှင်များ ဝေဖန်


မြန်မာနိုင်ငံမှာ နိုင်ငံရေး အတိုက်အခံတွေကို မညှာမတာ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့တဲ့ တရားသူကြီးတွေနဲ့ တရားသူကြီးချုပ် ဦးအောင်တိုးတို့ဟာ နိုင်ငံတကာ တရားသူကြီးတွေ လိုက်နာရမယ့် စည်းမျဉ်းတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်ပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်တာကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး ICC ကနေ သူတို့ကို အရေးယူရမယ်လို့ ဥပဒေ ပညာရှင်တွေက ဆိုပါတယ်။ မြန်မာနိုင်ငံကိစ္စ ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံးမှာ တရားကြားနာဖို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေနဲ့ ဆုံးဖြတ်ပေးဖို့ အမေရိကန် အမေရိကန် အခြေစိုက် ဥပဒေ ပညာရှင်များ အဖွဲ့ဖြစ်တဲ့ Global Justice Center နဲ့ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီတို့က ပူးတွဲ ပြီးတော့ ဒီနေ့ ထုတ်ပြန်တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံရှေ့နေများ ကောင်စီ အတွင်းရေးမှူး ဦးအောင်ထူးကို ဦးသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ဘယ်လို အထောက်အထားတွေကြောင့်များ အခုလို ICCကို တင်ဖို့ အခြေအနေထိ ဖြစ်လာတာလဲခင်ဗျာ။

နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားဥပဒေ ပုဒ်မ ၇ ၁ င ဟာ လူသား ဖြစ်မှုကို ဆန့်ကျင်ကျူးလွန်တဲ့ ပြစ်မှုရဲ့ ဥပဒေ အောက်မှာ ပြဌာန်းချက်တခုပါတယ်။ နိုင်ငံတကာ ဥပဒေ အခြေခံများကို ချိုးဖောက် ဆန့်ကျင်ပြီးတော့ သက်ဆိုင်ရာ နိုင်ငံထဲမှာ ရှိတဲ့ နိုင်ငံသားတွေရဲ့ အခြေခံ လွတ်လပ်ခွင့်ကို တရားရုံးတွေက ကာကွယ် စောင့်ရှောက်ပေးချင်း မရှိတော့ဘူး၊ ကာကွယ် စောင့်ရှောက် ပေးနိုင်စွမ်းမရှိတော့ဘူး၊ ကာကွယ် စောင့်ရှောက်ပေးဖို့ ဆန္ဒမရှိတော့ဘူးဆိုတဲ့ အချက်အလက်တွေ ပေါ်လွင်လာတဲ့အခါ အဲလိုအရေးယူနိုင်တယ်လို့ အဲဒီ ဥပဒေရဲ့ အခြေခံက ဆိုလိုခြင်းဖြစ်တယ်။ မြန်မာနိုင်ငံထဲမှာ ရှိတဲ့ တရားစီရင် စနစ်ဟာ သက်ဆိုင်ရာ နိုင်ငံသားတွေရဲ့ အခြေခံလွတ်လပ်ခွင့်မှုတွေကို ကာကွယ် စောင့်ရှောက်ပေးချင်း မရှိတဲ့အပြင်ကို သူတို့ကိုယ်တိုင်က ဖိနှိပ်ရေး ကိရိယာတခုအဖြစ်နဲ့ ထင်ထင်ရှားရှား အသုံးချခံလာရတယ်ဆိုတဲ့အချက်က အငြင်းမပွားတော့ဘူးဆိုတာ တွေ့ရတယ်။ ဒါကြောင့် ဒီကိစ္စကို တိုးတက် ကောင်းမွန်အောင် လုပ်မယ်ဆိုရင် အခြားနည်း လုံးဝမရှိတော့ဘူး နိုင်ငံတကာက ပြစ်မှုဆိုင်ရာ ဥပဒေအရသာလျင် အရေးယူဆောင်ရွက် နိုင်စွမ်းရှိတယ်။ အဲဒီလို အရေးယူ ဆောင်ရွက်နိုင်မယ့် ပုဂ္ဂိုလ်ကလည်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကပဲ ဖြစ်တယ်၊ သူမှာလည်း တာဝန်ရှိတယ်ထင်လို့ ကျွန်တော်တို့ တင်ပြရခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ICCမှာ လက်မှတ်ရေးထိုးထားခြင်းမရှိပါဘူး။ လုံခြုံရေးကောင်စီမှာ တင်တိုင်းလည်း မြန်မာကိစ္စမျိုးက အင်အားကြီး နိုင်ငံတချို့ရဲ့ ပယ်ချတာတွေ ခံနေရတာဖြစ်တဲ့အတွက် တကယ်တမ်း ICCကို တင်နိုင်ဖို့ အလားအလာ ရှိတယ် ထင်ပါသလား။

အရင်တုန်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ကြိုးစား တင်သွင်းတဲ့ အပိုင်းတွေမှာ နိုင်ငံရေး သိပ်ဆန်သွားတယ်။ ကျွန်တော်တို့ တင်ပြတာက နိုင်ငံတကာ ဥပဒေ အခြေခံအဖြစ် ကုလသမဂ္ဂ ပဋိဉာဏ် စာတမ်း အခန်း ၇မှာ ပါတဲ့ ပြဌာန်း ချက်ကို သွားစရာမလိုတော့ဘူး။ နိုင်ငံထဲမှာ ရှိတဲ့ ပြစ်မှုရဲ့ ပမာဏက ကြီးသွားပြီး၊ သက်ဆိုင်ရာ တိုင်းပြည်ရဲ့ တရား စီရင်ရေး စနစ်က အရေးယူ ဆောင်ရွက်နိုင်စွမ်းမရှိတော့တဲ့အခါမှာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက အရေးယူ ဆောင်ရွက်လို့ ရတယ်၊ ဆောင်ရွက်သင့်တယ်ဆိုတဲ့ သာဓက မှုခင်းတွေ ရှိပါတယ်။ တရုတ်ပြည် ကိုယ်တိုင်က ဥပဒေ စိုးမိုးမှုအခြေခံကို ပြန်ပြောင်းတည်ဆောက်ပြီးတော့ ဒီနေ့ တိုးတက် ဖြစ်ထွန်းသွားတာ။ ဒါကြောင့် ဖြစ်နိုင်ချေ ရှိတယ်လို့ တွက်ပါတယ်။

ဒီနေ့ ကြေညာချက်ထဲမှာ တရားသူကြီးချုပ် ဦးအောင်တိုး အပါအဝင် တရားသူကြီး ၇ ဦးဟာ မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ အဓိက လုပ်ခဲ့သူတွေလို့ ဖော်ပြပြီးတော့ ICCမှာ သူတို့ကို တင်ဖို့လည်း ဖော်ပြတယ်ခင်ဗျ။ လက်ရှိ မြန်မာနိုင်ငံမှာ တရားမျှတစွာ အုပ်ချုပ်မှုမရှိဘူး။ အုပ်ချုပ်ရေးပိုင်းက တရားဥပဒေပိုင်းကို ဝင်ရောက် စွက်ဖက် နေတော့ ဒီလို လူမျိုးတွေကိုရော အပြစ်တင်လို့ ရပါ့မလား။

ဒီလို လူမျိုးတွေကို ဒီနေ့အချိန်မှာ ရာနှုန်းပြည့်ကို အရေးယူနိုင်ဖို့ ကြိုးစားရမှာဖြစ်တယ်။ အထူးသဖြင့် ဦးအောင်တိုး ဦးဆောင်တဲ့ ပြီး ဒီလို ပြစ်မှုကြီးတွေမှာ အာဏာပိုင်တွေ အလိုကျ ရက်ရက်စက်စက် လုံးဝမမျှတတဲ့ ပြစ်ဒဏ်ကြီးတွေ ချတာဟာ ပြည်တွင်း ဥပဒေကိုလည်း ချိုးဖောက်တယ်။ ဦးအောင်တိုး ကိုယ်တိုင် ၁၉၉၅ မှာ ကျင်းပခဲ့တဲ့ ဘေဂျင်း ကွန်ဖရန့်မှာ တရားစီရင်မှုဆိုင်ရာ အခြေခံမူများကို တခြား တရားသူကြီးချုပ် ၂၀လောက်နဲ့ အတူတူ လက်မှတ် ရေးထိုးခဲ့တာ၊ အဲဒီထဲမှာ တရားစီရင် လွတ်လပ်မှု၊ ဥပဒေ စိုးမိုးမှု အခြေခံကို ဖော်ဆောင်ဖို့၊ နိုင်ငံသားတွေ လွတ်လပ်ခွင့်ကို ကာကွယ် စောင့်ရှောက်မှုတွေ အပြည့်အဝပါတယ်။ အဲဒါကို ဦးအောင်တိုး ဦးဆောင်ပြီးတော့ ချိုးဖောက်တယ်။ ဟစ်တလာ လုပ်ခဲ့တဲ့ တရားခွင်တွေ၊ ဆန္ဒန်ဟူစိန် လက်ထပ်မှာ အတိုက်အခံတွေကို လက်ရှိတရားစီရင်ရေး စနစ်ကို သုံးပြီးတော့ ပြစ်ဒဏ်မတန်တဆတွေ စီရင်တာဟာ ပြစ်မှုပဲဆိုတဲ့ သုံးသပ်ချက်တွေ နိုင်ငံသားဥပဒေက ထွက်လာတယ်။ ဒီနေ့ ဦးအောင်တိုးတို့ သွားနေတဲ့ လမ်းကြောင်းကလည်း အဲဒီလိုပဲဖြစ်တယ်။ တရားစီရင်ရေး ဥပဒေ စနစ်ကို ဖိနှိပ် ယန္တရားအဖြစ် အသုံးချခံရတဲ့ အခါမှာ သူတို့ ကိုယ်တိုင်က တက်တက်ကြွကြွ ဦးဆောင်ပါဝင်နေတာ ဖြစ်တယ်။ ဒါကြောင့် သူတို့ကိုပါ အရေးယူ သင့်တယ်လို့ ကျွန်တော်တို့က ပထမဦးဆုံး အကြိမ်ထောက်ပြ တင်ပြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG